Dr. တင့်ဆွေ
“ကျနော်တို့မြို့မှာ လာထိုးပေးမယ့် လူတုပ်ကွေး ကာကွယ်ဆေးက ထိုင်ဝမ်နိုင်ငံက လုပ်တာတဲ့။ ဆေးရဲ့ ဆိုဒ်အဖက် (ဘေးထွက်ဆိုး ကျိုး) က ပြင်းထန် တယ်လို့ ကြားတယ်။ ဘယ်လို လုပ်ရင် ကောင်းမလဲဗျာ။ ဆေးလည်း ထိုးချင်တယ်၊ ထိုးလည်း မထိုးရဲဘူး”
အမေရိကားလိုပဲ ထိုင်ဝမ်နိုင်ငံက ဝက်တုပ်ကွေးအရေးမှာ တက်ကြွပါတယ်။ Adimmune Corporation ကုမ္ပဏီက တရားဝင် ကာကွယ်ဆေး ထုတ်ပါတယ်။ ၂ဝဝ၉ ဒီဇင်္ဘာ ၁၂ ရက်ကို တနိုင်ငံလုံး ကာကွယ်ဆေး ထိုးနေ့အဖြစ် သတ်မှတ်ခဲ့တယ်။ တိုင်ဝမ်မှာ ကာကွယ်ဆေးနဲ့ ဆက်စပ်ပြီး၊ သေဆုံးမှု ရှိခဲ့ပါတယ်။ အာဏာပိုင်တွေက အဲလို သေတယ်လို့ သံသယရှိရင် အားလုံးကို ရင်ခွဲစစ်ဆေးမှု မလုပ်မနေ လုပ်ရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ၈-၁-၂ဝ၁ဝ နေ့ကပဲ Adimmune ကနေ အရင် ဆေးတပုလင်း လူ ၄ဝ စာ ထုတ်တာကနေ ဆွစ် Novartis ကုမ္ပဏီက ဆေးလိုပဲ၊ ၁ဝ ယောက်စာ ပုလင်း 10 doses per vial တွေ ထုတ်တော့မယ်လို့ ထုတ်ပြန်လာတယ်။
A (H1N1) လို့လည်း ခေါ်ပြီး၊ Swine flu လည်း ခေါ်ကြတဲ့ တုပ်ကွေး ဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးဟာ ၂ဝဝ၉ ခုနှစ်ထဲမှာ ၂ မျိုး ပေါ်နေပါပြီ။ တခုက လက်မောင်းမှာ ထိုးရတဲ့ Flu shot ထိုးဆေးနဲ့ နောက်တမျိုးက Nasal spray flu vaccine (LAIV) ရှူဆေးပါ။ ထိုးဆေးကို ဗိုင်းရပ်စ်ပိုး အသေတွေနဲ့ ထုတ်လုပ်ထားပြီး၊ ရှူဆေးကိုတော့ အားနည်းသွားအောင် လုပ်ထားတဲ့ ဗိုင်းရပ်စ်တွေနဲ့ လုပ်ထားပါတယ်။ ကိုယ်ဝန်ဆောင်တွေ အပါအဝင် အသက် ၆ လ အထက် သုံးနိုင်တယ်လို့ အခုထိ သတ်မှတ်ပါတယ်။ ရှူဆေးကိုတော့ ကိုယ်ဝန်ဆောင်မပါ၊ ၂ နှစ် ကနေ ၄၉ နှစ် ရှိသူတွေအတွက်လို့ သတ်မှတ်ပါတယ်။
မနှစ်ကထုတ်တဲ့ ကာကွယ်ဆေးတွေကို ဒီနှစ် ၂ဝ၁ဝ နှစ်ဝက်လောက်အထိ သုံးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရောဂါပိုးဆိုတာ ဆေးပြီးတာ၊ ဆေးယဉ်ပါးတာမျိုး ဖြစ်လာတတ်လို့ ဒီဆေးနဲ့မရရင် နောက်ဆေးသစ် ထုတ်ဖို့ လိုချင်လိုမှာမို့ပါ။ မလိုချင်လည်း မလိုဘူး။ ဆေးပေါ်တဲ့နှစ် ၂ဝဝ၉ ကို ယူပြီး၊ ဆေးနာမည်ကို 2009 H1N1 လို့ လုပ်ထားပါတယ်။
ကြက်ဥနဲ့ မတည့်တဲ့လူတွေ ဒီဆေးနဲ့မတည့် ဖြစ်တတ်တယ်။ ထိုးဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ဆေးထိုးတဲ့ နေရာမှာ နာတာ၊ နီတာ၊ ရောင်တာတွေ ဖြစ်တတ်တယ်။ နည်းနည်းဖျားမယ်၊ ကိုက်ခဲမယ်။ ၁ ရက်၊ ၂ ရက်လောက်ပါပဲ။ ရှူဆေးကတော့ နှာရည်ယို၊ ခေါင်းကိုက်၊ အန်ချင်၊ ကိုက်ခဲ၊ ကိုယ်ပူတာတွေ ဖြစ်နိုင်တယ်။ နောက်ပိုင်း ရှူဆေးကို ဆက်မသုံးတော့တာ တွေ့ရတယ်။ သိထားဖို့က ဒီထုတ်ပြန်ချက်တွေဟာ ဆေးကုမ္ပဏီတွေကနေ၊ တွေ့သိသလောက်ကို ပြောတာတွေသာ ဖြစ်တယ်။ မသိနိုင်တာတွေလည်း ရှိနိုင်တာပေါ့။ ဒါပေမဲ့ အကြောက်ကြီး ကြောက်ဖို့တော့ မလိုပါ။
မြန်မာပြည်မှာ အတော်ကြီး စိတ်မကောင်းစရာက ၄ သိန်းသော အစုတခုအတွက် ၄ဝ % သုံးနေချိန်မှာ သန်း ၅ဝ အတွက် Health expenditure ကျန်းမာရေး အသုံးစရိတ်က ၃ % သာ သုံးနိုင်နေတယ်။ လူတွေရဲ့ အရေးအရာမှာ အကောင်း-အဆိုး၊ အကျိုး-အပြစ် ဟိုဘက်-ဒီဘက် အပြန်-အလှန် ငြင်းခုံမှု လုပ်တာကို Healthy debate လို့ ခေါ်တယ်။ တိုင်းပြည်က Resource နည်းလွန်းလို့၊ မွဲလွန်းလို့တော့ မဟုတ်ဘူး။ မလုပ်ချင်တာနဲ့ မလုပ်တတ်တာ၊ တနည်းအားဖြင့် လုပ်တတ်တဲ့လူတွေ လုပ်ခွင့်မရတာနဲ့ စေတနာ ခေါင်းပါးသူတွေက နေရာရနေတာတွေကြောင့်ပါပဲ။ ဆေးဝယ်ချင် ဘယ်ဟာက အစစ်လဲ၊ ဘယ်ဟာက အတုလဲ သိအောင် ရွေးနေရတာကိုက “သိုက်စာ ဘာသာပြန်ရ” သလို ခက်နေရတယ်။
၂-၁ဝ-ဝ၉ နေ့က WHO နဲ့ ကျန်းမာရေးဝန်ကြီးဌာန တွဲပြီး၊ Planning meeting on Pandemic (H1N1) 2009 vaccine deployment စီမံကိန်း အစည်းအဝေးတခု နေပြည်တော်မှာ လုပ်ခဲ့တယ်။ ရလဒ်ကို ၂၁-၁ဝ-ဝ၉ နေ့က SEARO ကို ဆက်တင်ထားတယ်လို့ ဖတ်ရတယ်။ အားရှိကြပါလေ။ SEARO နိုင်ငံတွေထဲမှာ ဘဂ်လားဒေ့ခ်ျ၊ ဘူတန်၊ မြောက်ကိုရီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မော်လ်ဒိဖ်၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနဲ့ တီမော-လက်စ်တီတို့ ပါဝင်တယ်။
မြန်မာ့လွတ်လပ်ရေးနေ့ သတင်းအရ တိုင်ဝမ်မှာ “လူတိုင်းကနေ ပြည်တွင်းဖြစ်ကိုပဲ ထိုးချင်သလား၊ နိုင်ငံခြားက သွင်းတာကိုပဲ ထိုးမလား၊ ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်တယ်” တဲ့။ နိုင်ငံခြားဖြစ်ဆိုတာ ဆွစ်ဇလန် Novartis ဆေးကုမ္ပဏီက လုပ်တာကို ပြောတာပါ။
ကျနော်တို့ လူမျိုးတွေအဖို့လည်း ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ခွင့် အပြည့်ရှိကြပါတယ်။ တိုင်ဝမ်သားတွေ သိပ်အားမရတဲ့ တိုင်ဝမ်ကလာတဲ့ ဆေးကိုပဲ ထိုးရမလား၊ ဟိုအစည်းအဝေး၊ ဒီအစည်းအဝေး ရလဒ်တွေကို စောင့်နေမလား။ ၂ဝ၁ဝ မှာ သေရေးရှင်ရေး၊ ရွေးစရာတွေထဲမှာ ဒါလည်း ပါတယ်။
No comments:
Post a Comment