အောင်ကျော်ခင် (ဝေဖန်သုံးသပ်ချက်)
တရုတ် - အာဆီယံ ကုန်သွယ်ရေး တိုးတက် နေတယ်ဆိုတဲ့ သတင်းကို အမြဲတမ်း ကြားနေ ရတယ်။ ၂၀၀၆ မှာ ဒေါ်လာ သန်းပေါင်း (၁၆၁,၀၀၀) ရှိတယ်လို့ (IMF) အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့က ဆိုတယ်။ ဂရုစိုက် လေ့လာရင် အရှေ့တောင် အာရှ တရုတ် တွေနဲ့ တရုတ်ပြည် အကြား ကုန်သွယ်မှု တိုးပွား လာတာ တွေ့ရတယ်။ တရုတ်ဟာ စင်ကာပူ မှာသာ နိုင်ငံရေး နဲ့ စီးပွားရေး အင်အား တောင့်တင်း တာပါ။
ကျန်ဒေသတွေမှာတော့ ဒေသခံအာဏာပိုင်ကို လာဘ်ထိုးပြီး စီးပွားရေးလုပ်ရတယ်။ ဒါပေမယ့် တရုတ်ရဲ့ ဓနဥစ္စာကို ဘယ်သူကမှ အာမခံတာမဟုတ်ဘူး။ ဒါကြောင့် ဒေသခံအာဏာပိုင် အနိုင်ကျင့်တာကို အချိန်မရွေးခံကြရတယ်။ ကိုးကန့်ကို ဗမာစစ်တပ်က၀င်တိုက်ပြီး တရုတ်ပိုင်ပစ္စည်းကို လုယက်တာ နောက်ဆုံးသာဓကပဲ။ ကိုးကန့်တရုတ်တွေ ချမ်းသာနေတာကိုသိလို့ အကြောင်းရှာပြီး ဗမာစစ်တပ်က ၀င်လုတာလည်း ဖြစ်နိုင်တယ်။
အရှေ့တောင်အာရှမှာ တရုတ်အနွယ်ဝင် (၂၅) သန်းလောက် ရှိတယ်လို့ ခန့်မှန်းတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀) ၀န်းကျင်က ရောက်လာတဲ့ တရုတ်တွေဟာ တရုတ်စကားမပြောတော့ပါဘူး။ အာဆီယံ (၁၀) နိုင်ငံမှာ စင်ကာပူကလွဲပြီး ကျန်နိုင်ငံတွေမှာ တရုတ်ဆန့်ကျင်ရေးလုပ်တာတွေရှိတယ်။ ရှေးတုန်းကလည်း တရုတ်ဟာ အနှိမ်ခံဘ၀က ရပ်တည်ခဲ့ရတယ်။ ဥပမာ အင်ဒိုနီးရှားနိုင်ငံ ဂျကားတားမြို့မှာ (၁၈) ရာစုနှစ်က စီးပွားရေးလုပ်တဲ့ တရုတ်တွေကို Dutch East India Company က ကျေးကျွန်သဘောမျိုးနဲ့ ဆက်ဆံတယ်။ ဒါကို မကျေနပ်လို့ ပုန်ကန်တဲ့အခါမှာ တရုတ် (၁) သောင်းလောက် အသတ်ခံလိုက်ရတယ်။
၁၉၆၅ မှာ အင်ဒိုနီးရှားကွန်မြူနစ်ပါတီက အာဏာသိမ်းဖို့ ကြံစည်တယ်ဆိုပြီး ဆူဟာတိုခေါင်းဆောင်တဲ့ စစ်တပ်က သတ်ဖြတ်တုန်းကလည်း တရုတ်တွေသိန်းချီပြီး သေဆုံးခဲ့ရတယ်။ မတရားသတ်ဖြတ်လုယက်နေတာကို ချမ်းသာတဲ့ တရုတ်တွေက မဟန့်တားနိုင်ဘူး။ တရုတ်တွေရဲ့ လုံခြုံရေးကို အင်ဒိုနီးရှားစစ်တပ်က လျစ်လျူရှုထားတယ်။ ဒါတွေနဲ့ ယှဉ်လိုက်ရင် ၁၉၆၇ ရန်ကုန်မှာဖြစ်ပွားတဲ့ တရုတ်-မြန်မာအရေးအခင်းနဲ့ မကြာမီကဖြစ်ပွားတဲ့ ကိုးကန့်ကိစ္စဟာ အသေးအမွှားလို ဖြစ်နေတယ်။
တရုတ်က ဒေသခံတွေထက် ပိုပြီးချမ်းသာနေတာကလည်း တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ဆွပေးသလိုဖြစ်နေတယ်။ ဒါကြောင့် ပြဿနာပေါ်ပြီဆိုရင် မကျေနပ်တဲ့လူထုဟာ အစိုးရဆန့်ကျင်ရေးမလုပ်ဘဲ တရုတ်ဆန့်ကျင်ရေးလုပ်လာအောင် အစိုးရကိုယ်တိုင်က လမ်းခင်းပေးလိုက်တာမျိုးတွေရှိတယ်။ ဒါကြောင့် နိုင်ငံခြားရောက်တရုတ်တွေရဲ့ သမိုင်းကြောင်းမှာ မတရားလုယက်သတ်ဖြတ်ခံရမှုနဲ့ နိုင်ငံပိုင်သိမ်းခံရမှုတွေကို မကြာခဏတွေ့ရတယ်။ လွန်ခဲ့တဲ့ အနှစ် (၃၀) အတွင်းမှာ စင်ကာပူနိုင်ငံကလွဲပြီး အရှေ့တောင်အာရှနိုင်ငံ အားလုံးလိုလိုမှာ တရုတ်ကို တမင်နှိမ်တာမျိုးရှိခဲ့တယ်။
၁၉၇၆ မှာ မော်ဇီဒုန်းသေဆုံးလို့ နိုင်ငံခြားကွန်မြူနစ်ကို ထောက်ခံအားပေးတာတွေ ရပ်ဆိုင်းလိုက်တော့မှာပဲ အရှေ့တောင်အာရှမှာ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှု ရပ်ဆိုင်းသွားတယ်။ မိမိတို့နေထိုင်ရာ တိုင်းပြည်ကို သစ္စာရှိကြဖို့ တရုတ်ကွန်မြူနစ်က သြ၀ါဒပေးတယ်။ ဒါပေမယ့် ဒန်ရှောင်ပင် အာဏာရလို့ ဈေးကွက်စနစ်ကျင့်သုံးတဲ့အခါမှာ နိုင်ငံခြားရောက် တရုတ်တွေကို ပြည်ချစ်ပုဂ္ဂိုလ်လို့ ကင်ပွန်းတပ်ပြီး အမိနိုင်ငံ တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံကြဖို့ စည်းရုံးလှုံ့ဆော်ပြန်တယ်။ နိုင်ငံခြားရောက်တရုတ်တွေ ရင်းနှီးမြှုပ်နှံလို့သာ တရုတ်ကွန်မြူနစ်ရဲ့ အရင်းရှင်ဈေးကွက်စနစ် အောင်မြင်တာလို့ ပြောကြတယ်။
အရင်ကတော့ တရုတ်ကွန်မြူနစ်ရဲ့ တို့မီးရှို့မီးလုပ်မှုကြောင့် နိုင်ငံခြားရောက်တရုတ်တွေ သိန်းချီပြီး သေဆုံးခဲ့ရတယ်။ အခုတခါ တရုတ်ကွန်မြူနစ်ရဲ့ ဈေးကွက်စနစ် အောင်မြင်အောင် နိုင်ငံခြားရောက် တရုတ်က ကူညီနေတယ်။ ဥပမာ တရုတ်-အင်ဒိုနီးရှားကုန်သွယ်ရေးမှာ အဓိကပါဝင်နေတာ အင်ဒိုနီးရှားတရုတ်ဖြစ်တယ်။ အင်ဒိုနီးရှားမှာ တရုတ် (၆) သန်းလောက်ရှိတယ်။ တိုင်းပြည်လူဦးရေရဲ့ (၂) ရာခိုင်နှုန်းသာရှိတယ်။ ဒါပေမယ့် လူဦးရေ (၂) ရာခိုင်နှုန်းက တိုင်းပြည်ရဲ့ဓနဥစ္စာ (၅၀) ရာခိုင်နှုန်းက (၇၅) ရာခိုင်နှုန်းအထိ ချုပ်ကိုင်ထားတယ်လို့ ခန့်မှန်းတယ်။
တရုတ်အများစုဟာ အင်ဒိုနီးရှားလူမျိုးလိုပဲ ဆင်းရဲတဲ့လုပ်ငန်းရှင်လေးတွေဖြစ်ပေမယ့် အချမ်းသာဆုံးပုဂ္ဂိုလ် (၂၀) မှာ (၁၅) ဦးက တရုတ်ဖြစ်နေတယ်။ နိုင်ငံရေး အဆက်အသွယ်ကောင်းလို့ ချမ်းသာကြတာပါပဲ။ ချမ်းသာပေမယ့် အင်ဒိုနီးရှားတရုတ်ကို နိုင်ငံရေးလောက၊ ပညာရေးလောကနဲ့ အစိုးရအမှုထမ်းလောကထဲ မ၀င်နိုင်အောင် အတားအဆီးတွေ လုပ်ထားတယ်။ အင်ဒိုနီးရှားအစိုးရဟာ ၁၉၉၀ ရောက်မှ တရုတ်ပြည်နဲ့ ပုံမှန်သံတမန်ဆက်သွယ်ရေး ပြန်လုပ်တာပါ။ အင်ဒိုနီးရှားတရုတ်တွေရဲ့ ရှေ့ရေးကို အဓိကထားပြီး တရုတ်အစိုးရဘက်က စေ့စပ်ဆွေးနွေးကြောင်း သိရတယ်။ ဒါတောင် အာဏာရှင်ဆူဟာတိုကို ကန့်ကွက်ဆန္ဒပြဖြုတ်ချတဲ့ ၁၉၉၈ ဆူပူအုံကြွမှုဟာ အင်ဒိုနီးရှားတရုတ်တွေဘက် လှည့်လာလို့ တရုတ် (၁,၀၀၀) လောက် သေဆုံးဖွယ်ရှိတယ်လို့ ခန့်မှန်းကြတယ်။ ၁၉၉၈ လူသတ်ပွဲကို တရုတ်ပြည်မှာ ကန့်ကွက်ရှုတ်ချတာတွေရှိပေမယ့် တရုတ်အစိုးရက နှုတ်ဆိတ်နေတယ်။
ဒီမိုကရေစီကျင့်သုံးတဲ့ အင်ဒိုနီးရှားမှာ ဥပဒေရေးရာပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်တဲ့အတွက် အင်ဒိုနီးရှားတရုတ်ဟာ တိုင်းရင်းအင်ဒိုနီးရှားနဲ့ တန်းတူရည်တူဖြစ်လာပါပြီ။ တရုတ်-အင်ဒိုနီးရှား ကုန်သွယ်ရေးဆိုတာ အင်ဒိုနီးရှားတရုတ်နဲ့ ပြည်ကြီးတရုတ်တို့ရဲ့ ကုန်သွယ်ရေးပါပဲ။ (၂) နိုင်ငံကုန်သွယ်ရေးမှာ (၉၀) ရာခိုင်နှုန်းဟာ အင်ဒိုနီးရှားတရုတ်ရဲ့ အစုရှယ်ယာပါတယ်။ (၂) နိုင်ငံကုန်သွယ်ရေးဟာ ၁၉၉၀ မှာ သုညသာရှိခဲ့ပေမယ့် (၁၅) နှစ်ကြာတဲ့အခါ ၂၀၀၆ မှာ ဒေါ်လာသန်း (၁၉,၀၀၀) ဖိုး ရှိလာတယ်။ တရုတ်ပြည်ထွက်ကုန်ပစ္စည်းတွေကို အင်ဒိုနီးရှားတရုတ်ဆိုင်ရှင်တွေက မှာယူတင်သွင်းပြီး ရောင်းချတာဖြစ်တယ်။
တရုတ်ပြည်ကို ကုန်တင်ပို့တဲ့လုပ်ငန်းနဲ့ အင်ဒိုနီးရှားက တရုတ်ရင်းနှီးမြှုပ်နှံမှုမှာ ဒေသခံတရုတ်က ကြီးစိုးနေတယ်။ မြန်မာပြည်လိုပဲ အင်ဒိုနီးရှားမှာလည်း သဘာဝသယံဇာတကို တရုတ်ပြည်ကို တင်ပို့နေတယ်။ ဆူဟာတို အာဏာရှင်ခေတ်မှာ ၀ိုင်းပယ်ခံရတဲ့ ဒေသခံတရုတ်ကုမ္ပဏီကြီးတွေဟာ တိုင်းရင်းအင်ဒိုနီးရှားကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ပြီး လုပ်ငန်းကန်ထရိုက်ရယူနိုင်တဲ့ အခြေအနေရောက်လာတယ်။ အခြေခံအဆောက်အအုံနဲ့ လောင်စာစွမ်းအင်လုပ်ငန်းမှာပဲ အစိုးရနဲ့နီးစပ်တဲ့ အင်ဒိုနီးရှားကုမ္ပဏီတွေ ကြီးစိုးတယ်။
ဒါပေမယ့် အင်ဒိုနီးရှားမှာ ရင်းနှီးမြှုပ်နှံမယ့် တရုတ်ကုမ္ပဏီတွေဟာ ဒေသခံတရုတ်နဲ့တိုင်ပင်ပြီး လုပ်ကြတဲ့အတွက် ကြားလူအဖြစ် အသုံးဝင်နေတာတွေ့ရတယ်။ ဒီလိုဒေသခံတရုတ်သာ မရှိဘူးဆိုရင် အင်ဒိုနီးရှားက တရုတ်ရင်းနှီးမှုဟာ အခုလောက် များမှာမဟုတ်ဘူးလို့ ယူဆကြတယ်။ ဒါကြောင့်လည်း ဒေသခံတရုတ်ဖြစ်တဲ့ Mari Elka Pungestu ကို အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး ခန့်ထားတာဖြစ်ပုံရတယ်။ တရုတ်ပြည်နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရာမှာ ဒေသခံတရုတ်အရေးပါပုံကို အင်ဒိုနီးရှားအစိုးရက သဘောပေါက်တဲ့အတွက် တရုတ်ဆန့်ကျင်ရေးမူတွေကို ရုပ်သိမ်းလာပါတယ်။ တရုတ်စီးပွားရေး တိုးတက်မှုရဲ့ အသီးအပွင့်ကို စားသုံးချင်ရင် ဒေသခံတရုတ်ကတဆင့်သာ စားသုံးနိုင်တာကို သိလာပုံရပါတယ်။
ဒါကြောင့်လည်း ၀န်ကြီးချုပ် ၀မ်ဂျာဘောင်းက နိုင်ငံခြားရောက်တရုတ်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အားသွန်ခွန်စိုက် ကာကွယ်မယ်လို့ ၂၀၀၅ က အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်။ တနည်းဆိုရင်တော့ နိုင်ငံခြားမှာ စီးပွားရှာနေတဲ့ တရုတ်ဘက်က ရပ်တည်တာဟာ တရုတ်အစိုးရလမ်းစဉ်ဖြစ်လာတာပါပဲ။ တချို့ကလည်း ဗြိတိသျှဓနသဟာယအဖွဲ့လို တရုတ်ဓနသဟာယအဖွဲ့မျိုး ပေါ်ပေါက်လာနိုင်ဖွယ် ရှိသလားလို့ ဆန်းစစ်ကြတယ်။
ဒါပေမယ့် နိုင်ငံခြားတရုတ်ရဲ့ စီးပွားရေးအင်အားကို နိုင်ငံရေးအင်အားအဖြစ် အသွင်ပြောင်းနိုင်တယ်လို့ ယတိပြတ်ပြောထားတဲ့ လေ့လာချက်မျိုးတော့ မရှိသေးဘူး။ ချမ်းသာတဲ့ နိုင်ငံခြားရောက် တရုတ်တွေရဲ့ ကွန်ချာအဆက်အသွယ်ကို တရုတ်စီးပွားရေးအင်ပါယာသဘောမျိုး တင်စားပြီး ရေးသားတာမျိုးသာရှိတယ်။ ဒါပေမယ့် နိုင်ငံခြားရောက် တရုတ်တွေဟာ သူတို့နေထိုင်ရာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဖြစ်စဉ်ကို လွှမ်းမိုးနိုင်စွမ်းရှိတယ်ဆိုတဲ့သဘောကို အရိပ်အမြွက်ဖော်ပြတယ်။
အရှေ့တောင်အာရှမှာ စီးပွားရေးကျပ်တည်းလာရင် ချမ်းသာတဲ့ တရုတ်တွေကို ဒေသခံတိုင်းရင်းသားတွေက ရန်လုပ်လာမယ့် အလားအလာရှိနေတုန်းပဲ။ တရုတ်အကျိုးစီးပွားကို ထိခိုက်လာရင် တရုတ်အစိုးရဟာ အရင်လိုငြိမ်နေလို့မရတော့ဘဲ အရေးယူဆောင်ရွက်ရမယ့် အခြေအနေကို ရောက်လာပါလိမ့်မယ်။
No comments:
Post a Comment