ရဲဘော်ဖိုးသံချောင်း
နအဖဘက်က သေနတ်သံစထွက်ပါပြီ၊ အမြောက်သံလို့ ဆိုရင်လည်း ရပါလိမ့်မယ်။ သေချာတာကတော့ စစ်ကြေညာတာပါ။ သူတို့နဲ့ မတူသူမှန်သမျှကို၊ တပြည်လုံးကို စိန်ခေါ်လိုက်တာပါပဲ။
ဆက်တိုက်ထွက်လာတဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေဆိုတာတွေဟာ ပစ်မှတ်ရှိရှိ ဦးတည်ချက်ရှိရှိ ပစ်လိုက်တဲ့ ကျည်ဆန်တွေ၊ ဗုံးဆန်တွေသာဖြစ်ပါတယ်။ ဘယ်သူ့ကိုပစ်တာ၊ ဘယ်အဖွဲ့အစည်းကို ရည်ရွယ်တာ စတာတွေကို အထူးပြောနေစရာ မလိုတော့ပါဘူး။ နအဖအလိုတော်ရိတွေကိုတောင် ဆွံ့အသွားစေလောက်အောင် ထင်ရှားလှတဲ့ ထိုးနှက်ချက်ဖြစ်ပါတယ်။
ထောင်ထဲကို ရောက်နေတဲ့လူတွေ နိုင်ငံရေးပါတီထဲမှာ ပါဝင်ခွင့်မရှိဘူးဆိုတာဟာ အတိုက်အခံတွေကို ဦးတည်တယ်ဆိုတာ ရှင်းနေပါတယ်။ မြန်မာပြည်မှာ ဥပဒေဘောင်တွင်းမှာ နိုင်ငံရေးလုပ်လို့ အစိုးရကဖမ်းဆီးတယ်၊ အပြစ်ချတယ်ဆိုတာ ဘာမှ မဆန်းတဲ့ကိစ္စပါ။ အခု နအဖရဲ့ ဥပဒေအရ လူတယောက်ဟာ ထောင်ကျခံလိုက်ရတာနဲ့ တပြိုင်နက် တရားဝင် နိုင်ငံရေး လောကရဲ့ အပြင်ဘက်ကိုရောက်သွားပြီဆိုတဲ့ အဖြစ်ကို ရောက်သွားတော့မှာပါ။ ဒါဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သွေးခွဲတာ၊ အားနည်းအောင်လုပ်တာ၊ ဖျက်ဆီးတာ သက်သက်လို့ ဆိုနိုင်ပါတယ်။ တခြားပါတီများရဲ့ အတွင်းရေးကို ၀င်စွက်တာလို့ပြောရင်လည်း ရပါတယ်။ ဒီလိုအပြစ်ဒဏ်ကျခံနေရသူတွေ ပါတီဝင်ခွင့်မရှိဘူးဆိုတဲ့ ဥပဒေမျိုးဟာ အရင်က မြန်မာပြည်မှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး၊ ကိုလိုနီခေတ်တုန်းကတောင် မရှိပါဘူး။ ဖဆပလလက်ထက်တုန်းကတော့ ထောင်ထဲကနေပြီးတော့ လွှတ်တော်အမတ် ၀င်အရွေးခံခဲ့တာတွေတောင် ရှိပါတယ်။ အဲဒီလိုနဲ့ပဲ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အမတ်ဖြစ်လာခဲ့တဲ့ အတိုက်အခံအမတ်တွေ အတော်များများရှိခဲ့ပါတယ်။ ကွယ်လွန်သူ ကဗျာဆရာကြီး ဦးတင်မိုးရဲ့ ငယ်သူငယ်ချင်း ရေစကြိုက ကျောင်းသားအမတ် ကိုကျော်ဟာ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲမှာ ထောင်ထဲကနေ အရွေးခံပြီး အမတ်ဖြစ်ခဲ့သူတဦး ဖြစ်ပါတယ်။ သူဟာ ၁၉၆၉ ခုနှစ်မှာ ကိုကိုးကျွန်းကို အပို့ခံခဲ့ရပါတယ်။
တဆက်တည်းမှာ ဒီချုပ်အခက် ဒို့အကွက်ဆိုပြီး ခေတ်ပျက်အမတ်လုပ်ချင်ကြတဲ့လူတွေ သတိထားသင့်တဲ့ အချက်တခု ထောက်ပြလိုပါတယ်။ မြန်မာပြည်သမိုင်းမှာ ကိုလိုနီခေတ် မင်းတိုင်ပင်အမတ်ကစလို့ မဆလခေတ်အထိ အမတ်ဖြစ်ခဲ့သူတွေ အမျိုးမျိုးရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ဂုဏ်သရေတကယ်ရှိခဲ့၊ ကိုယ်တိုင်က တကယ်ဂုဏ်ယူနိုင်ခဲ့တဲ့ အမတ်မျိုးဟာ အများက အသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲမှာ တင်မြှောက်ခံရတဲ့ အမတ်တွေသာ ဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။ အထူးသဖြင့် အာဏာရအစိုးရရဲ့ နည်းမျိုးစုံညစ်ပတ်၊ ဖိနှိပ်မှုတွေအကြားက အမတ်ဖြစ်လာသူတွေကို ပြည်သူတွေက သတိရနေကြပါတယ်။ မဆလခေတ်က အမတ်ဖြစ်ခဲ့သူတွေဟာ သူတို့နာမည်နောက်မှာ မဆလလွှတ်တော် ကိုယ်စားလှယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို အသားယူ တွဲချိတ်ကြလေ့ မရှိသလောက်ပဲဆိုတာ မမေ့သင့်ပါဘူး။ ဒီတခါ နအဖရဲ့ရွေးကောက်ပွဲမှာ အမတ်ဖြစ်လာရင်လည်း နောင်မှာ ကိုယ့်ဟာကိုယ် ရှက်နေရမယ့်အဖြစ်နဲ့ ကြုံရနိုင်ပါတယ်။
နအဖဟာ သူတို့သက်တမ်းတလျှောက်မှာ သူတို့နဲ့မတူသူတွေကို စံကျတဲ့သွေးခွဲနည်းတွေနဲ့ သွေးခွဲရင်ဆိုင်နေခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲက ‘တတ်သိ’ အစုတွေကို ဖမ်းဆီးတဲ့နည်းနဲ့ အဖွဲ့ချုပ်ထဲက ခွဲထုတ်ခဲ့သလို ငြိမ်းအဖွဲ့တွေကိုလည်း ခွဲလိုက်တာမှ အစိတ်စိတ်မြွှာမြွှာဖြစ်ကုန်တဲ့ အထိပါပဲ။ အခုလည်းပဲ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ ကလေးတောင် သိပါတယ်။ ဒီလိုအနေအထားအောက်မှာ ဗိုလ်ချုပ်တွေဟာ “ဘောလုံးဟာ တဖက်ကွင်းထဲရောက်နေပြီ” လို့ပြောပြီး ဒူးနှန့်နေကောင်း နေပါလိမ့်မယ်။
ဒီဥပဒေတွေဟာ နအဖအစိုးရက ဖန်တီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည်တို့ရဲ့ “စကားပြောပွဲ” ရဲ့ ရလဒ်လားလို့ မေးလိုက်ဖို့ကောင်းပါတယ်။ နအဖဗိုလ်ချုပ်တွေရဲ့ မရိုးသားမှု၊ စဉ်းလဲမှုတွေကို တခါထပ်တွေ့ရတာပဲလို့ ပြောရမှာပါ။ မြန်မာပြည်သားတွေရဲ့ အမျိုးသားရင်ကြားစေ့ရေးကို မြင်လိုမှု၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင်ကြေညာချက်အပေါ် အားတက်နေမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်သန်းရွှေထံပေးစာကို ဘယ်လိုအကြောင်းပြန်မလဲလို့ သိချင်နေကြတဲ့ မျှော်လင့်မှု၊ ဒါတွေအားလုံးကို နအဖက အခု တချီတည်းနဲ့ အပြတ်အဖြေပေးလိုက်တယ်လို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်စုရယ်လို့ စဖြစ်ပေါ်လာကတည်းက ဒင်းတို့ဟာ လက်နက်ကိုင်တပ်အားကိုးရှိနေတော့ ဘယ်တုန်းကမှ တဖက်သားနဲ့ စေ့စပ်တယ်လို့ မလုပ်ခဲ့ပါဘူး။ စေ့စပ်တယ်ဆိုတဲ့ အသုံးအနှုန်းတေ၊ွ ၀ါဒဖြန့်တာတွေကို အသုံးပြုခဲ့ပေမယ့် လက်တွေ့ကျတော့ တဖက်သားကို လက်နက်ချခိုင်းတာချည်းပဲ ဖြစ်ပါတယ်။ ဒီနေ့ ငြိမ်းအဖွဲ့တွေနဲ့ မပြေမလည်ဖြစ်နေတာရဲ့ အဓိကအကြောင်းရင်းဟာလည်း ဒါကြောင့်ပဲ ဖြစ်ပါတယ်။ အခု ဒီရွေးကောက်ပွဲကို အဲဒီမူအတိုင်းပဲ ထပ်လုပ်မှာဖြစ်တဲ့အတွက် သူတို့ဆီကို လက်နက်အကြိမ်ကြိမ်ချနေသူတွေ၊ သူတို့ပြောသမျှ လက်ခံတယ်ဆိုတဲ့လူတွေသာ ဒီအစီအစဉ်ကို ထောက်ခံပြီး ကျန်တဲ့ ကိုယ့်သိက္ခာ ကိုယ်တန်ဖိုးထားသူမှန်သမျှက လက်မခံနိုင်ဖြစ်နေတာပါ။ ၁၉၉၈ ခုတုန်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ်များက ရက်ပေါင်း (၆၀) အတွင်း လွှတ်တော်ခေါ်ပေးဖို့ပြောတော့ နအဖက လူတွေ အများကြီး ဖမ်းဆီးခဲ့တာကို ပြန်ပြီး စဉ်းစားကြည့်ပါ။ အခုတော့ သူတို့က အဖွဲ့ချုပ်ကို ရက် (၆၀) သတ်မှတ်ပေးပြီး မှတ်ပုံတင်ခိုင်းနေပြီ မဟုတ်လား။ ဒါနဲ့တဆက်တည်း ငြိမ်းအဖွဲ့တွေကိုလည်း နောက်ဆုံးရက်သတ်မှတ်ချက်တွေနဲ့ချည်း တောင်းဆိုနေတာနဲ့ တွဲကြည့်လိုက်ရင် စစ်အစိုးရဟာ နိုင်ငံရေးမှာလည်း အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်တွေကို လက်နက်ပြပြီး ဓားပြတိုက်သလိုသာ လုပ်တယ်ဆိုတာကို ထပ်တွေ့ရပါမယ်။
နအဖရဲ့ ဒီခြေလှမ်းဟာ အထက်မှာပြောခဲ့သလို အတိုက်အခံတွေနဲ့၊ ပြည်သူလူထုကို အဖြေပေးကြေညာလိုက်တာ ဖြစ်ရုံသာမက နိုင်ငံတကာရဲ့ သဘောထားအမျိုးမျိုးကိုလည်း တပါတည်းအပြတ် တုံ့ပြန်ပြလိုက်တာဖြစ်ပါတယ်။ “နအဖလေးကို ပစ်မထား ကြပါနဲ့၊ ဆက်ဆံကြည့်ကြပါ” လို့ ပြောနေသူတွေ၊ “နည်းနာသစ်နဲ့ ချဉ်းကပ်မယ်” လို့ဆိုသူတွေ၊ “အပြင်မှာမထားနဲ့ အထဲကို သွင်းပြီး ပြောင်းလဲယူရမယ်” လို့ ဆိုတဲ့သူတွေ အားလုံးကို အခု နအဖက အဖြေပေးလိုက်ပြီ မဟုတ်လား။ နအဖဆိုတာ နအဖပဲ။ စစ်အာဏာရှင်ဆိုတာ စစ်အာဏာရှင်ပဲဖြစ်ကြောင်း ထပ်ပြလိုက်ပြန်ပါပြီ။
ဒီတော့ ဒီတပွဲမှာလည်း သေနတ်သံစထွက်တာဟာ နအဖဘက်က ဖြစ်တယ်ဆိုတာကို မှတ်တမ်းတင်ဖြစ်အောင်တင်ရပါမယ်။ နောက်ဆက်တွဲဖြစ်လာမယ့် တင်းမာမှုတွေဟာ ဒီသေနတ်သံကြောင့် ဖြစ်လာတာတွေလို့ ဆိုရမှာပါ။ တကယ်လို့သာ နအဖ ဘက်ကသာ ငြိမ်းချမ်းရေးတေးသံထွက်လာရင် ပိုမိုစိမ်းလန်းစိုပြည်တဲ့ အကျိုးဆက်ကိုမြင်ရနိုင်ပါတယ်။ အခုတော့ တိုင်းပြည်ရဲ့ အလားအလာဟာ ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတဲ့ အခြေအနေရောက်နေပါပြီ။ မြန်မာပြည်မှာ နိုင်ငံရေးတင်းမာမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖန်တီးတာလို့ ဆိုနေတဲ့သူတွေ မှတ်ထားသင့်ပါတယ်။ အခု တင်းမာမှုအသစ် ထပ်ပေါ်လာပါပြီ။ လွယ်လွယ်နဲ့ ပြေလည်စရာအကြောင်းမရှိဘူးလို့ ဆိုနိုင်ပါတယ်။
နအဖရဲ့ အစဉ်အလာ လုပ်ထုံးလုပ်နည်းကို ပြန်ကြည့်ရင် အခုအခါ သူတို့ဘက်က အကုန်လုံးအသင့်ပြင်ပြီးသားလို့ ယူဆစရာ ရှိပါတယ်။ ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲတယ်ဆိုပြီး နိုင်ငံပိုင်ပစ္စည်းတွေကို ထုခွဲနေတာတွေကိုက အဲဒီလို ပြင်ဆင်မှုတွေထဲက တခုလို့ဆိုရင် မမှားပါဘူး။ ဖောင်ဖျက်တယ်လို့ ပြောရင်တောင် ရမလားပါပဲ။ ရေဒီယိုတွေ၊ သတင်းဌာနတွေရဲ့ အဆိုအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားနိုင်ငံရေးအင်အားစုတွေလည်း အသီးသီးပြင်ဆင်နေရတယ်ဆိုတာ တွေ့ရပါတယ်။ တောင်စွယ်နေမကွယ်မီ ရင်ဆိုင်ကြတော့မှာပါ။
ဒါဟာ နိဂုံးရဲ့အစတောင် ဖြစ်သွားနိုင်ပါတယ်။
No comments:
Post a Comment