Saturday, March 20, 2010

ကျွန်သက်ရှည်မည့် ရွေးကောက်ပွဲများ အပိုင်း - ၁

မင်းဟန်

‘သီပေါ … အလွန်’

‘သီပေါ’ အလွန် ကိုလိုနီခေတ်ဦး… မြန်မာပြည်အုပ်ချုပ်ရေးအား ဗြိတိသျှတို့သည် အထက်ဗမာပြည်နယ်၊ အောက်ဗမာပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တောင်တန်းဒေသ နယ်ပယ်များအဖြစ်နှင့် မြန်မာနိုင်ငံကို ၄ စိတ်စိပ်၍ အုပ်ချုပ်ရေးအား ချသည်။ အထက်ဗမာပြည်နယ်ကို ခရိုင် ၄ ခု၊ အောက်ဗမာပြည်နယ်အား ခရိုင် ၄ ခုစီ ခွဲခြမ်းပြီး ခရိုင်ဝန်ရှင်တော်မင်းကြီးများက အုပ်ချုပ်၏။


ရှမ်းပြည်နယ်ကိုမူ စော်ဘွားအုပ်ချုပ်ရေးအား မဖျက်ဘဲ.. စော်ဘွားများ၏ အထက်တွင် ဗြိတိသျှဘုရင်ခံချုပ်မှ ခန့်အပ်သည့် ရှမ်းပြည်နယ်ဆိုင်ရာ မဟာမင်းကြီးတဦးအား ထားရှိ၍အုပ်ချုပ်၏။ စော်ဘွားများက မဟာမင်းကြီးအား ကျော်လွန်၍မရ…။ စော်ဘွားတို့၏ မောမြေက ပဒေသရာဇ်မောမြေ… သို့သော်…. မဟာမင်းကြီး၏ တံပိုးအောက်မှ စည်းမျဉ်းခံ ပဒေသရာဇ်မောမြေအဖြစ်နှင့်….။

ကချင်၊ ကရင်နီ၊ ချင်းတောင်တန်းဒေသများကိုမူ… ကိုလိုနီတို့၏ အထူးနည်းဥပဒေများဖြင့် ဘုရင်ခံချုပ် ကိုယ်တိုင်မှ တိုက်ရိုက်အုပ်ချုပ်လေ၏။ ကိုလိုနီခေတ်ဦး…. မြန်မာပြည်၏ အုပ်ချုပ်ရေးပုံသဏ္ဍာန်က … ၃ မျိုး၊ ၃ စား ကွဲပြားလျက်…။

‘ပါတော်မူ’ ပြီး ၁၁ နှစ်အကြာ…. ၁၈၉၇ ခုနှစ်တွင်မူ …. ဗမာပြည်အား ဗြိတိသျှ-အိန္ဒိယ အင်ပါယာအတွင်းရှိ ပြည်နယ်ကြီးတခုအဖြစ် သတ်မှတ်၍ မဟာဝန်ရှင်တော်မင်းကြီးနေရာတွင် ဒုတိယဘုရင်ခံတဦးအား ခန့်ထားပြီး ပြောင်းလဲ၍ အုပ်ချုပ်စေပြန်သည်။ ဘုရင်ခံနှင့်အတူ ဘုရင်ခံအား အကြံဥာဏ်များပေးရန် အဖွဲ့ဝင် ၉ ဦး ပါရှိသည့် ‘ဥပဒေပြုကောင်စီ’ အား ဖွဲ့စည်းပေး၏။ ထို ၉ ဦးကော်မတီကား…. ဘုရင်ခံမှ ခန့်အပ်ထားသည့် သူများဖြင့် ဖွဲ့စည်းထားသည့် ကော်မတီဖြစ်၏။ ၁၉ဝ၉ ခုနှစ်တွင်မူ ဒု-ဘုရင်ခံ၏ အမှုဆောင်ကောင်စီအား အဖွဲ့ဝင် ၉ ဦးမှ ၁၇ ဦးအထိ တိုးချဲ့ခဲ့၏။ ကော်မတီဝင် ၁၇ ဦးတွင် ၂ ဦးအား မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်းနှင့် ရန်ကုန် ကူးသန်းရောင်းဝယ်ရေးအသင်းတို့မှ တဦးစီ ရွေးချယ်တင်မြှောက်ပြီး ကျန် ၁၅ ဦးကိုမူ … ဒု-ဘုရင်ခံမှပင် တိုက်ရိုက်ရွေးချယ်ခန့်အပ်၏။

၁၉၁၅ ခုနှစ်တွင် ဒု-ဘုရင်ခံ၏ ဥပဒေပြုကောင်စီအား အဖွဲ့ဝင် ၃ဝ ဦးအထိ တိုးချဲ့၏။ ဥပဒေပြုကောင်စီဝင်၏ သက်တမ်းမှာ ၃ နှစ် ဖြစ်၏။

ဒုတိယဘုရင်ခံ၏ ဥပဒေပြုကောင်စီ ဟူသည်ကား…. မည်ကာမတ္တ ဥပဒေပြုခြင်းမျှသာ…။ ကျပ်တည်းစွာ ချုပ်ကိုင်ထားသည့် ဘုရင်ခံ၏ လွှမ်းမိုးမှုအောက်၌သာ ရှိ၏။ စင်စစ်.. အုပ်ချုပ်ရေးအာဏာက အမှတ် ၁ဝ ဒေါင်းနင်းလမ်းမှ ဆင်းသက်ပြီး၊ ဥပဒေပြုရေး ဟူသည်က…. အင်္ဂလန်ကျွန်းရှိ ပါလီမန်အတွင်းမှ ပြဋ္ဌာန်း၏။

“ဒိုင်အာခီ ဘာလဲ….”

“ဗမာနိုင်ငံ အပါအဝင် အိန္ဒိယနိုင်ငံအား တာဝန်ခံကိုယ်ပိုင်အုပ်ချုပ်ရေးကို တစတစ တိုးမြှင့်၍ ပေးသွားမည်”
မစ္စတာ မွန်တေဂူ
အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန်
၁၉၂၁ ခုနှစ်၊ သြဂုတ်လ ၂ဝ ရက်။

‘မွန်တေဂူ’ ပြောသည့် တာဝန်ခံ ကိုယ်ပိုင်အုပ်ချုပ်ရေးဟူသည်က … ‘ဒိုင်အာခီ’ အုပ်ချုပ်ရေးအား ဆိုခြင်းဖြစ်၏။ ဒိုင်အာခီအုပ်ချုပ်ရေးတွင် အုပ်ချုပ်ရေးဌာနပေါင်း ၁ဝ၂ ဌာန ရှိသည်။ ဗြိတိသျှ-အိန္ဒိယ ဗဟိုအစိုးရမှ ၄၇ ဌာန၊ ဘုရင်ခံမှ ၃၃ ဌာနနှင့် ဗမာပြည်သူများမှ ရွေးချယ်တင်မြှောက်လိုက်သည့် ဥပဒေပြုကောင်စီမှ ၂၂ ဌာန… စသဖြင့် ခွဲဝေအုပ်ချုပ်မည့် အုပ်ချုပ်ရေး ဖြစ်သည်။ ဒိုင်အာခီအုပ်ချုပ်ရေးက အထက်ဗမာပြည်နှင့် အောက်ဗမာပြည်၏ အတွင်း၌သာ သက်ရောက်မည်ဖြစ်ပြီး၊ ရှမ်းပြည်နယ်နှင့် တောင်တန်းဒေသ အုပ်ချုပ်ရေးနှင့်က သက်ဆိုင်ခြင်းမရှိ။ ထိုနယ်များကိုမူ … ခြွင်းချန်နယ်များအဖြစ် ထားရှိပြီး ယခင်အတိုင်း ဘုရင်ခံ၏ တိုက်ရိုက်အုပ်ချုပ်မှု၏ အောက်၌သာ ရှိမည်ဖြစ်၏။

ဒိုင်အာခီလွှတ်တော်အား လွှတ်တော်အမတ် ၁ဝ၃ ဦးနှင့် ဖွဲ့စည်း၏။ ၁ဝ၃ ဦး နှင့် ဖွဲ့စည်းမည့် ဒိုင်အာခီ လွှတ်တော်အတွင်း ဗမာတိုင်းရင်းသားများမှ ရွေးချယ်တင်မြှောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်က …. ၅၈ နေရာရှိ၏။ ကျန်သည့် ၄၅ နေရာကမူ …. ဘုရင်ခံမှ တိုက်ရိုက်ခန့်အပ်မည့် ကိုယ်စားလှယ်နှင့် ကိုလိုနီစနစ်၏ အလိုတော်ရိများအတွက် သတ်မှတ်ပေးထားသည့် ကိုယ်စားလှယ်များသာ ဖြစ်သည်။

ဒိုင်အာခီလွှတ်တော်အတွင်း လူထု၏ ပါဝင်မှုနှင့် ဘုရင်ခံ၏ တိုက်ရိုက်အုပ်ချုပ်မှုအချိုးကား….၅၈း ၄၅…။

‘Dyarchy ’ ဟူသည့် နှစ်ဦးနှစ်ဖွဲ့ (လူထုနှင့် ဘုရင်ခံ) တွဲ၍ အုပ်ချုပ်သည့် အုပ်ချုပ်ရေးဟု ဆိုသော်လည်း …. အဓိကကျသည့် ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး စသည့် ဌာနများကိုက … ဘုရင်ခံမှ ရယူထားပြီး…. လူထုကိုယ်စားလှယ်များထံသို့ အပ်နှင်းထားသည့် ဌာနများက … ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သစ်တော စသည့် အဓိကမကျသည့် ဌာနများသာ ဖြစ်သည်။ ဒိုင်အာခီအုပ်ချုပ်ရေးကောင်စီ၏ ၅ဝဝဝ စား ဝန်ကြီးလေးနေရာတွင်လည်း ဘဏ္ဍာရေးဝန်ကြီးချုပ် (ထိုစဉ်က ဝန်ကြီးအား ဝန်ကြီးချုပ်ဟု ခေါ်သည်) နှင့် ပြည်ထဲရေးဝန်ကြီးချုပ်များကို ဘုရင်ခံမှ တိုက်ရိုက်ခန့်အပ်ပြီး…. ကျန်းမာရေးနှင့် သစ်တောရေးရာ ဝန်ကြီးချုပ် နှစ်ဦးကိုမူ … ဒိုင်အာခီလွှတ်တော်အမတ် ၁ဝ၃ ဦးအတွင်းမှ ရွေးချယ်၍ ဘုရင်ခံမှ သဘောတူလက်ခံမှုနှင့် ခန့်အပ်၏။

ချုပ်ရပါမူ … ဒိုင်အာခီဖွဲ့စည်းပုံက … လူထု၏ ရွေးချယ်တင်မြှောက်သည့် ကိုယ်စားလှယ်များ ပါဝင်သည်ဟု ဆိုသော်လည်း … စင်စစ်တွင်မူ အချုပ်အခြာအာဏာသည် ဘုရင်ခံ၏ လက်အတွင်း၌သာ ရှိနေ၏။ အနှစ်သာရက …. ဒိုင်အာခီဖွဲ့စည်းပုံသည် ကိုလိုနီစနစ် သက်စိုးရှည်ရေးပင်….။

‘GCBA နှင့် ဒိုင်အာခီ’

“ ဒေါင်းယောင်နေ မှေးသကို အခိုက်တွင်မှ
ခေါင်းဆောင်တွေ ရှေးနဂိုရ် မလိုက်ပြန်တော့
အရေးထိုထို၌ အခိုက်အခွင့်မဟန်
(အိုကွယ်)
ခွေးလိုကိုက်ချင်တဲ့ စရိုက်အကျင့်တန်”
(ဆရာကြီးသခင်ကိုယ်တော်မှိုင်း)

၁၉ဝ၆ ခုနှစ် မတ်လအတွင်း ရန်ကုန်ကောလိပ်ရှိ မျိုးချစ်ကျောင်းသားလူငယ်အချို့က …. ခရစ်ယာန်လူငယ်များ၏ YMCA အသင်းကဲ့သို့ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA အား စတင်၍ ဖွဲ့စည်းထူထောင်ကြ၏။ ဦးဘဖေ၊ ဦးမောင်ကြီး၊ ဒေါက်တာဘရင်တို့က YMBA ၏ စည်းရုံးရေးမှူးများ ဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်က YMBA တွင် ဖွဲ့စည်းပုံဟူ၍ မရှိ…။ စည်းမျဉ်းဥပဒေမရှိ…။ တနိုင်ငံလုံး၊ အတိုင်းအတာလည်း မဆောင်သေး….။

၁၉၁ဝ ခုနှစ်တွင်မှ YMBA သည် ဥက္ကဋ္ဌ၊ ဂျင်နရယ်ကောင်စီ စသဖြင့် ဖွဲ့စည်းမှုရှိခဲ့၏။ အသင်းဝင်ပေါင်းမှာလည်း တနိုင်ငံလုံးတွင် တည်ရှိလာခဲ့၏။ နှစ်စဉ်၊ နှစ်ပတ်လည် ညီလာခံများကျင်းပ၍ ဦးဆောင်မှုအသစ်အား ရွေးချယ်ကြ၏။ YMBA က ကိုလိုနီခေတ် မြန်မာနိုင်ငံ၌ ပထမဦးစွာ ဖွဲ့စည်းပေါ်ပေါက်ခဲ့သည့် မြန်မာ့အစည်းအရုံးကြီး ဖြစ်သည်။ သို့သော်… YMBA သည် အမျိုးဘာသာ သာသနာဟူသည့် ဘောင်အတွင်း၌ပင် ရှိနေခဲ့၏။

ထိုစဉ်က … ဖြစ်ရှိနေသည့် မြန်မာ့နိုင်ငံရေးဝန်ကျင်က ဘာသာ၊ သာသနာနယ်ထက် ကျော်လွန်ပြီး တောင်းဆို၍ နေသည်။ ဤတွင် … ၁၉၂ဝ ပြည့်နှစ် ပြည်မြို့၌ ကျင်းပသည့် ၈ ကြိမ်မြောက် YMBA ညီလာခံကြီးမှ … ဝံသာနုအရေးတော်ပုံကြီးအား ရှေ့ဆောင်မှုပြုနိုင်ရန် YMBA အား GCBA မြန်မာ့အသင်းချုပ်ကြီးဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့၏။

ရည်ရွယ်ချက်က …. နိုင်ငံရေးရည်ရွယ်ချက်ဆီသို့… ဦးလှည့်လိုက်၏။ ပထမဦးဆုံးသော ဥက္ကဋ္ဌက ဦးချစ်လှိုင် ဖြစ်၏။ GCBA အား သံဃာ့သမဂ္ဂီများ၊ ကလျာဏယုဝတီအသင်း၊ ဝံသာနုကုမ္မာရီ စသည့် အမျိုးသမီးအသင်းအဖွဲ့များနှင့် သံဃာ့အသင်းအဖွဲ့များမှ ထောက်ခံအားပေးကြသဖြင့် GCBA သည် အကြီးမားဆုံး မြန်မာ့အမျိုးသား တပ်ပေါင်းစုကြီးဖြစ်၍ လာသည်။

၁၉၂၁ ခုနှစ်တွင် ၉ ကြိမ်မြောက် GCBA ညီလာခံကြီးအား မန္တလေးမြို့၌ ကျင်းပ၏။ ရဟန်းကိုယ်စားလှယ်၊ လူ ကိုယ်စားလှယ် စုစုပေါင်း တသိန်းကျော် တက်ရောက်ကြသည့် ညီလာခံကြီး ဖြစ်သည်။ ၁၉၂၁ ခုနှစ် မန္တလေး GCBA ညီလာခံကြီးမှ ‘ဒိုင်အာခီ’ အုပ်ချုပ်ရေးအား ကန့်ကွက်၍ ကိုယ်ပိုင်အုပ်ချုပ်ရေး (Home Rule) ပေးရန် တောင်းဆို၏။ ဗြိတိသျှအစိုးရကမူ… သူ၏ လမ်းညွှန်မြေပုံအတိုင်းပင် ဒိုင်အာခီအုပ်ချုပ်ရေးအား ချရန် လျှောက်လှမ်းလေ၏။

၁၉၂၂ ခုနှစ် ဧပြီလ ၁ဝ ရက်နေ့တွင် ဗြိတိသျှအစိုးရမှ ဖွဲ့စည်းပေးခဲ့သည့် ‘ဝှိုက် စုံစမ်းရေးကော်မတီ’ မှ အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး…. မြန်မာပြည်တွင် ဒိုင်အာခီအုပ်ချုပ်ရေးအား ချမှတ်ရန် လိုအပ်ကြောင်း ထုတ်ပြန်၏။ ပြီးလျှင် …. ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဒိုင်အာခီဥပဒေပြုကောင်စီ (Legislative Council) ရွေးကောက်ပွဲများအား ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာ၏။

ဗြိတိသျှအစိုးရမှ သူ၏ ဒိုင်အာခီလမ်းပြမြေပုံအား အတိအလင်း သတ်မှတ်၍ ဖော်ထုတ်လိုက်သည့် နောက်တွင် GCBA အတွင်း၌ အယူအဆ ၂ ရပ်က သိသိသာသာပင်ကွဲပြား၍လာ၏။ ဦးချစ်လှိုင်၊ ဦးပု (သာယာဝတီ)၊ ဦးထွန်းအောင်ကျော်တို့ကား…. မန္တလေးညီလာခံ ကြေညာစာတမ်းပါအတိုင်း ဒိုင်အာခီအားလက်မခံ…။ သပိတ်မှောက်မည်။ Home Rule တောင်းဆိုချက်အတိုင်း ရပ်တည်မည်။ ဦးဘဖေ၊ ဦးဆောင်သည့် ၂၁ ဦးကမူ …. ဒိုင်အာခီရွေးကောက်ပွဲများအား ဝင်ရောက်၍ ယှဉ်ပြိုင်အရွေးခံမည်… စသဖြင့် ကွဲကြ၏။

သံဃာ့အသင်းအဖွဲ့များနှင့် လူထုအဖွဲ့အစည်းများ အားလုံးက ဒိုင်အာခီအား လက်မခံကြ…။ ဆန့်ကျင် သပိတ်မှောက်ကြ၏။ ဦးချစ်လှိုင် ခေါင်းဆောင်သည့် GCBA နှင့် ပူးပေါင်းကြ၏။ ဦးဘဖေ ဦးဆောင်သည့် ၂၁ ဦးကမူ …. GCBA မှ ခွဲထွက်ပြီး ရွေးကောက်ပွဲဝင်ရန် Nationalist Party အား ထူထောင်ကြ၏။

၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒိုင်အာခီဥပဒေပြုကောင်စီ ရွေးကောက်ပွဲသို့… ဦးဘဖေ၏ Nationalist Party ၊ ဆာဂျေအေမောင်ကြီး၏ Independent Party (ရွှေတောင်ကြားပါတီဟု လူသိများသည်) နှင့် တသီးပုဂ္ဂလများ ဝင်ရောက်ယှဉ်ပြိုင်၍ အရွေးချယ်ခံကြ၏။
ဦးချစ်လှိုင် ဦးဆောင်သည့် GCBA ကမူ ရွေးကောက်ပွဲအား သပိတ်မှောက်၏။ လူထုကိုလည်း ဆန္ဒမဲမပေးကြရန် လှုံ့ဆော်စည်းရုံး၏။

၁၉၂၂ ခုနှစ် ဒိုင်အာခီရွေးကောက်ပွဲက မဲဆန္ဒပေးပိုင်ခွင့်ရှိသူ၏ ၆.၉၂ ရာခိုင်နှုန်းသာလျှင် ဆန္ဒမဲပေးခဲ့သည့် ရွေးကောက်ပွဲ ဖြစ်သည်။ ၉၄.ဝ၈ ရာခိုင်နှုန်းက ဒိုင်အာခီရွေးကောက်ပွဲအား ဆန္ဒမပေး။ ဆန္ဒမပြုခြင်းဖြင့် ရွေးကောက်ပွဲအား သပိတ်မှောက်လိုက်ကြ၏။

ပြည်သူလူထုတွင်က … မိမိ မနှစ်သက်သော အုပ်ချုပ်ရေးစနစ်၏ ကျွန်သက်ရှည်မည့် ရွေးကောက်ပွဲအား ဆန္ဒမပြုခြင်းဖြင့် ဆန့်ကျင်သပိတ်မှောက်ပိုင်ခွင့် ရှိ၏။
ဤသည်ပင် …. ပြည်သူ့အာဏာ ဖြစ်၏။


No comments: