Thursday, January 7, 2010

တရုတ်ပြည် ဒုသမ္မတနှင့် တရုတ် ခေါင်းဆောင်မှုအကြောင်း


ကျနော်တို့ မြန်မာ နိုင်ငံသည် လူ့ သမိုင်းတွင် အရေး ပါသော နိုင်ငံကြီး ၂ နိုင်ငံဖြစ် သည့် တရုတ်၊ အိန္ဒိယတို့နှင့် မိုင်ပေါင်းများစွာ နယ် နိမိတ် ဆက်စပ် လျက်ရှိသည်။ ထိုကြောင့် ထို ၂ နိုင်ငံနှင့် ဆက်ဆံ ရေးသည် မြန်မာ နိုင်ငံ အတွက် အရေးကြီး ပါသည်။


ယနေ့ခေတ်တွင် တရုတ်ပြည်ကြီးသည် တရိုန်ထိုး တိုးတက်လျက် ရှိပါသည်။ ထို့ပြင် နအဖ စစ်အစိုးရကိုလည်း ကျားကန်ပေးထားပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံကို ဦးဆောင်လျက် ရှိသော တရုတ်ခေါင်းဆောင်များအကြောင်း သိထားသင့်ပေသည်။ လေ့လာကျွမ်းကျင်သင့်သည်။ ခေတ်ပညာတတ် လူငယ်များ တရုတ်အရေး ကျွမ်းကျင်သူများ ဖြစ်စေရန်နှင့် တရုတ်အရေးကို စိတ်ဝင်စား စေချင်သည့် စေတနာနှင့် ဒီဆောင်းပါးကို ရေးရခြင်းပါ။
တရုတ်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဟုတ်ပါ။ ကွန်မြူနစ် ပါတီက အုပ်စိုးသော နိုင်ငံဖြစ်၍ သတင်း လွတ်လပ်ခွင့် မရှိပါ။ အုပ်ချုပ်သူများက သိခွင့်ပေးသလောက်သာ အပြင်ကမ္ဘာကြီးအနေနှင့် သိခွင့် ရကြပါသည်။ ထို့ကြောင့် တရုတ်ခေါင်းဆောင်များအတွင်း ပကတိဖြစ်ရပ်များကို အလုံးစုံ သိခွင့်မရှိကြပါ။ သို့သော် မော်စီတုန်းလက်ထက် ထက်စာလျှင် လွန်စွာပင် တိုးတက်ပြီဟု ပြောနိုင်ပါသည်။

ဂျပန်၊ ကိုးရီးယား၊ မြန်မာနှင့် ကမ္ဘားဒီယား စသည့် ၄ နိုင်ငံသို့ ခရီးထွက်လာသော တရုတ်ဒုသမ္မတ ရှီကျင်းဖျင်သည် တရုတ်ခေါင်းဆောင်များတွင် ဗဟို (Central) နေရာ တာဝန်ယူရန် ရာထားသည့် ခေါင်းဆောင် ဖြစ်သည်။ ထို့ကြောင့် ယနေ့ တရုတ်ပြည်ကြီး၏ ခေါင်းဆောင်ရွေးချယ်မှုစနစ်အရ (အပ)ပရောဂ များကင်းခဲ့သော် - ၂ဝ၁၂ တွင်ကျင်းပမည့် ပါတီညီလာတွင် ဗဟိုခေါင်းဆောင်-တနည်းအားဖြင့် သမ္မတဖြစ်လာ မည့်သူဖြစ်ပါသည်။ အောက်တိုဘာ၂ဝဝ၇ ခုနှစ်တွင်ကျင်းခဲ့သော (၁၇)ကြိမ်မြောက်ပါတီညီလာခံက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ တနည်းအားဖြင့် (၂၁)ရာစုနှစ် ကွန်မြုနစ်စံနစ်၏ အိမ်ရှေ့မင်းသားဖြစ်ပေသည်။ ထိုကြောင့်လက်ရှိ သမ္မတ ဟူကျင်တောင် လက်အောက်တွင် အလုပ်သင်သဘော (၅)နှစ် သက်တမ်း ဒုသမ္မတရာထူးကို တာဝန်ယူထားရသည်။ ပြီးခဲ့သည့် ခရီးစဉ် မှာ တရုတ်နိုင်ငံနှင့်ဆက်ဆံရမည့် အာရှနိုင်ငံများကိုကွင်းဆင်းလေ့လာ၍ ထိုနိုင်ငံ့ ခေါင်းဆောင်များနှင့် အကျွမ်းတဝင်ဖြစ်အောင်ဆက်ဆံခြင်းပင်ဖြစ်သည်။

ဤနေရာတွင် အမေရိကန်စနစ်နှင့် တရုတ်စနစ် ကွာခြားမှုကို ကြားဖြတ်တင်ပြပါရစေ။ ကျနော်တို့ နိုင်ငံအတွက် အတုယူစရာများ ရှိလို့ပါ။ အမေရိကန်စနစ်အောက်မှာ ခေါင်းဆောင်တဦးကို စနစ်တကျ ပိုးမွေးသလို (မွေး) ယူသည်ဆိုသည်မှာ မရှိပါ။ အမေရိကန်စနစ်မှာ အုပ်ချုပ်ရေး (Executive) ၊ တရားဥပဒေတည်ဆောက်ရေး (Legislative) ၊ တရားရေး (judicial) ဟူ၍ ခွဲခြားထားပြီး ဤမဏ္ဍိုင် ၃ ခုကို တခုနှင့်တခု ချိတ်ဆက်ကာ ထိန်းပေးထားပါသည်။ Check & Balance ဟု ခေါ်ကြပါသည်။ အမေရိကန် သမ္မတ လက်ထဲတွင် အုပ်ချုပ်ရေး အာဏာကို အပ်ထားပြီး၊ သမ္မတသည် စစ်တပ်၏ အကြီးအကဲ Commander in Chief လည်း ဖြစ်ပါသည်။

အမေရိကန်စနစ်သည် လူတဦးချင်းဝါဒ Individualism ကို အားပေးသည်။ အမေရိကန်စံနစ်၏ အားသာချက်မှာ လူထုက ခေါင်းဆောင်ကို ရွေးချယ်ခြင်းဖြစ်သည်။ ထို့ကြောင့် သမ္မတ ရွေးကောက်ပွဲ အတွက် campaign ဟုခေါ်သော သမ္မတလောင်းအဖြစ်ရွေးကောက်ခံရဖို့အတွက် တနှစ်ခန့် ကြိုးစားရပါသည်။ မိမိ၏ ပါတီခေါင်းဆောင် ကိုယ်စားလှယ်ဖြစ်မှ၊ တခါ ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဘလီကင် ပါတီခေါင်းဆောင်နှစ်ဦး ယှဉ်ပြိုင်ရသည်။ Third Party ဟုခေါ်သော တခြား တတိယကိုယ်စားလှယ်များရှိသော်လည်း ပါတီကြီး ၂ ခု၏ ကိုယ်စားလှယ်များသာ သမ္မတ ဖြစ်လာကြပါသည်။

တနှစ်ကျော် Campaign သည် သမ္မတဖြစ်ရန် အကြိုတိုက်ပွဲဖြစ်၍ လူတဦး၏ အရည်အချင်းကို (စစ်ထုတ်) ခြင်းဟု ယူဆနိုင်သည်။ သို့သော် နိုင်ငံရေးတိုက်ပွဲသည် အုပ်ချုပ်မှုနှင့်မဆိုင်။ ဥပမာ သမ္မတ George W Bush သည် အတွေ့အကြုံ မရှိရုံမက မိမိလိုချင်ရာကို ခေါင်းမာစွာ မစဉ်းစား၊ မဆင်ခြင်အီရတ်ကို မတရား စစ်ဝင် တိုက်ခဲ့ပါသည်။ စီးပွားရေးတွင်လည်း လောဘီရစ်(lobbyists) များကိုဆွဲခန့်ခဲ့သည့်အတွက် မထိန်းနိုင် မသိမ်းနိုင် စီးပွားရေးကပ်စိုက်ခဲ့ရသည်။ လူညံ့တဦး သမ္မတဖြစ်လာပါက စံနစ်က အတွေ့အကြုံ ရှိမှုကို ဦးစားမပေးသောကြောင့် တိုင်းပြည်နာ နိုင်ပါသည်။

အမေရိကန်စနစ်က (လူ) ကို (လူထု) က ရွေးသည်။ (လူ) ၏ အရည်အချင်းကို (ယုံ)သည်။ အလုပ်က (သင်) လိမ့်မည်ဟု လက်ခံသည်။

1st Generation ပထမခေတ်/အဆက် - မော်စီတုန်း

2nd Generation ဒုတိယခေတ်/အဆက် - တိန့်ရှောက်ဖိန်

3rd Generation တတိယခေတ်/အဆက် - ကျန်ဇီမင်း

4th Generation စတ္ထုတခေတ်/အဆက် - ဟူကျင်တောင်

5th Generation ပဉ္စမခေတ်/အဆက်- ရှီကျင်းဖျင် (ရွေးချယ်ရန် ရာထားခံရသူ)

ပါတီလူကြီးများ (Party Elders)

တရုတ်ပြည်ကြီး၏ စုပေါင်းခေါင်းဆောင်မှုစံနစ်အောက်တွင် အာဏာရှိသည့်လက်တဆုပ်စာ လူတစုက ဗဟိုလူ central person ကို ဝန်းရံပေးကြသည်။ ထိုလူများသည် ၁ဝ နှစ် အုပ်ချုပ်၊ ၁ဝ နှစ်ပြည့်သည့်အခါ ရာထူးမှ နုတ်ထွက်ပေး၊ နောက်တအုပ်တက်ပေါ့။

လူတစုပြီး တစု ပြောင်းလဲ အုပ်ချုပ်သွားကြမည်။ သို့သော် ကွန်မြူနစ်ပါတီ က အာဏာတည်မြဲလျက်ရှိရန် တိန့်ရှောက်ဖိန် က စီစဉ်ခဲ့သည်ပါ။ သို့သော် ပါတီလူကြီးများ (Party Elders) က Reform ဟုခေါ်သော ပြန်လည်ပြင်စင်ရေး လမ်းစဉ်ကို လိုက်နာသူ သစ္စာရှိ သူများကိုသာရွေးရန် စီစဉ်ခဲ့ပြန်သည်။်

ဤနေရာတွင် အရေးကြီးသည့်ဖြစ်စဉ် process လုပ်ငန်းစဉ် တခု ရှိသည်။ အာဏာနှင့် ရာထူးကို လက်လွှတ်ပေးရသည့် လူကြီးများသည် ပျောက်မသွားကြပါ။ ကွန်မြူနစ်ပါတီ အတွင်း ဆက်လက် ရပ်တည်လျက် ရှိသည့်အပြင် Elders ဟုခေါ်သည့် ပါတီလူကြီးများ ဖြစ်လာကြပြီး ပါတီ၏ လမ်းစဉ်၊ ပါတီခေါင်းဆောင်သစ်၊ များကို ရွေးရာတွင် အရေးပါသည်။

တဖက်က (အကောင်းဘက်က) ကြည့်လျှင် တသက်လုံး နိုင်ငံရေးလုပ်လာကြသည့် ဝါရင့် နိုင်ငံရေး သမားကြီးများက ထိမ်းကျောင်းပေးနေသဖြင့် တိုင်းပြည်အတွက် အကျိုးရှိသည်ဟု ဆိုနိုင်သည်။ သို့သော် တခြားတဖက်က ကြည့်လျှင် ထိုလူကြီးများသည် အရေအတွက်မည်မျှနှင့် မည်သူများဖြစ်သည်ကို တရုတ်ပြည်အကြောင်း လေ့လာ ကျွမ်းကျင်သူများပင် မသိကြပါ။ အကြောင်းအရင်းက တရုတ်ပြည်သည် အာဏာရှင် စနစ်ကို ကျင့်သုံးဆဲဖြစ်သောကြောင့် လူအသိမခံ၊ ဗြောင်မကြေညာရဲဘဲ အာဏာရှိသူများကသာ ကြိတ်လုပ်ကြခြင်းဖြစ်သည်။

ဤ လူကြီးစနစ်သည် တိန့်ရှောက်ဖိန်လက်ထက်တွင် ပေါ်လာသည်။ တိန့်ရှောက်ဖိန်သည် ကွန်မြူနစ်ပါတီ စကတည်းက ပါခဲ့သည့်အပြင် တော်လှန်ရေးတွင် တောက်လျှောက် တာဝန်ယူခဲ့ရပြီးသဘာရင့်ရာဇဝင် ရှိသည့် ခေါင်းဆောင်ဖြစ်ခဲ့သဖြင့် ကွန်မြူနစ်ပါတီအပြင် စစ်တပ်အတွင်းမှာပါ သြဇာရှိသည်။ တိန်ရှောက်ဖိန်နောက် ကျန်ဇီမင်း၊ ယခု ဟူကျင်တောင် လက်ထက်ကျတော့ ကျန်ဇီမင်းသည် တိန်လျှောင်ဖိန်ကဲ့သို့ ရာဇဝင်မရှိပါ။ ကျန်ဇီမင်းက တိန်ရှောက်ဖိန်လိုတခြားရာထူးများကို ဖယ်ပေး သော်လည်း၊ စစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူးကို ဆက်ကိုင်ရန် ကြိုးစားခဲ့သည်။ မရမှ နောက်ဆုံး လွှဲပေးခဲ့ရသည်။ ထို့ကြောင့် ကျန်ဇီမင်းနှင့် ဟူကျင်တောင်သည် မသင့်တင့် (သို့) အပြိုင်ဟု ပညာရှင်များက သတ်မှတ်ကြသည်။

(မှတ်ချက်။ ကျန်ဇီမင်းနှင့် ဟူကျင်တောင်နှစ်ယောက်စလုံးကို တိန်ရှောက်ဖိန်ကရွေးခဲ့ခြင်းဖြစ်သည်)

၂ဝ၁၂ ခုနှစ်နောက်ပိုင်း ဟူကျင်တောင်က 5th Generation များကို အာဏာလွှဲပြီးရင် Elders များထဲတွင် ပြိုင်ဘက်များ ဖြစ်လာမည်။ မည်သူကမှ မည်သူလူကြီးEldersဖြစ်ရမည်၊ မည်သို့ရွေးချယ်မည်ကို မသိရသေးသည့် အတွက် ရှေ့မှာ ပြဿနာ ဖြစ်နိုင်သည်။

ကျန်ဇီမင်းကို Elders များက ရွေးသည်ကို ကျန်ဇီမင်းပင် မသိခဲ့ပါ။ တိန့်ရှောက်ဖိန်သည် ပထမ ဟူရောင်ဘန်း (Hua YaoBang) နှင့် ကျောက်ကျိယန် Zhao Ziyang တို့ကို သူ့နောက် ဆက်ခံရန် ရွေးခဲ့သည်။ ၁၉၈၉ ခုနှစ် တီအန်မင်ရင်ပြင် ကျောင်းသားများ အရေးတော်ပုံကြီးတွင် ကျောက်ကျိယန်သည် ကျောင်းသားများ ဘက်လိုက်သည်ဆိုပြီး အဖမ်းခံရသည်။ ထိုစဉ်က Li Peng လီပင်း က ဝန်ကြီးချုပ် (တရုတ် စိန်လွင်ပေါ့) ။ လီပင်း က တိန့်ရှောက်ဖိန်နှင့် လူကြီးများကို တင်ပြပြီး ဖမ်းမိန့်ရမှသာ ဖမ်းဆီး နိုင်ခဲ့သည်။ ထို့ကြောင့် ဆက်ခံရန် လူရွေးသည့်အခါ ၁၉၈၉ ခုနှစ် မေလ ၂၇ ရက်နေ့တွင် လူကြီးအဖွဲ့ ဖြစ်သည့် တိန့်ရှောက်ဖိန် Deng Xiaoping ၊ Chen Yun ၊ Li Xiannian ၊ Peng Zhen ၊ Deng Yingchao ၊ Yan ShangKun ၊ Wang Zhen ၊ Bo Yibo တို့သည် တိန့်ရှောက်ဖိန် နေအိမ်တွင် ၅ နာရီကြာ တွေ့ဆုံခဲ့ကြသည်။


No comments: