မေရနံ့
ကျမတို့ မြန်မာပြည်ဖွား တိုင်းရင်းသား လူမျိုးတိုင်းမှာ ကိုယ်စီကိုယ်စီ ရိုးရာ ယဉ်ကျေးမှုတွေ ဓလေ့ ထုံးတမ်းစဉ်လာတွေ ရှိကြပါတယ်။ ဒီလို တိုင်းရင်းသား လူမျိုးတိုင်းမှာရှိတဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတွေထဲကမှ ကျမ လွတ်မြောက်နယ်မြေကို ရောက်ပြီး နောက်ပိုင်းမှာ အကြီးကျယ်ဆုံး၊ အခမ်းအနားဆုံးအဖြစ်နဲ့ ကြုံတွေ့လိုက်ရတာကတော့ ကရင်နှစ်သစ်ကူး ပွဲတော်ပါပဲ။
ကရင်ဆိုတဲ့ စကားလုံးဖြစ်ပေါ်လာပုံကို ပါဠိကျမ်းစာများအရ ကိရာတသဒ္ဓါ၊ ကရသဒ္ဓါ ကရဏ္ဏကသဒ္ဓါတို့က ဆင်းသက်လာတဲ့ ဝေါဟာရပညတ် ဖြစ်တယ်လို့ လေ့လာခဲ့ရဖူးပါတယ်။
ကိရာတဆိုတဲ့ ပါဠိစကားမှ ကရဟုဖြစ်လာပြီး အဲဒီ ကရမှ တဖန် ကရင်ဆိုပြီး ရေးသားခေါ်ဝေါ်ကြတယ်လို့ ဆိုပါတယ်။ လက်ဖြင့် တောင်ယာခုတ်ခြင်း၊ စူးထိုးခြင်း စတဲ့ အမှုကို ပြုတတ်တဲ့အတွက်ကြာင့် ပါဠိဘာသာဖြင့် ကရလူမျိုးလို့ ခေါ်ကြရာမှ နောက်နောင် ကာလကြာမြင့်လာတဲ့အခါ ပါဠိပျက်ပြီး ကရင်လို့ ခေါ်ကြတယ်ဆိုပြီးလည်း ရှိပြန်ပါသေးတယ်။ တချို့လည်း ကရဏ္ဏကတိုင်းသား ဖြစ်သောကြောင့် ကရဏ်လို့ ခေါ်ကြရာက ကရင်ဖြစ်လာတယ်လို့ ဆိုကြပြန်တယ်။
ကျမတို့ ကရင်နှစ်သစ်ကူးပွဲကို ကြုံတွေ့ခဲ့ရတဲ့ နေရာက ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ နို့ဖိုးဒုက္ခသည်စခန်းမှာပါ။ ဒီနိုဖိုးဒုက္ခသည်စခန်းဆိုတာကလည်း ကရင်တွေအများစု ခိုလှုံနေကြတဲ့ ကရင်ဒုက္ခသည်စခန်းပါပဲ။ ဒီစခန်းကို ၁၉၉၇ ခုနှစ်က တည်ဆောက်ခဲ့ပြီး ကရင်တိုင်းရင်းသား ၈ ထောင်ကျော်လောက် စတင်ခိုလှုံခဲ့တဲ့ နေရာပါ။ အခုတော့ ဗမာ၊ ရခိုင်၊ ရှမ်၊ ချင်း၊ ကချင်၊ မွန်စတဲ့ တိုင်းရင်းသား ဒုက္ခသည်ပေါင်းစုံ စုရုံးရောက်ရှိလာခဲ့ကြပြီး လူဦးရေ တသောင်းငါးထောင် အထက်မှာ ရှိတယ်လို့ ဆိုကြပါတယ်။ ဒီလို တိုင်းရင်းသား လူမျိုးပေါင်းစုံ ရောက်ရှိလာပြီး ခိုလှုံနေကြတာဆိုတော့ ဒီတိုင်းရင်းသားတွေကို စုစည်းနိုင်ဖို့ စခန်းတွင်းမှာရှိတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ အဲဒီနောက် တိုင်းရင်းသားညီညွတ်မှု တည်ဆောက်ရေး ကော်မတီဆိုတာ ပေါ်ပေါက်လာပြီးတော့ တိုင်းရင်းသားပေါင်းစုံကို ဆိုင်ရာဆိုင်ရာ အမျိုးသား အသင်းများအလိုက် စုပေါင်းဆောင်ရွတ်နိုင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီလို တိုင်းရင်းသားအချင်းချင်း အပြန်အလှန် နားလည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ရလဒ်ကို ကရင်နှစ်သစ်ကူး ကာလမှာတော့ အဓိကအားဖြင့် အထင်အရှား တွေ့လာရပါတယ်။
ကရင်နှစ်သစ်ကူးပွဲဆိုတာ ကရင်တိုင်းရင်းသားတွေချည်း တန်ဖိုးထားဆင်နွဲကြတဲ့ပွဲလို့ သာမာန်အမြင်နဲ့ ဆိုလို့ရပေမယ့် ကျမတို့ နို့ဖိုးစခန်းမှာတော့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းပါဝင်ဆင်နွှဲကြတဲ့ ကရင်နှစ်သစ်ကူး ပွဲတော်ကြီးပါ။
ကရင့်ရိုးရာ နှစ်သစ်ကူး အချိန်အခါကျရောက်မယ့် ဒီဇင်ဘာလ ၁၆ ရက်မတိုင်ခင် တလလောက် အလိုကတည်းက နှစ်သစ်ကူး အကြိုဘောလုံးပြိုင်ပွဲတွေ ကျင်းပကြပါတယ်။ ကလပ်အသင်းပေါင်း ၃ဝ ကို အုပ်စုလိုက်ခွဲပြီး အုပ်စုပတ်လည်အဖြစ် ကစားကြတာပါ။
အဲဒီ ကလပ်အသင်းတွေဆိုတာကလည်း နို့ဖိုးဒုက္ခသည်စခန်းအတွင်းကပဲ တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ ကလပ်ထူထောင်ထားကြတာရှိသလို၊ စာသင်ကျောင်းတွေအနေနဲ့ ထူထောင်ထားတဲ့ အသင်းတွေလည်း ရှိပါတယ်။ ဒါ့အပြင် နို့ဖိုးစခန်းနဲ့ အနီးပတ်ဝန်းကျင်ရွာတွေဖြစ်တဲ့ ကွိတ၊ ကွိလထော၊ ပန်ခရိုင်၊ ကလော့ထော၊ ထီစောစီး၊ ဒေလော့ခီ၊ နို့ဖိုးရွာ စတဲ့ ကျေးရွာတွေက ဘောလုံးအသင်းတွေလည်း ပါဝင်ယှဉ်ပြိုင်ကြပါတယ်။ ဘောလုံးအသင်းပေါင်း ၃ဝ ကို တလလုံး ပတ်လည်အုပ်စု ပွဲစဉ်အနေနဲ့ ကျင်းပလာခဲ့တာ ကရင်နှစ်သစ်ကူးနေ့ ရောက်တော့မှ နောက်ဆုံးဗိုလ်လုပွဲအဖြစ် သတ်မှတ်ယှဉ်ပြိုင်ကြပါတော့တယ်။
ဘောလုံးဒိုင်တွေအဖြစ်လည်း တိုင်းရင်းသား ပေါင်းစုံထဲက ဝါသနာပါသူတွေကို ရွေးထုတ်ပြီး စည်းကြပ်ဒိုင်၊ ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူနိုင်ဖို့ သင်တန်းပေးပြီးမှ တာဝန်ယူကြီးကြပ်စေခဲ့တာပါ။
ဒီဘောလုံးသမားတွေ၊ ဘောလုံးဒိုင်တွေက ဒုက္ခသည်စခန်းမှာ မပြည့်စုံမှုတွေကို လျစ်လျူရှုပြီး ဝါသနာအရင်းခံအရ ကစားနေကြတာဖြစ်ပေမယ့် ရည်မှန်းချက်၊ မျှော်လင့်ချက်တွေက အတော်ကြီးကြီးမားမား ရှိကြပါတယ်။
ဘောလုံးဒိုင်အဖြစ် ပွဲစဉ်တလျှောက် တာဝန်ယူခဲ့ရတဲ့ ရခိုင်အမျိုးသား ကိုမိုးဇက်ကတော့ ''ကျနော်က ဒီနှစ်သစ်ကူး ကန်လာတဲ့ ပွဲစဉ်တလျှောက်မှာ စည်းကြပ်ဒိုင်အဖြစ် တာဝန်ယူရတာရှိသလို တချို့ပွဲစဉ်တွေကျတော့လည်း ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့ရတယ်။ ကျနော့်အတွေ့အကြုံအရ မြန်မာပြည်အနေနဲ့ နှိုင်းယှဉ်ပြီးပြောရရင် မြို့နယ်အဆင့်၊ တိုင်းအဆင့်က ကစားသမားတွေထက်တော့ ဒီပွဲစဉ်တလျှောက်မှာ ကစားကြတဲ့ ကစားသမား တော်တော်များများက ခြေပိုသွက်ကြတာ တွေ့ရတယ်ဗျ''
''သူတို့က ဒုက္ခသည်စခန်းထဲက ဖုန်ထူထူကွင်းထဲမှာTraining ဆင်းကြရတယ်ဆိုပေမယ့် ဝါသနာအရင်းခံနဲ့ တကယ်ကြိုးစားကြတာတွေတော့ တော်တော်ကောင်းကြတယ်။ ပြီးတော့ တခုအားသာတာက ပြည်တွင်းမှာကတည်းက မြို့နယ်၊ တိုင်း လက်ရွေးစင်အဆင့် ကစားခဲ့ဖူးသူတွေ ပါကြတယ်။ ဒါကြောင့် အားပေးတဲ့ ပရိသတ်လည်း မြင်တဲ့အတိုင်းပဲ အချိန်ပြည့် နည်းတာမှ မဟုတ်တာ''
''ပြီးတော့ သူတို့မှာ တတိယနိုင်ငံကို ရောက်သွားရင် ကစားသမားကောင်းတယောက် ဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်တွေလည်း ရှိပုံရတယ်။ ကျနော်တို့ ဒီစခန်းထဲက ထွက်သွားတဲ့ ကစားသမားတယောက်ဆိုရင် အမေရိကန်ကလပ် အသင်းတခုက ခေါ်ကစားနေလို့ တော်တော်တောင် အခြေအနေကောင်းပြီလို့ ပြောကြတယ်။ ဒါက တဆင့်ပြန်ကြားရတာပါ''
''စိတ်ခံစားမှုအနေနဲ့ကတော့ဗျာ - ကျနော်တို့က ဘာပဲဖြစ်ဖြစ် ဒီမှာဧည့်သည်တွေပဲလေ။ ကျနော်တို့ထက်စာရင် ဒီက ကရင်တိုင်းရင်းသားတွေက အိမ်ရှင်လို့ ဆိုရမှာပေါ့။။ အဲလိုတတိယနိုင်ငံကို မထွက်ခွာခင်ကာလမှာ ဒီလို အိမ်ရှင်ဖြစ်နေတဲ့ ကရင်တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပါဝင်ဆင်နွှဲရတာ တော်တော်စိတ်ကျေနပ်မှု ရှိပါတယ်။ ပင်ပန်းရကျိုးလည်း နပ်တယ်လို့ ပြောရမှာပဲ''
''ဒီက အားနည်းချက်၊ အားသာချက်တွေကို ဆိုရရင်ဗျာ - ကမ္ဘာ့အဆင့်လောက်နဲ့ နှိုင်းယှဉ်ရင်တော့ ကျနော်တို့ဆီမှာ နည်းစနစ်ပိုင်းအရ အားနည်းမှုရှိတယ်။ ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာအရလည်း လိုအပ်ချက်တွေ အရမ်းများနေတယ်။ ဒါပေမဲ့ ဘောလုံးကစားတဲ့ ပညာအရနဲ့ စိတ်ဓာတ်ရေးရာအရမှာတော့ ကစားသမား တော်တော်များများက အလွန်အားကောင်းမှု ရှိနေတာ တွေ့ရတယ်”
ဘောလုံးပြိုင်ပွဲတွေကို စည်စည်ကားကားနဲ့ သိုက်သိုက်ဝန်းဝန်း ကျင်းပခဲ့ကြသလို ကရင့်နှစ်သစ်ကူးနေ့ ရောက်တဲ့အခါမှာလည်း အကမျိုးစုံနဲ့ နှစ်သစ်ကူးအရသာကို ခံစားနိုင်ဖို့ ကရင်လူငယ်လေးတွေက ဒုံးယိမ်းအကကို အပြိုင်အဆိုင် တီထွင်ဖန်တီးကြပါတယ်။ တေးသီချင်းတွေ ကကွက်ဆန်းတွေကို အပြိုင်အဆိုင် တီထွင်ပြီး တင်ဆက်နိုင်ကြဖို့ ကြိုးစားနေကြတာ တကယ့်ကို အားရကြည်နူးဖွယ်ရာ မြင်ကွင်းပါ။
ဒီအပြင်ကို တိုင်းရင်းသားပေါင်းစုံကလည်း ရိုးရာအကအလှတွေနဲ့ တင်ဆက်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေတာကို နှစ်သစ်ကူး အကြိုကာလက စခန်းတွင်းမှာရှိတဲ့ စာသင်ကျောင်းတိုင်း အဖွဲ့အစည်းတွေရဲ့ ရုံးတိုင်းလိုလိုမှာ ကျမတို့ တွေ့မြင်နေရပါတယ်။
နှစ်သစ်ကူး ပွဲတော်ကာလကို ၃ ရက်သတ်မှတ်ပြီး ၁၅၊ ၁၆၊ ၁၇ ရက်နေ့တွေမှာ စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။ ပွဲတော်စတဲ့ ၁၅ ရက်နေ့ ညကတည်းက တိုင်းရင်းသားရိုးရာ အကလှအတွေနဲ့ ကရင့်ရိုးရာ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကရင်သီချင်းဆိုပြိုင်ပွဲ၊ ကရင့်ဒုံးယိမ်းအကအလှ ပြိုင်ပွဲတွေကို စတင်ကျင်းပကြပါတယ်။
ကရင်ရိုးရာ ကဗျာရွတ်ဆိုတာတွေကို ကျမတို့ နားမလည်ပေမယ့် ဒုံယိမ်းအကတွေနဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ ရိုးရာအကအလှတွေကို ကျမတို့ အားရပါးရ ရှုစားခဲ့ကြရပါတယ်။ ဒုံယိမ်းအကကို ပုံစံမျိုးစုံနဲ့ တင်ဆက်နိုင်အောင် တီထွင်ဖန်တီးထားကြတဲ့ ကရင်လူငယ်တွေကိုလည်း တကယ့်ကိုချီးကျူးမိပါတယ်။
တဖွဲ့နဲ့ တဖွဲ့ အကတွေ မတူအောင်၊ သီချင်းတွေ မတူအောင်၊ တင်ပြပုံတင်ပြဟန်ပန်တွေကအစ မတူအောင် စနစ်တကျ လေ့ကျင့်ထားပြီးမှ ပြိုင်ပွဲဝင်ကြတာပါ။ တကယ်တော့ ဒီကရင်နှစ်သစ်ကူး ပွဲဆိုတာကို ကျင်းပခွင့်ရတာဟာ နို့ဖိုးဒုက္ခသည် စခန်းတွင်းမှာရှိကြတဲ့ မြန်မာတိုင်းရင်းသား ဒုက္ခသည်လူထုအတွက်တော့ တနှစ်တာကာလမှာ စိတ်ချမ်းမြေ့စရာ ကာလလေးတခုလို့ ဆိုရမလိုပါပဲ။ ဒုက္ခသည်ဆိုတဲ့အတိုင်း တနှစ်တာ ကာလတလျှောက်လုံး စားဝတ်နေရေးစတဲ့ အဆင်မပြေမှု ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်နေကြရတဲ့ လူတွေအနေနဲ့ ဒီနှစ်ကူး ရောက်ပြီဆိုရင် အပျော်ကြီး ပျော်ကြရပါတယ်။
နှစ်သစ်ကူး ပွဲတော်ကျင်းပတဲ့ ကွင်းအတွင်း ဆိုင်ခန်းတွေကိုလည်း စနစ်တကျ နေရာချပေးပြီး ရိုးရာမုန့်မျိုးစုံ ကရင်ရိုးရာ အဝတ်အထည်မျိုးစုံ ကာရာအိုကေ၊ သေနတ်ပစ်ဂိမ်းမျိုးစုံကို ပွဲတော်ရက် ၃ ရက်အတွင်းမှာ ခင်းကျင်းထားပါတယ်။ ဒီကြားထဲ တနိုင်တပိုင် ဈေးဆိုင်လေးတွေလည်း ပါဝင်နေရာယူထားကြတာတွေ ရှိပါတယ်။
တနိုင်တပိုင် ဈေးဆိုင်လေးအဖြစ်နဲ့ ကြာဇံ၊ ခေါက်ဆွဲသုတ်ရောင်းခဲ့တဲ့ မစန်းကတော့ ‘‘ကျမဒီပွဲမှာ ဈေးရောင်းတာ ဘတ် ၁ဝဝဝ ကျော်လောက် မြတ်တယ်လေ။ ၃ ရက်အတွင်း အဲလောက်မြတ်တယ်ဆိုတာ ကျမအတွက်တော့ တကယ် ပျော်စရာပဲ။ ရပ်ကွက်ထဲမှာရောင်းတဲ့ ရက်တွေဆို တရက် ဘတ် ၁ဝဝ မြတ်ဖို့တောင် အနိုင်နိုင်လေ။ တခါမှ အဲလိုမရဖူးဘူးဆိုတော့ ပျော်တာပေါ့နော်’’ ဆိုပြီး ပြောပါတယ်။
နှစ်သစ်ကူး ပွဲတော်ကာလအတွင်း ရိုးရာလက်ဝှေ့ပွဲတွေကိုလည်း ၁၆၊ ၁၇ ရက်တွေမှာ ကျင်းပပေးပါတယ်။ လက်ဝှေ့အားကစားနဲ့ ပတ်သက်ပြီး ဝါသနာပါတဲ့ လူငယ်တွေ ဒီစခန်းထဲမှာ အတော်များများ ရှိကြတာဆိုတော့ လူငယ်အများစုပါဝင် ယှဉ်ပြိုင်ပြီး ထိုးသတ်ကြတာ ကျမအတွက်တော့ ရင်သတ်ရှုမောဖွယ်ရာ မြင်ကွင်းတွေချည်းပါ။ ဒါ့အပြင် တခြားကျေးရွာတွေကလည်း လာပြီး စိန်ခေါ်ထိုးကြတဲ့ ပွဲစဉ်တွေလည်း ပါတယ်လို့ ဆိုကြပါတယ်။
ကရင်နှစ်သစ်ကူးပွဲကို နို့ဖိုးဒုက္ခသည်စခန်းတွင်းမှာ ကျင်းပလာတာ ဆယ်စုနှစ်တခုကျော်ပါပြီ။ နို့ဖိုးဒုက္ခသည်စခန်းကို စတင်တည်ထောင်ပြီးကတည်းက ကရင်နှစ်သစ်ကူးပွဲကို နှစ်စဉ်ကျင်းပလာတာလို့ ဆိုပါတယ်။ Pu Dooplaya Junior Collage က ဆရာကြီး ဦးစောလားလေးကတော့ ‘‘ကျနော်တို့ ကရင်တွေ ထိုင်းနိုင်ငံမှာ နှစ်သစ်ကူးပွဲကျင်းပတာ ဒီဒုက္ခသည်တွေရောက်မှပဲ ကျနော်တို့နဲ့ စုစုရုံးရုံးလာပြီးတော့ ကျင်းပကြရတာ များတယ်၊ ဟိုအရင်က သူတို့မှာ ကျင်းပခွင့်မှ မရဘဲ၊ သူတို့လည်း ကျင်းပခွင့်မရတော့ မကျင်းပနိုင်ကြဘူး။ ပြီးတော့ ဘယ်လိုလုပ်ရမလဲဆိုတာလည်း သိပ်နားမလည်ကြတော့ ထိုင်းနှစ်ကူးကိုပဲ သူတို့ နှစ်သစ်ကူးဆိုပြီး နားလည်ကြသလို ဖြစ်သွားတယ်။
ဒီထိုင်းနယ်စပ်တရိုးမှာက ကရင်တွေအများကြီး၊ များပေမယ့် သူတို့ရဲ့ နှစ်သစ်ကူးကို ဒီသလေ-လဆိုတာ သူတို့ မသိကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်းနှစ်ချက်ရှိတယ်လို့ ကျနော်ထင်တယ်။ (၁) အချက်က သူတို့ ထိုင်းနိုင်ငံ အဝန်းအဝိုင်းထဲမှာဆိုတော့ ထိုင်းအာဏာပိုင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတယ်။ (၂) အချက်က ငါတို့က မြန်မာပြည်ကရင်ပေါ့။ သူတို့က ထိုင်းကရင်ဆိုတဲ့ အယူအဆတွေလည်း ရှိကြတယ်။ ထိုင်းနိုင်ငံသား ဖြစ်တဲ့အပေါ်မှာ ထိုင်းနှစ်သစ်ကူးသာ ငါနဲ့ သက်ဆိုင်တယ်ဆိုပြီး ယူကြတာတွေကြောင့် မကျင်းပနိုင်ကြတာဘဲ။
ကျနော်က ဒီစခန်း စတည်တာနဲ့ ရောက်လာတာ။ ဒီစခန်းကို ၁၉၉၇ ခုနှစ်မှာ စတည်တယ်။ ကျနော်တို့ ဒီစခန်း စတည်တော့ ကရင်တွေချည်းပဲ အားလုံး ၈ ထောင်လောက် ရှိတယ်။ ကျနော်တို့ ကရင်နှစ်သစ်ကူးကိုတော့ ၉၈ မှာ စကျင်းပဖြစ်တယ် ထင်တယ်။ ဒါပေမဲ့ အဲဒီကာလတွေတုန်းက ကျနော်တို့ နှစ်သစ်ကူးပွဲကို အများဆုံး ည ၁ဝ နာရီအထိပဲ ကျင်းပခွင့်ရတယ်။
နောက်နှစ်ပိုင်း ကျနော်တို့ နှစ်သစ်ကူးကျင်းပလာတာ ရန်ပွဲတို့ တခြား ရှုပ်ရှုပ်ယှက်ယှက် ကိစ္စတွေ မရှိခဲ့ဘူး။ ကိုယ့်ကရင်ရိုးရာအရ တမြတ်တနိုး ကျင်းပလာတယ်။ ဒီလို အခြေအနေကောင်းခဲ့တဲ့အပေါ်မှာ သူတို့လည်း တစတစ ယုံကြည်မှု ရှိလာတယ်ပေါ့။ အဲဒီနောက် ၁ နှစ်၊ ၂ နှစ် ကျင်းပပြီး သူတို့ ယုံယုံကြည်ကြည်နဲ့ ခွင့်ပြုလိုက်တယ်’’ ဆိုပြီး အစဉ်အဆက်က ကျင်းပခဲ့တဲ့ နှစ်သစ်ကူးပွဲ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။
အပိုင်း (၂) ကို ဆက်လက် ဖော်ပြပါမည်။
No comments:
Post a Comment