Sunday, March 21, 2010

သင်္ကြန်အမြောက်လုပ်ဟန် နှင့် တရုတ်ထံပေးစာ

ရွှေလီမှ နေခြည်

မတ်လ ၁ဝ ရက်နေ့ မတိုင်မီ နယ်ခြားစောင့်တပ်လက်မခံပါက ဝပြည်သွေးစည်းညီညွတ်ရေးပါတီအား အင်အား သုံး တိုက်ခိုက်မည်ဟု ရေးသားထားသော စာအား စရဖချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်မှ တဆင့် တရုတ်နိုင်ငံ ခြားရေးဋ္ဌာနသို့ မတ်လ ၃ ရက်နေ့က ပေးပို့ထား ကြောင်း သိရသည်။ နအဖ စစ်တပ်ကိုယ်စားလှယ်က မတ်ခ်ျ ၁ဝ ရက်နေ့မတိုင်မီ ဝ တပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချမ်းနှင့် နောက်ထပ်တစ် ကြိမ် တွေ့ဆုံဆွေးနွေးလိုပြီး ၄င်းတွေ့ဆုံစဉ် အတွင်း နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးလက်မခံပါက ဝ တပ်ဖွဲ့ အား စစ်ရေးအရ တိုက်ခိုက်မည်ဟု ဆိုသည်။

ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့၌ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ဝတပ်ဖွဲ့တို့ နောက် ဆုံး တွေ့ဆုံသည့် အခြေအနေကို နအဖ က တရုတ်ထံ စာပေးပို့ခြင်းဖြစ်ပြီး ဝ တပ်၏ တောင်း ဆိုမှုများကို ပယ်ချထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုက တစ်ခဲနက် ထောက်ခံပြီးဖြစ်သောကြောင့် ဝ တပ်ဖွဲ့၏ တောင်းဆိုချက် များကို မလိုက်လျောနိုင်ကြောင်း ၄င်းစာတွင်ရေးသားထားကြောင်း သိရသည်။

သို့သော် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ မတ်လ ၁ဝ ရက်နေ့ မတိုင်မီ ဝ ဥက္ကဋ္ဌ ပေါက်ယူချမ်းနှင့် ထပ်မံ ဆွေးနွေးလိုကြောင်း နအဖ ဘက်က တောင်းဆိုထားသည်။

နှစ်ဘက်တွေ့ဆုံဆွေးနွေးရန် သတ်မှတ်ထားသောရက် ကျော်လွန်လာသည့်တိုင် ဝ ကိုယ်စားလှယ်များအား နအဖ စစ်တပ်က ဖိတ်ခေါ်ခြင်း မရှိသေးကြောင်း သိရသည်။

ယနေ့အထိ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အဆိုကို ၀ တပ်ဖွဲ့က ဆက်လက်ငြင်းဆန်နေဆဲဖြစ်ပြီး နအဖ စစ်တပ် က အင်အားသုံးတိုက်မည်ဆိုသည့် အစီအစဉ်မှာလည်း လက်တွေ့ အကောင်အထည် ဖေါ်ခြင်းမရှိပေ။

အပြောင်းအလဲတစ်ခု အနေဖြင့် မတ်လ ၈ ရက်နေ့တွင် နအဖက ရွေးကောက်ပွဲ ဥပဒေများ ထုတ်ပြန်လိုက် သည်။

လတ်တလောတွင် လက်နက်ကိုင်များအား မီးကုန်ယမ်းကုန် တိုက်ခိုက်ရန် နအဖ စစ်တပ်က စစ်ရေးပြင်ဆင်မှု နေသည်ဆိုသော သတင်းများ ထွက်ပေါ်လာသည်။

တရုတ်ထံပေးပို့ထားသော စာပါ အချက် ၄ ချက်

မတ်လ ၁ဝ ရက်မတိုင်မှီ တွေ့ဆုံဆွေးနွေးပွဲအတွင်း နယ်ခြားစောင့်တပ် လက်မခံလျှင် ဝတပ်ဖွဲ့အား မြန်မာ စစ်တပ် က လုပ်ဆောင်ရန် တရုတ်အား အသိပေးသည့် အချက် ၄ ချက်မှာ

(၁ ) ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ အား မတရားသင်းအဖြစ် ကြေငြာမည်
(၂) လက်နက်ချရန် တောင်းဆိုမည်
(၃) လက်နက်မချပါက ဝ တပ်ဖွဲ့ကို အင်အားသုံး တိုက်ခိုက်ချေမှုန်းမည်
(၄) တရုတ်ပြည်သူ့လက်နက်ကိုင်တပ်များနှင့် ဋ္ဌာနဆိုင်ရာများ နယ်စပ်တစ်လျှောက် အသင့်ပြင်ထားရန်
တို့ဖြစ်ကြောင်း သိရသည်။

စာပေးရခြင်း၏ ရည်ရွယ်ချက်

ယခုစာပေးပို့ရခြင်းနှင့် ပတ်သက်၍ တရုတ်နယ်စပ်မှ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်ရာတွင် “နယ်စပ် လက်နက်ကိုင်တပ်တွေ တရုတ်နဲ့ပတ်သက်နေတယ်ဆိုတာကို တရုတ်သိအောင် ပြောချင်တဲ့ သဘော ပေါ့။ နယ်စပ်ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ကိုသောကဗျာပါဒ မီးတွေ တောက်လောင်နေအောင် လုပ်ချင်တဲ့ ရည်ရွယ်ချက်လည်းပါတယ်။ ဝ ကို တရုတ်ကနေဖိအားပေးလာအောင်ပေါ့ ” ဟု သူက ဆိုသည်။

အဆံမရှိသော သင်္ကြန်အမြောက်

နယ်စပ်ဒေသများရှိ လက်နက်ကိုင်အပစ်ရပ်များအား ထိုးစစ်ဆင်ရန် အတွက် နအဖ စစ်တပ်မှ စစ်ရေးပြင်ဆင်မှုပြု လုပ်နေကြောင်း မတ်လဆန်းမှစ၍သတင်းမျာထွက်နေခြင်း ဖြစ်သည်။

ထိုးစစ်ဆင်ရန် တိုက်ခိုက်ရေး အင်အား ၇ သောင်းဝန်းကျင်ရှိ နအဖစစ်တပ်ကြီး နယ်စပ်ဒေသ များသို့ ပို့လွတ်ထားကြောင်း ဆိုနေသည်။

အဆိုပါ အင်အားမှာလက်ရှိ နအဖ စစ်တပ်ဖွဲ့စည်းပုံအရ တိုက်ခိုက်ရေးတပ်ရင်း ၁ဝ ရင်းပါဝင်သည့် တပ်မ တစ်ခု အင်အား ၂ဝဝဝ ဝန်းကျင်ရှိပါက တပ်မ ၃၅ ခုစာနှင့်ညီမျှသော အင်အားဖြစ်သည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ဖီဆန်အာခံနေသော လက်နက်ကိုင်သူပုန်များတည်ရှိရာ ကချင်ပြည်နယ် တွင် မြန်မာ စစ်တပ်မှ တိုက်ခိုက်ရေးတပ်ရင်း (၄၅) ရင်းခန့် (လက်ရုံးတပ်မပါ) နှင့် သျှမ်းပြည်တွင် တိုက်ခိုက်ရေး တပ်ရင်း ၁၅၃ ရင်း ခန့်ရှိသည်။

အဆိုပါ တပ်ရင်းများတွင် စုစုပေါင်း တိုက်ခိုက်ရေး အင်အား ၂ သောင်းဝန်းကျင်သာရှိပြီး အခြားစစ်တိုင်းများမှ ကျန် အင်အား ၅ သောင်းအတွက် ထပ်မံဖြည့်တင်းရသည့် အနေအထားဖြစ်သည်။

“သတင်းအရဆို ကချင်ပြည်နယ် ဗန်းမော်မှာ တပ်မ ၆၆ ရောက်နေတယ်၊ ကေအိုင်အိုက တကယ်အချက် အခြာ ထားတဲ့ မြစ်ဆုံဘက်မှာ တပ်မ ၇၇ ရောက်နေတယ်၊ နားဖေါ့စခန်းမှာ ၁ဝ၅ မီလီမီတာ အမြောက်ကြီးတွေ တင် ထားတယ်၊ နောက်ပြီးတော့ တပ်ရင်းတစ်ရင်းကို နှစ်ရင်းဖြစ်အောင် ပေါင်းထားတယ် စသဖြင့်ပေါ့၊ သတင်း တွေလျှောက်ဖြန့်နေတာ တကယ်တိုက်ဖို့ထက် ခြိမ်းခြောက်တဲ့ သဘောပါတယ်လို့ ယူဆတယ်” ဟု စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

၂ဝဝ၉ သြဂုတ်လကုန်ပိုင်းတွင် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံသော ဦးဖုန်ကျားရှင်းခေါင်းဆောင် သည့် မြန်မာဒီမိုကရက်တစ် မဟာမိတ်တပ်မတော်အား နအဖစစ်တပ်က “ပြည်သာယာစစ်ဆင်ရေး” အမည်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

No comments: