Saturday, March 21, 2009

ကြပ်ပြေးနေပြည်တော်က ဥပ္ပါတသန္တိရဲ့ သံပေါက်

စွာကျယ်

ရန်ကုန် ဆိုတာ ဟိုတုန်းက နယ်ချဲ့တွေရုံး စိုက်ခဲ့တာ၊ နယ်ချဲ့ ဆိုတာ ငါတို့ရဲ့ ရန်သူ၊ ရန်သူရုံး စိုက်ခဲ့တဲ့ နေရာကြာ ပြီမို့ ငါဘုရင် စံရာ ကို ငါကိုယ်တိုင် ပြောင်းရွှေ့တည်ဆောက်၊ နန်းစံမယ်လို့ စိတ်ကူး နဲ့အခုတော့ ကြပ်ပြေး နေပြည်တော်ကြီး။

ဒင်းတို့ ပြောသလို စစ်ဗျူဟာအရ မြန်မာ့ခါး လယ်မှာ အချက်အချာ ကျတဲ့နေရာ၊ ကုန်းတွင်းပိုင်း တောင်ကုန်း လိုလို၊ လျှိုလိုလို တွေနဲ့ ပုန်းကွယ်စရာ တွေအဖုံဖုံ အခြေအနေကို အခြေခံပြီး ဆောက်ခဲ့တဲ့ ကြပ်ပြေး နေပြည်တော်ကြီး။

ရန်ကုန်လို ဆယ်မိနစ် အတွင်း မရိမ်း ကမ်းတက်တပ်လဲ ဘယ်မှာ ကမ်းလာ တက်နိုင်မှာ လဲလို့ တွေးပြီး အကြောက်ဗျူဟာနဲ့ ဆောက်ယူ ခဲ့တာ။ ကုန်တဲ့ ငွေတွေ၊ သုံးတဲ့ စရိတ်တွေ မီလီယမ်၊ ဘီလီယမ်၊ ထရီလီယမ် ကုန်ပစေ၊ ငါတို့ တသိုက် အကြိုက်ရရင်၊ ငမိုက်ဇာတ်ခင်း လို့ရပြီ လို့ပဲ တွက်ခဲ့သလား။

ရန်ကုန်က ဝန်မင်းကြီးရုံးတွေ၊ ရုံးချုပ်ဆိုတဲ့ အာဏာလက်ဝါးကြီးအုပ်ထားတဲ့ အုပ်ချုပ်ရေးရုံးတွေ၊ ဝန်မင်းလေးတွေ၊ အဘလေးတွေပါ တယောက်မကျန် ကြပ်ပြေးကို ရောက်ကြပြီ။ ကွန်ကရစ်လမ်းကျယ်ကြီးတွေ ဖောက်ပေးထားလို့ ဟိုနား၊ ဒီနား ကားလေးငါးစီးသုံးပြီး ရုံးတက်နေကြပြီ။ ဘယ်လောက်အရေးကြီးကြီး၊ အရေးမကြီးကြီး၊ ကြပ်ပြေးကိုမလာလို့မပြီးဘူး။ ရန်ကုန်လိုအဝေးကနေ ဒီကိုလာကြရမှာ။

ငါတို့ရဲ့အာဏာစက်ကွင်း၊ ပါဝါညွှတ်ကွင်းက ဒီကြပ်ပြေးနေပြည်တော်မှာ သက်ရောက်နေလို့ ဒီစက်ကွင်းကို မလာလို့ကတော့ ဘာကိစ္စမှမပြီးနိုင်ဘူးဆိုတာ မြဲမြဲမှတ်ထားလို့ပြောသလို၊ ဝန်မင်းကြီးဌာနတွေဆီ မလာလို့ မပြီးအောင် လုပ်ထားတဲ့ နည်းစနစ်ကြောင့် လူတွေ ငြီးညစ်နေကြရတယ်။

ရွှေ့စရာအကုန်ရွှေ့၊ ပြောင်းစရာတွေ အကုန်ပြောင်းရမယ်။ ရန်ကုန်ကိုတွယ်တာနေတဲ့စိတ်တွေ ဖျောက်ပစ်ရ မယ်လို့ လွန်ခဲ့တဲ့တနှစ်ကျော်က ဝန်မင်းချုပ်ကြီးက ပြောခဲ့တာ မမှတ်မိဘူးလား။ ရန်ကုန်က ရွှေ့စရာတွေထဲမှာ ဟို ရွှေတိဂုံဘုရားကြီးလည်း ရွှေ့ချင်စိတ် ဒင်းတို့တတွေမှာ ရှိခဲ့လေမလား၊ ရွှေ့ဖို့လွယ်မလားလို့ မစဉ်းစားဘူး ဆိုတာ မယုံခဲ့ဘူး။

ရွှေ့မရတော့ ငါတို့လို ဘုန်းမီးနေလတောက်ပတဲ့ မင်းနေပြည်မှာ တန်ခိုးကြီး စေတီတဆူကလည်း လိုသေးတာမို့ ရန်ကုန်က ရွှေတိဂုံနဲ့ ကမ္ဘာအေးစေတီ ဒီနှစ်ဆူရဲ့ဒီဇိုင်း၊ ကွန်ဘိုင်း(Combine) လုပ်ပြီး ဥပ္ပါတသန္တိစေတီ အမြန်တည်ဆောက်စေ။ စစ်ထောက်ချုပ်ရုံးက လွန်ခဲ့တဲ့ (၃-၄) နှစ်က တည်ခဲ့တာ။

ဘုရားကြီးရဲ့အခြေခံ အဆောက်အအုံကို မကွေးကုမ္ပဏီ၊ ညောင်ရမ်းကုမ္ပဏီနဲ့ Summit ဆောက်လုပ်ရေးတွေက တာဝန်ယူကြ။ ဓာတ်လှေကားတွေကို OTIS ကုမ္ပဏီ၊ စောင်းတန်းတွေကိုတော့ ရွှေဗမာဆောက်လုပ်ရေးက ဆောက်ကြ။

စစ်ထောက်ချုပ်ရုံးကတဆင့် လုပ်ကြ၊ ကိုင်ကြ၊ နေ့စဉ်ပြီးသမျှ ဘုရားလုပ်ငန်းတိုးတက်မှုကို ကက (ယာ)သို့ နေ့စဉ် (၁၄းဝဝ) နာရီအရောက်သတင်းပို့၊ ကက(ယာ)က အကြပ်၊ တပ်သား၊ ဗိုလ်လေး၊ ဗိုလ်မှူးတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ စကားပြောစက်တွေ ခါးထိုးပြီး၊ ဘုရားရင်ပြင်တော်အဆင့်ဆင့်မှာ တရုန်းရုန်းနဲ့ ဆောက်ခဲ့တာ၊ အချောသတ်၊ အပြီးသတ်လုပ်ငန်းတွေ၊ အနုစိတ်လုပ်ငန်းတွေ၊ ရွှေပြားရွှေသင်္ကန်း ကပ်ရမယ့် လုပ်ငန်းတွေ၊ ငှက်ပျောဖူး၊ ကြာမှောက်၊ ကြာလန်၊ ရွဲမှာတင် ရွှေအချိန် (၁၃၈.၄၃) ပိဿာနဲ့ ကြေးတန်ချိန် (၉.၆၂) ကျန်သေးပေမယ့် ၁၃၇ဝ ပြည့် တပေါင်းလဆန်း (၁၂) ရက်ကနေ လပြည့်နေ့အထိ ဌာပနာပိတ်ပွဲ၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်ပွဲနဲ့ ဘုရားနေကဇာတင်ပွဲ ဆင်နွှဲစေ။

ထုံးစံအတိုင်း ကြပ်ပြေးနေပြည်တော်တိုင်းက မင်းတို့အားလုံး ရင်ပြင်တော်မှာ မနက်လေးနာရီ နေရာယူ၊ ငါတို့က မင်္ဂလာအချိန်ကျမှ လာမယ်၊ ဘာမှခင်းပေးမထားတဲ့ ရင်ပြင်တော်ပတ်ချာလည် ကျောက်ပြားအေးစက်စက်မှာ မင်းတို့ထိုင်ကြ၊ မြောက်ဘက်က ရင်ပြင်အချို့နေရာမှာ ဘာကျောက်ပြားမှမရှိသေးလို့ သဲတရှပ်ရှပ်။

အပေါ်ကတိုက်တဲ့ လေအေးက ပါးအေး၊ နားအေးလို့ မခံနိုင်။ အနွေးအင်္ကျီဝတ်မလာရဘူးဆိုတဲ့ အမိန့်ကြောင့် ကုန်းပေါ်မှာ နေ့ပူညချမ်း တပေါင်းလသရမ်းရဲ့ အအေးက မနက်အစော လေးနာရီထဲက ဆီးကြိုနေခဲ့လို့ ထိုင်သူထိုင်၊ မှိုင်သူမှိုင်၊ ငိုက်သူငိုက်၊ ကုန်းသူကုန်း၊ ကွသူကွနဲ့ ခွကျကျ။

ဘုရား လှိုဏ်ဂူထဲမှာတော့ ကျောက်စိမ်းရောင် ပွတ်လုံး တိုင်ကြီးတွေနဲ့ မီးထိန်ထိန်ညီး တဲ့ အောက်က အစိမ်းရောင် ကော်ဇောကြီး တွေပေါ် မှာက ဒင်းတို့ တတွေက ဟောလီးဝုဒ် ဇာတ်လိုက် တွေလိုလို။

ငါတို့လျှောက်ဖို့ သီးသန့်ဘုရားပတ်လည်မှာ ရာဇမတ်ကွက်တွေက ဘုရားတပတ်ပတ်မယ့်နေရာနဲ့ ဓာတ်လှေခါးစောင်းတန်းတွေဆီ သွားရာလမ်းတွေ ချန်ထားပြီး ကာရံထား။ ဓာတ်ရိုက်ဓာတ်ဆင် ငှက်ပျောပင်နဲ့ ကြံပင်၊ တပင်စီထူပြီး ဘာအမြင်နဲ့ဓာတ်ယူ စိုက်ထူထားပါလိမ့်။ ရွှေရောင်၊ ငွေရောင်၊ အဖြူရောင်၊ အစိမ်းရောင်၊ တံခွန်လုံးတွေကို တိုင်ထူပြီး ချိတ်ထားလို့ လေအေးထဲမှာ တလွင့်လွင့်နဲ့ လေဟုန်စီးနေဟန်။

မကြာမီမင်္ဂလာ အခါတော် ကျရောက်မှာမို့ ဒီအစီအစဉ်မှာ“ဤရာဇဌာနီ၊ မင်းနေပြည်” ကြီးလို့ ကြေညာလိုက်တဲ့ အသံကြောင့် ရင်ပြင်တော်မှာ (၃) နာရီလောက် လေစိမ်းတိုက် အအေးခံနေရသူတွေထဲက ထိုင်နေသူ၊ မှိုင်နေသူများနဲ့ ငိုက်နေသူများပါ လန့်နိုးသွားကြပြီး ဟာကနဲ ပြိုင်တူထွက်သွားတဲ့အသံ။

လှိုဏ်ဂူထဲက မကြားပေမယ့် ဒင်းတို့ရဲ့လှိုဏ်ဂူထဲက ကြည်ညိုပူဇော်အယူတော်မင်္ဂလာ အခမ်းအနား လှုပ်ရှားတာကို ကျုပ်တို့မြင်ရအောင် ရင်ပြင်တော်ပတ်ချာလည်မှာ ဆယ်ပေပတ်လည် Screen ကြီးတွေနဲ့ ထောင်ပြထားလို့ မမြင်ချင်အဆုံး ဘဝင်တွေပြုံးစေသတဲ့။

မင်္ဂလာအချိန် မနက် (၇) နာရီ (၂ဝ) မှာ နမောတဿ သုံးကြိမ်ပူဇော်ကန်တော့ကြပြီး မိုက်ခဲဦးထွန်းရွှေက မိုက်ကိုခဲပြီး ငြိမ့်ညောင်းတဲ့ စောင်းသံနဲ့အတူ ဗုဒ္ဓရောင်ခြည်ဘွဲ့ “ထူးမခြားနား” နဲ့ ပူဇော်လိုက်တဲ့အခါ ဟာ လာပြန်ပြီ။ ရင်ပြင်တော်က ကျုပ်တို့ ပရိသတ်ကြီး ကလဲ “ထူမခြားနား” လို့ ကြား လိုက်တာနဲ့ ဟားကနဲ အသံတွေ ခပ်သိမ့်သိမ့် ထွက်လာတာ၊ ပြောနေကျ စကား ထူးမခြားနားဘဲ မဟုတ်လား။

မီးရေစုံ လို့ဆိုတဲ့စာသား ဆက်ပြီးကြားတော့ တပြည်လုံးမီးတွေ ဖြတ်ထားပြီး၊ ဘုရားကြီးထိန်ထိန်ညီးအောင် ထွန်းညှိထားတာ၊ မီးရေ စုံတာပေါ့လို့ ရင်ထဲကမြုံစိစိ၊ မျက်နှာတွေကပြုံးစိစိနဲ့ အားလုံးသိနေကြပြီ၊ ဘုရားကြီး ကို ပွဲတော်စတင်လိုက်တဲ့ သဘောပါပဲ။

တပေါင်းလပြည့်နေ့မှာ ရန်ကုန်ကမ္ဘာအေးဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီး၊ စာအောင်သံဃာတော်တွေကို အောင်လက်မှတ်ကပ်လှူပွဲတွေပါ ထပ်ပြီး ဒီနေရာမှာ ပြီးအောင်လုပ်လိုက်ပြီ။

ဒီပွဲတော်ကြီးကို မင်းတို့တတွေ မလာမနေရ၊ လာကြလာကြ၊ မင်းတို့တွေရော၊ တောရောမြို့ရော မကျန်စေရ၊ ငါတို့လုပ်ပြတာ လာကြည့်ကြ။ ငါတို့အလှူတော်သာဓုခေါ်၊ ငါတို့ကဘုရား ဒါယကာ၊ ဒါယိကာမတွေမို့။ မင်းတို့က ဒီမှာထိုင်၊ ဒီလိုအပြာရောင်စေတီပုံပါတဲ့ စတေကာ (Sticker) အဝိုင်းကို ရင်ဘတ်ကပ်လာခဲ့ကြ၊ တောကမြို့ကဆိုသူတွေက အစိမ်းရောင်စတေကာ၊ မင်းတို့ကိုမယုံလို့မဟုတ်ဘူး၊ လုံခြုံရေးသဘောအရပါ။

ဒုတိယနေ့ကျတော့ စေတီပုံပါတဲ့ စတေကာက တြိဂံပုံပြောင်းလိုက်နဲ့တဖုံ စုံနေအောင်လာကြ၊ လာတဲ့လူတွေကို စစ်ကြ ဆေးကြပြီးမှ၊ မပြီးသေးတဲ့မြောက်မုခ် လှေခါးအကြမ်းတွေကနေ တိုးတက်ကြ၊ တိုးဆင်းကြ၊ ငါတို့ကတော့ ရွှေကရိန်းမည်သာ မင်္ဂလာစက်ယန္တရားနဲ့ တပ်ဆင်ထားတဲ့ ဓာတ်တော်လှေခါးနဲ့ ရွှေဖဝါးတော်မပွန်းစေနဲ့၊မင်္ဂလာ အစီအစဉ် အတိုင်း ကိုးပါးသီလခံကြ၊ ဆရာတော်ကြီးတွေက ရွတ်စရာ ဖတ်စရာတွေ ရွတ်ကြ၊ ဖတ်ကြ၊ ဟောစရာဟော၊ လှူစရာတွေလှူကြပြီး၊ Screen ကြီးမှာ ပြနေတာကို ကြည့်ကြရ၊ ထိုင်ရတာ၊ လေးနာရီကျော် ကြာညောင်းလို့ အချို့ကလည်း မတ်တပ်ရပ်ပြီ။ လှိုဏ်ဂူထဲကနေ၊ ရှေ့နောက်ကြီးစဉ်ငယ်လိုက် ထွက်လာကြတဲ့ ဘုရားဒါယကာ၊ ဒါယိကာမတွေ၊ ရာဇမတ်ကွက် ကာရံထားတဲ့လမ်းအတိုင်း တပတ်ပတ်တော့မှ ရဟတ်ယာဉ်ကြီး ကြီးက တဒုတ်ဒုတ်နဲ့ ပျံဝဲလာပြီး အပေါ်စီးကရောက်လာ၊ တီဗွီရိုက်ချိန်မှာ သေနတ်တိုထောင်ပြီး အသင့်ကိုင်ထား၊ ပြောက်ကျားဝတ်စုံနဲ့ ကွန်မင်ဒိုအချို့က လှိုဏ်ဂူထဲကနေ အပြင်ထွက်နေရာယူပြီ။ အိုဘားမား ကျမ်းကျန်ပွဲလား ဘုရားထီးတင်ပွဲလား အထင်မှားစရာပ။

နောက်ဆုံးနေ့ကျတော့ ငါးလွှတ်ပွဲ၊ ငါးအပြင် လိပ်ပါလွှတ်ပြတာ ဘာသဘောလဲ။ ငါမပြောဘဲနဲ့သိနေတာ၊
တွေ့လား ပွဲတော်လာပရိသတ်တွေ အံ့မခန်း။ ဒီညတီဗွီသတင်းမှာ ပြပြီဟေ့။ ၂ဝ၁ဝ မတိုင်မီ ဘာသာရေး ခုတုံးလုပ်ပြီး အမြတ်ထုတ်တဲ့ပွဲကြီးမှန်း သိလို့။ ဒီလိုသတင်းတွေကြည့်သူကရှား၊ ကိုရီးယားဇာတ်လမ်းတွေသာ အားထားတာ မဆန်းဘူး။

တကယ်တော့ ဘုရားကြီးကိုယ်ထည်အပေါ် တက်ရမယ့် ယာယီဝါးလှေခါး အဆင့်ဆင့်ကို ဝါးငြမ်းတွေ ပြွတ်သိပ်အောင်လုပ်ပြီး ကာရံထားတော့ ဘုရားကြီးအပြီးသတ်ဖို့ အဝေးကြီးလိုသေးသကို ဆိုတာ လူတကာတွေ မသိရအောင် ငြမ်းတွေနဲ့ ထောင်ကာထားတာပါလား။

ဥပ္ပါတသန္တိဆိုတာ စစ်မက်ဘေးဥပါဒ်ကင်းဝေးအောင် ဆောင်တဲ့အဓိပ္ပာယ်ဆိုတာ သိကြမှာပ။

ကြပ်ပြေးနေပြည်တော်ကြီးကို စစ်မက်ဘေးဥပါဒ်ကင်းဝေးစေ။ ဘုရားဖက်တော့ အသက်ရှည်ဆိုရိုးနဲ့လည်းညီစေ။ လှိုဏ်ဂေါင်းလှိုဏ်ဂူ တူးသူတွေပီပီ ဒီဘုရားကြီးမှာလည်း အတွင်းက လှိုဏ်ဂူနဲ့ပြီးစေ။

ရန်ကုန်ဆိုတာ ဟိုးအရင်က နယ်ချဲ့တွေရုံးစိုက်ရာ စံဌာနီ။ အခုငါတို့အုပ်ချုပ်မင်းလုပ်တဲ့ ဒီကြပ်ပြေး နေပြည်တော်ကို ရာဇဌာနီမင်းနေပြည်လို့ အခုလိုတရားဝင် ငါတို့က ရင့်ကျူးလိုက်ပြီ။ ဒီနေရာ အသေအချာ မှတ်ထား၊ စစ်မက်ဘေးဥပါဒ်ကင်းစေတဲ့ဗျား။ ဒီစေတီဘုရားကြီးရဲ့ ဌာပနာပိတ်ပွဲ၊ စိန်ဖူးတော် ငှက်မြတ်နားတော် တင်ပွဲနဲ့ ဘုရားနေကဇာတင်ရာမှာ ရင့်ကျူးသီဆိုတဲ့ ဗုဒ္ဓရောင်ခြည်ဘွဲ့ကလည်း “ထူးမခြားနား”၊ တပြည်လုံးက လျှပ်စစ်ဓာတ်အား မဟာလှိုင်းက ဓာတ်အားတွေ ဒီမှာစုစေတော့ မီးရေစုံစေတဲ့ဗျား။

ဒီဘုရားကြီးတည်ပြီးပြီ ဆိုတော့…
ဥပ္ပါတသန္တိထိန်ထိန်ညီး၊ ရန်မီးငြိမ်းလတ္တံ့။
ဘုရားပွဲကြီးလာစေသတည်း၊ လူများအုံးအုံးကြွ။
လာတဲ့လူသား ပြည်သူများ ကြည်ဖြူသွားပြီမှတ်။
ဘုရားပွဲကြီးခြိမ့်ခြိမ့်ညီး အောင်ပွဲဆင်ပြီမှတ်။
ထူးမခြားနား သီဆိုသွား နာကြားသိပြီမှတ်။
၂ဝ၁ဝ ထဲ ရွေးကောက်ပွဲ သဘောပေါက်ပြီမှတ်။

No comments: