Saturday, January 2, 2010

ဆေးရောင်စုံတဲ့ ၂ဝဝ၉ ခုနှစ်

ရဲဘော်ဖိုးသံချောင်း

ဒီလိုနဲ့ တနှစ်တော့ဖြင့် ကုန်ပြန်ပြီ။

ကမ္ဘာကြီးဟာ စီးပွားရေးကပ်ထဲက လူးလွန့်ရုန်းထနေရဆဲ၊ တချို့လည်းလွတ်ထွက်လာ၊ တချို့လည်းနစ်ဆဲ။ ဒီလိုအခါမှာ ဗမာပြည်ရဲ့ စီးပွားရေးကတော့ ဘာမှထူးမလာ။ ဆန်ထွက်တွေကျ၊ အလုပ်လက်မဲ့တွေပိုများ၊ ကုန်ဈေးနှုန်းတွေ ပိုတက်ပြီး ပြည်သူတွေ ဒုက္ခဝဲထဲမှာ ချာလပတ်ရမ်းနေပါတယ်။

ဒီလိုအချိန်မှာ နအဖက ပြည်သူလူထုအတွက် စီးပွားရေးနယ်ပယ်မှာ လက်ဆောင်တခု ပေးလိုက်ပါတယ်။ အဲဒါကတော့ (၅,ဝဝဝ) တန်ငွေစက္ကူ။ နောက်ပြီးတော့ အခွန်နှုန်းတိုးမြှင့်တာ။ ဒီတော့ နအဖရဲ့ (၅,ဝဝဝ) တန်ကိုလည်းမယုံ၊ ဒေါ်လာအပေါ်လည်း မပုံရဲကြတဲ့ ဒီနိုင်ငံမှာ တခြားနိုင်ငံများနည်းတူ ရွှေဈေး ထောင်တက်သွားပါတယ်။

တိုင်းပြည်တပြည်အနေနဲ့ပြောရရင် ၂ဝဝ၉ ခုနှစ်အတွင်း ဗမာပြည်နိုင်ငံရေးမှာ အဖြစ်အပျက်တွေ အင်မတန်မှများခဲ့ပါတယ်။ အဖြစ်အပျက်မှာ ကမ္ဘာက အာရုံစိုက်ရတဲ့၊ ကမ္ဘာမှာကြုံတောင့်ကြုံခဲ အဖြစ်အပျက်တွေပါ။ သတင်းစာဂျာနယ်တွေရဲ့ မျက်နှာဖုံးတွေမှာ မကြာခဏတွေ့ရတဲ့ သတင်းတွေဖြစ်ပါတယ်။ ဒီအထဲက ထိပ်ဆုံးထား ပြောသင့်တာကတော့ နိုင်ငံတကာခွင်က ကိစ္စဖြစ်ပါတယ်။

နအဖက ယက်တောဒီပလိုမေစီ လမ်းကြောင်းဖောက်လိုက်တဲ့အချိန်ကစပြီး နအဖဗိုလ်ချုပ်တွေကို အမေရိကန်က လူရာသွင်း ဆက်ဆံဖို့ လုပ်လာတာတွေ တွေ့ရပါတယ်။ ဆီနေတာဂျင်ဝက်ဘ်၊ ဒု-နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်ဘဲလ် စသဖြင့် ဝါရှင်တန်က လူတွေ ဗမာပြည်ကိုလာခဲ့ကြသလို ဗိုလ်သန်းစိန်အပါ ကြပ်ပြေးက စေလွှတ်သူတွေလည်း အမေရိကန်ကို ခြေချနိုင်ခဲ့ကြပါတယ်။ ဒီနှစ်ကို ဝါရှင်တန်နဲ့ ကြပ်ပြေး ရွှေလမ်းငွေလမ်းဖောက်ဖို့ ကြိုပမ်းကြတဲ့နှစ်လို့ ပြောရင်တောင်ရပါတယ်။ ဒါပေမယ့် လမ်းပေါက်သွား၊ အောင်မြင်သွားတယ်လို့တော့ ပြောမရသေးပါဘူး။ အရှေ့တောင်အာရှနဲ့ အရှေ့အာရှက ပြောင်းလဲဖြစ်ပေါ် တိုးတက်မှုတွေကိုကြည့်ပြီး နောက်ကျမကျန်ချင်တဲ့ အိုဘားမားအစိုးရဟာ ကြပ်ပြေးကိုလမ်းကြောင်းပြောင်းပြီး ဆက်သွယ်ဖို့ အလေးအနက်လုပ်ခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမယ့် အခုအထိ အနေအထားကိုပြောရရင် သမ္မတအိုဘားမားဟာ လိုဏ်ခေါင်းထဲမှာ ပိတ်မိသလိုဖြစ်နေပြီး ပြန်ထွက်မရ၊ ရှေ့ဆက်တိုးမရဖြစ်နေပါတယ်။ ဗိုလ်သန်းရွှေတို့အပေါ် မစ္စတာအိုဘားမား အတွက်လွဲလေရော့သလား စဉ်းစားစရာတောင် ဖြစ်နေပါတယ်။ ဒါနဲ့တဆက်တည်းမှာပဲ ဗမာပြည်သားတယောက် အနေနဲ့ ကတော့ ဒီနှစ်ဟာ ဗမာပြည်ကို ကျွဲနှစ်ကောင်အကြားက မြေဇာပင် စဖြစ်စေတဲ့ နှစ်အဖြစ် သမိုင်းမဝင်ပါစေနဲ့လို့ ဆုတောင်းရမလို ဖြစ်နေပါတယ်။

နအဖဗိုလ်ချုပ်တွေ အခုလို နိုင်ငံတကာအသိုင်းအဝိုင်းထဲကို တိုးဝင်လုံးပန်းတာနဲ့အမျှ ပြည်ပကယုံကြည်လာအောင် ပြည်တွင်းရေးမှာ ဟန်ပြလုပ်ငန်းတွေ၊ အများကြီး လုပ်လိမ့်မယ်လို့ တချို့ကမျှော်လင့်ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ထင်သာထင် မဝင်ဘူးဖြစ်ခဲ့ရပါတယ်။ မူဆိုင်ရာကိစ္စတွေလို့ သူတို့သဘောထားတဲ့ ကိစ္စတွေမှာ တပြားသားမှ လျှော့ပေးတာ မတွေ့ခဲ့ရပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပတ်သက်လို့ဖြစ်စေ သူတို့ဘက်က ပြတ်မြဲ ပြတ်ပါတယ်။ သူတို့ရဲ့ လမ်းပြမြေပုံနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကိုတော့ ယင်တောင်အနားမခံပါဘူး။

ဒီ၂ဝဝ၉ ခုနှစ်ထဲမှာ လူတွေ မျှော်လင့်ထားပေမယ့် ပေါ်ထွက်မလာတဲ့အရာတခုကတော့ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ဥပဒေနဲ့ တခြားဆိုင်ရာ ဥပဒေစည်းမျဉ်းတွေပါပဲ။ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူတွေကို အဝင်ခိုင်းမယ်၊ တနည်းအားဖြင့် လာမယ့်အစိုးရမှာ သူတို့ထဲက ဘယ်သူတွေကို တာဝန်ကြီးကြီးတွေပေးမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး နအဖထိပ်သီးတွေ အကြားမှာ ဆုံးဖြတ်လို့မရနိုင်အောင် ဖြစ်နေတယ်လို့ အကဲခတ်တွေက ထင်ကြေးပေးနေကြပါတယ်။ ဒါပေမယ့် ထင်ထားတာထက် ပိုတွေ့ရတယ်လို့ ယူဆရတာကတော့ ရွေးကောက်ပွဲဝင်လိုသူတွေနဲ့ ရွေးကောက်ပွဲဝင်အောင် (နအဖကိုယ်စား) သဘောတရား ထုတ်ပေးနေသူတွေရဲ့ ပျားပန်းခပ်လှုပ်ရှားမှုတွေဖြစ်ပါတယ်။ ပြည်ပကအထောက်အပံ့၊ နအဖအထောက်အပံ့ စတာတွေကို ဗြောင်ယူသူ၊ တိတ်တိတ်ယူသူတွေ၊ ကိုယ့်ကိုယ်ကိုယ် တတိယအုပ်စု၊ စတုတ္ထအုပ်စုလို့ ကြေညာနေသူတွေ၊ နအဖထီးရိပ်ကနေပြီး တခြားလူတွေကို တိမ်ပေါ်တက် စိန်ခေါ်မယ်လို့ ကျူးရင့်နေသူတွေ၊ ဗိုလ်သန်းရွှေရဲ့ မျက်နှာကိုကြည့်ပြီး သဘောတရားမျိုးစုံကို အမြှုပ်ထွက်မတတ်ပြောနေသူတွေ၊ စုံမှစုံပါပဲ။

တိုက်တိုက်ဆိုင်ဆိုင် တလောလေးကပဲ နအဖသဘောထားတွေကို အငှားပါးစပ်နဲ့အော်ပေးနေတဲ့ အဖွဲ့တဖွဲ့ကလူတွေကို လှိုင်သာယာမှာ ကြံ့ဖွံ့တွေက ဝိုင်းဆုံးမလိုက်ကြတယ်ဆိုတာ ကြားလိုက်ရပါတယ်။ ဒါကတော့ နအဖအတွက် အငှားဗိုက်နဲ့ ဓားထိုးခံရတာမဖြစ်နိုင်ပါဘူး။ ဒီအဖြစ်အပျက်ကိုကြည့်ပြီးတော့ ဒီနိုင်ငံမှာက ဖော်လံဖားတိုင်းလည်း စားသာတာမဟုတ်ဘူးလို့ အရပ်ပြော ပြောလို့ရပါတယ်။ ဒါပေမယ့် တချို့ကတော့ အဲဒီအရိုက်ခံရသူတွေရဲ့ နောက်ကျောက ပုဂ္ဂိုလ်ကြီး အရာနိမ့်တာနဲ့များ ဆက်စပ်နေသလားလို့လည်း တွေးတောနေကြပါတယ်။

အပစ်ရပ်အဖွဲ့တွေအဖို့တော့ ဒီနှစ်ဟာ ပြင်းပြင်းထန်ထန်အစမ်းသပ်ခံရတဲ့ နှစ်လို့ဆိုရပါမယ်။ နှစ်ပါးသွားခန်းပြီးလို့ ဘီလူးခန်း ရောက်ပြီလို့ ပြောရမလားပါပဲ။ ဗကပလက်အောက်က အစောဆုံးခွဲထွက်ခဲ့တဲ့၊ အပစ်ရပ်ဇာတ်လမ်းကိုစတင်ခဲ့တဲ့ ကိုးကန့်အဖွဲ့ကတော့ အစောဆုံးဇီဝိန်ချွေခံလိုက်ရပါတယ်။ စစ်အာဏာရှင်တွေနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်တယ်ဆိုတာ အကန့်အသတ်ရှိကြောင်း ပြသနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ အောင်နိုင်လိုက်တယ်ဆိုတဲ့ နအဖ ခြေလှမ်းတုန့်သွားပါ တယ်။ ကျန်အပစ်ရပ်တွေကို ပေးထားတဲ့ ရာဇသံတွေ၊ နောက်ဆုံးရက်ဆိုတာတွေဟာ လျှော့လို့၊ ရွှေ့လို့ရတဲ့ဟာတွေလို့ ထင်မြင်လာရတဲ့အခြေကို ဆိုက်လာနေပါတယ်။ ပြည်တွင်းပြည်ပအခြေအနေတွေဟာ နအဖစစ်ဗိုလ်ချုပ်တွေ ထင်တိုင်းလုပ်လို့ မရတဲ့ အဓိပ္ပာယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။

နှစ်စဉ်နှစ်တိုင်းလိုပဲ ကောလာဟလတွေကလည်း မိုးလုံးပြည့်ဆိုရမတတ် ကြားခဲ့ကြရပါတယ်။ ဒီနေရာမှာ ကောလာဟလ ဆိုတာ တကယ်ဖြစ်မလာတဲ့၊ မဟုတ်တဲ့သတင်းကို ဆိုလိုတာပါ။ နအဖကတမင်လွှင့်တာ၊ တချို့ နအဖကို မကြိုက်သူတွေက တမင်လွှင့်တာ၊ သာမန်လူက မရည်ရွယ်ဘဲလွှင့်သလိုဖြစ်သွားတာ၊ အမျိုးမျိုးပါပဲ။ ဒီနိုင်ငံမှာ ပွင့်လင်းမှုမရှိလို့ ကောလာဟလတွေ ဒါလောက်တောင်များနေ၊ ပျံ့နေတာလားလို့ တွေးစရာဖြစ်နေပါတယ်။ အလွယ်ပြောရင်တော့ “ဒါကိုက ဗမာပြည်နိုင်ငံရေးပဲလေ” ပေါ့။

ဒါပေမယ့် ဒီကုန်လွန်တဲ့နှစ်မှာ အခုပြောခဲ့သလို ကိစ္စဆိုးတွေချည့်လို့ ပြောရင်တော့ မှားပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရွှေဂုံတိုင်ကြေညာချက်ကို ထုတ်ပြန်လိုက်တာဟာ ပြည်သူတွေအတွက် အားရစရာခြေလှမ်းဖြစ်သလို အတိုက်အခံတွေ အတွက်လည်း အချင်းချင်းတွဲလုပ်လို့ရတဲ့ အခြေခံတခုရလိုက်တာဖြစ်ပါတယ်။ ဒီကြေညာချက်ကို ဘယ်လိုသဘောထားသလဲ ဆိုတာဟာ နိုင်ငံရေးအင်အားစုတွေ၊ လူတဦးချင်းတွေကို စမ်းသပ်တဲ့ မှတ်ကျောက်တခုဖြစ်လာခဲ့ပါတယ်။ တချိန်တည်းမှာ ဒါဟာ နအဖစစ်အစိုးရအတွက်လည်း တမင်မျက်နှာလွှဲနေ၊ မမြင်ချင်ဟန်ဆောင်နေရတဲ့ ပြည်သူ့ဆန္ဒ သတိပေးမှတ်တိုင်တခု ဖြစ်နေပါတယ်။ ဒါနဲ့တဆက်တည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အားတက်စရာအပြောင်းအလဲတချို့လည်း တွေ့လာ ရပါတယ်။ ၂ဝ၁ဝ ခုနှစ်ဆိုတဲ့ မုချ ပိုမိုကြမ်းတမ်းမယ့်လမ်းကို ဖြတ်သန်းဖို့အတွက် ဂီယာပြောင်းတာ၊ ကားဆရာပြောင်းတာတွေ တွေ့ရတာဟာလည်း ကောင်းတဲ့လက္ခဏာပါ။

ပြန်ချုပ်ရရင်

ဒီ၂ဝဝ၉ ခုနှစ်ကို ကိုယ်စားပြုတဲ့ ကိန်းဂဏန်းနှစ်ခုကတော့ (၅,ဝဝဝ) တန်ငွေစက္ကူနဲ့ ထောင်ထဲမှာသေဆုံးတဲ့ နိုင်ငံရေး အကျဉ်းသား (၃) ဦး ဖြစ်ပါတယ်။

အိမ်ဖြူတော်နဲ့ နေပြည်တော် ပုံမှန်ဆက်ဆံမှုတည်ဆောက်ရေးကို ကိုယ်စားပြုတဲ့ အမှတ်သင်္ကေတကတော့ ဘောဂဗေဒ ပညာရှင် မစ္စတာစတစ်ဂလစ်ဇ်က “ဗမာပြည်အဖို့ အခုအချိန်ဟာ အပြောင်းအလဲတခုအတွက် အကောင်းဆုံးအချိန်ပဲ” လို့ ပြောခဲ့တာနဲ့ အဲဒါကို တုံ့ပြန်တဲ့အနေနဲ့ နအဖစစ်အစိုးရက ဒေါ်လာသန်း (၆ဝဝ) ဖိုးခန့် စစ်လေယာဉ်တွေ ဝယ်လိုက်တာ ဖြစ်ပါတယ်။


No comments: