Monday, January 4, 2010

၂၂၅ နှစ်မြောက် ရခိုင် ဘုရင့်နိုင်ငံတော် ကျဆုံးသည့်နေ့ အခမ်းအနား ကော့ဘဇားမြို့တွင် ကျင်းပ

Narinjara News

မင်းဆက်ခိုင်(နိရဉ္စရာ) ၂၀၀၉ခုနှစ် ဒီဇင်္ဘာလ ၃၁ရက်နေ့တွင် ကျရောက်သည့် ၂၂၅ နှစ်မြောက် ရခိုင့် ဘုရင်နိုင်ငံ ကျဆုံးသောနေ့ အခမ်းအနား တရပ်ကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့ဘဇား ခေါ် ဖလောင်းချိတ်မြို့တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို ကော့ဘဇားမြို့ရှိ ဘုန်းတော်ကြီး ကျောင်းတကျောင်းတွင် နိုင်ငံရေး လူပ်ရှားသူ ရခိုင်မျိုးချစ်များက စုပေါင်းကျင်းပကြပြီး အခမ်းအနားသို့ လူပေါင်း ၄၀ ခန့်တက်ရောက်ခဲ့သည်။

အခမ်းအနားကို နေ့လည် ၂နာရီအချိန်တွင် စတင်ပြီး ရခိုင်အမျိုးသားသီချင်းကို ပြိုင်တူသီဆို ကြပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်အမျိုးသား ကောင်စီ လက်ရှိ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးခိုင်မြဝါမှ ယခုကဲ့သို့ ပြောကြားသည်။

“ ရခိုင်တို့ရဲ့ အချုပ်အချာအာဏာဟာ ရခိုင်တို့လက်ထဲမှာပါ။ တကယ့် အစွမ်းအစရှိတဲ့ ခေါင်းဆောင်တဦးပေါ်လာတဲ့ တနေ့မှာ ကျွန်တော်တို့ရဲ့ အချုပ်အချာအာဏာကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ၂ ကိုကျော်မြင့်ကလည်း ရခိုင်ပြည် အချုပ်အချာအာဏာ ကျဆုံးရခြင်းနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့ ရခိုင့်အချုပ်အချာအာဏာ ကျဆုံးရတာက အချင်းချင်းမညီညွှတ်တာက တကြောင်း၊ သူတပါးကို အားကိုးလို စိတ်ရှိခဲ့တာက တကြောင်း၊ ခုလို အကြောင်းကြောင့်တွေကြောင့် ရခိုင်ပြည် အချုပ်အချာ ကျဆုံးရတာဖြစ်ပါတယ်။ မိမိတို့ ပြည်တွင်းရေး ပြဿနာကို မိမိတို့ မဖြေရှင်းဘဲနဲ့ ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းကို သွားရောက် အကူညီတောင်းတာကနေ စတာဖြစ်ပါတယ်။ အဓိက ကတော့ မိမိတို့ အချင်းချင်း ညီညွှတ်မှု ပြိုကွဲပြီးတော့ သူတပါးကို အားကိုးတာကြောင့် ခုလို ရခိုင်ပြည် အချုပ်အချာ အာဏာ ကျဆုံးရတာ ဖြစ်တယ်လို့ ကျွန်တော့အနေနဲ့ မြင်ပါတယ်။”

တက်ရောက်လာကြသော ကိုယ်စားလှယ်များ၊ တသီးပုဂ္ဂလများနှင့် မျိုးဆက်သစ် ရခိုင့်လူငယ်များကလည်း ကိုယ့်အမြင် သူ့အမြင်များကို ဆွေးနွေး တင်ပြခဲ့ကြသည်။

အခမ်းအနားကို ညနေ ၅နာရီ ခွဲခန့်တွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ကြသည်။

၁၇၈၄-ခု ဒီဇင်္ဘာလ ၃၁ရက်နေ့သည် ကိုယ့်မင်း ကိုယ့်ထီး၊ ကိုယ့်တိုင်းကိုယ့်ပြည်နှင့် နေလာခဲ့ကြသော ရခိုင့်နိုင်ငံတော်သည် ဗမာဘုရင်ဘိုးတော်မောင်ဝိုင်း၏ ကျူးကျော်စစ်ကြောင့် အချုပ်အချာအာဏာကျဆုံးပြီး ကျွန်ဘဝသို့ ကျရောက်ခဲ့ရသည်။

ထို့ကြောင့် ဒီဇင်္ဘာလ ၃၁ရက်နေ့ကို ရခိုင်ပြည် အချုပ်အချာအာဏာ ကျဆုံးနေ့ အဖြစ် ရခိုင်အမျိုးသားများက သတ်မှတ်ထားကြပြီး နှစ်စဉ် နှစ်တိုင်း အဆိုပါနေ့တွင် အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပကြသည်။


No comments: