ဇာနည်မာန်
ညို့မှိုင်းမှိုင်းတောင်တွေ၊ အပင်တွေ ကျိုးတိုးကျဲတဲနဲ့ တောင်ပူစာတွေ တလုံးပြီး တလုံးကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ မြွေလိမ် မြွေကောက် အဆင်းအတက်လမ်းတွေရဲ့ ချောက်ကမ်းပါးဘက်တွေမှာ ကပ်တွယ်တည်ဆောက်ထားတဲ့ နှစ်ထပ်သုံးထပ် အိမ်လေး တွေဆီက ဂျောက်ဂျက် ဂျောက်ဂျက်နဲ့ ရက်ကန်းခတ်သံတွေ ညံစီနေပါတယ်။
ဒီနေရာလေးကတော့ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ကို အလုပ်လာလုပ် ကြတဲ့ မြန်မာနိုင်ငံသားတွေနေထိုင်ကြတဲ့ ဇောင်းတွီ ဆိုတဲ့ နေရာလေးပါပဲ။
မြို့အစွန်ဘက်က ဒီနေရာလေးဟာ အိုက်ဇောမြို့ရဲ့ စက်မှုဇုန်လေးဆိုရင်လည်း မမှားပါဘူး။ ဒီနေရာမှာကတော့ အများစုက ရက်ကန်းရုံတွေပဲ ဖြစ်ပြီး ရက်ကန်းလုပ်သားတွေ အားလုံးလိုလိုဟာ မြန်မာနိုင်ငံသားတွေပါ။
ရက်ကန်းရုံတွေ ပတ်ဝန်းကျင်က တောင်စောင်းတွေ၊ လမ်းတွေပေါ်မှာ ခုန်ပေါက် ဆော့ကစားနေကြတဲ့ ကလေးငယ်လေးတွေကို တွေ့ရသလို သွပ်မိုးသွပ်ကာ သစ်ရိုင်း ဒေါက်တိုင် ပျဉ်ခင်း တွေနဲ့ ခပ်ကြမ်းကြမ်း ဆောက်ထားတဲ့ နှစ်ထပ်အိမ်လေးတခုထဲ ရောက် သွားချိန်မှာတော့ အပြင်က နေအရှိန်နဲ့ ပူလောင်နေပြီး ရက်ကန်းခတ်သံတွေနဲ့အတူ အိမ်လေးဟာ ယိမ်းနွဲ့လှုပ်ရှားနေတာကို ခံစားလိုက်ရပါတယ်။
အဆင်စုံ အရောင်အသွေးစုံ အထည်တွေ ရက်လုပ်နေတဲ့ ရက်ကန်းစင်တွေ အပြည့်နဲ့ အခန်းကျဉ်းလေးထဲမှာတော့ သူတို့တွေ အိပ်စက်ရာ ခုတင်ငယ်လေးတွေ၊ အ၀တ်အထည် အသုံးအဆောင်တွေ၊ ချက်ပြုတ်စားသောက်စရာ အိုးခွက်ပန်းကန်တွေ စီတန်း ထားတဲ့ စင်လေးတွေနဲ့ ကျပ်ညပ်နေပါတယ်။
“ဒီမှာကတော့ ငါးသေတ္တာ ဘူးထဲ အထည့်ခံထားရသလိုပါပဲ၊ ဒါပေမယ့်လည်း ကျမတို့ နေတတ်ပါတယ်၊ တနေ့လုံး စားချိန်နဲ့ အိပ်ချိန်ကလွဲလို့ ရက်ကန်းစင်ပေါ်က ဆင်းတာမဟုတ်တော့လေ၊ တခါတလေတော့လည်း ကိုယ့်ရပ်ရွာက အိမ်နေရာ ကျယ် ကျယ်ကို သတိရတာပေါ့”လို့ ဒေါ်မြင့်က ရက်ကန်းရက်ရင်း ပြောပြပါတယ်။
မြန်မာနိုင်ငံ အရပ်ဒေသအစုံက အိုက်ဇောကို ရောက်လာတဲ့ သူတွေထဲမှာ မုံရွာက အသက် ၅၀ အရွယ် ဒေါ်မြင့်လည်း တယောက် အပါအ၀င်ပါပဲ။ သူဟာ ဒီရက်ကန်းအိမ်လေးထဲမှာ အခြား အလုပ်သမား ၃၀ လောက်နဲ့ အတူတူနေတာ ဖြစ်ပါတယ်။
သူတို့တွေဟာ တပတ်မှာ တနင်္ဂနွေတရက် နားရက် ရကြပါတယ်။ ဒီလို နားရက်ရပေမယ့်လည်း ၀မ်းရေးအတွက် အထည်တွေပို ထွက်အောင်ဆိုပြီး အနားမယူဘဲ ရက်ကန်းခတ်တဲ့သူတွေလည်း ရှိပါတယ်။
ရက်ကန်းရုံပိုင်ရှင်တွေကတော့ တပတ်တခါ စနေနေ့တိုင်း ရက်လုပ်ပြီးတဲ့ အထည်တွေကို လာသိမ်းရင်း လုပ်အားခငွေတွေ လာပေးလေ့ရှိတယ်လို့ ပြောပြကြပါတယ်။
သူက“တပတ်ကို အနည်းဆုံး ငါးရာ ခြောက်ရာကနေ တထောင် လောက်အထိ ရတတ်တယ်၊ အိမ်ကလည်း လခမပေးရဘူး ဆိုတော့ စားစရိတ် တပတ်ကို တရာ နှစ်ရာ လောက်ဖယ်လိုက်ရင် ကျန်တာက စုလို့ရတယ်၊ ဗမာပြည်မှာတုန်းကဆို ဘယ် လောက် လုပ်လုပ် အဲ့ဒီလောက်အထိ မရတော့ ဒီမှာ ခဏ အပင်ပန်းခံရကျိုးနပ်တာပေါ့”လို့ ပြောပါတယ်။
သူတို့ အများစု ရက်ကြတာကတော့ အမျိုးသမီးဝတ် ရိုးရာလုံချည်တွေဖြစ်ကြပြီး လုံခြည် တကွင်းအတွက် ရက်လုပ်ခ ရူပီး ၁၅၀ ခန့်ရကြပါတယ်။ မြန်မာငွေနဲ့ လဲလှယ်မယ်ဆိုရင် ငွေလဲနှုန်းက တရူပီးကို ၂၀ ကျပ် ၀န်းကျင်ရှိတာကြောင့် မြန်မာပြည်မှာ အလုပ် လုပ်တာထက်စာရင် ငွေပိုရတယ်လို့ သူတို့က ပြောကြတာပါ။
“ရောက်ခါစကတော့ မခတ်တတ်ဘူးပေါ့၊ ဒီရောက်မှ သင်လိုက်တော့လည်း ၁ လလောက်နဲ့ ကောင်းကောင်းတတ်သွားတယ်၊ ရိုးရိုးအဆင်ဆိုရင် ခတ်ရတာ မြန်တော့ တရက်တည်းနဲ့ ၂ ကွင်းပြီးတာ ရှိသလို အဆင်ဆန်းတယ်ဆိုရင် တကွင်းတည်းကို ၂ ရက် ရက်ရတာလည်း ရှိတယ်”လို့ ဒေါ်မြင့်က ပြောပြပါတယ်။
ကိုယ့်ရပ်ကိုယ့်ရွာကို သတိရတယ်လို့ သူပြောနေပေမယ့် မပြန်ချင်ဘူးလို့ ဆိုလာပြန်ပါတယ်။ သူမပြန်ချင်တဲ့ အကြောင်းအရင်း ကတော့ မြန်မာပြည်ဟာ တစုံတခု ပြောင်းလဲလာမယ်လို့ သူမမျှော်လင့်လို့ပါတဲ့။
“ရွေးကောက်ပွဲသာ ပြောနေတာ အဲ့ဒါကြီး ပြီးသွားလည်း အဒေါ်တို့ ဆင်းရဲသားတွေကတော့ ဒီထက်ပိုပြီး ချမ်းသာလာမှာ မဟုတ် ဘူး၊ ဒီထက်ပိုဆိုးချင်ဆိုးမှာ၊ ဒေါ်စုကိုမှ ပြန်မလွှတ်ပေးဘဲ၊ နှစ်တွေကြာလှပြီလေ၊ ဘာမှ ပိုထူးလာမှာ မဟုတ်တော့ ပြန်လည်း မထူးပါဘူးကွယ်”လို့ စိတ်ပျက်လက်ပျက် ညည်းတွားနေပါတော့တယ်။
မီဇိုရမ်လို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်တွေဖြစ်တဲ့ မဏီပူရ်ပြည်နယ်နဲ့ အာသံပြည်နယ် စတဲ့ဒေသတွေက အမျိုးသမီးတွေ ဟာ လုံချည်ကို ၀တ်လေ့ရှိတာမို့ ရက်ကန်းထည်တွေဟာ ဒီပြည်နယ်တွေရဲ့ အ၀တ်အထည် လိုအပ်ချက်ကို တနည်းတဖုံ ဖြည့် ဆည်း ပေးနေတာပဲ ဖြစ်ပါတယ်။
ရက်ကန်းရုံပိုင်ရှင်တွေကတော့ အိုက်ဇောမြို့ထဲမှာပဲ နေထိုင်ကြပြီး ရက်ကန်းရုံတွေကို ဦးစီးဖို့ ရုံထဲက တယောက်ယောက်ကိုပဲ လစာနှုန်းထားသပ်သပ်နဲ့ ခန့်အပ်ထားတတ်ကြပါတယ်။ ဒါကြောင့်မို့ ဇောင်းတွီဟာ မြန်မာနိုင်ငံသားတွေချည်း သီးသန့်နေကြတဲ့ နေရာလေး တခုလို ဖြစ်နေပါတယ်။
အိမ်တွေရဲ့နောက်ကျောတောင်စောင်းတွေ၊ အရှေ့ဘက် မြေကွက်လပ်တွေမှာ တပိုင်တနိုင်စိုက်ထားတဲ့ သီးပင်စားပင်လေးတွေ ကိုလည်း တွေ့ရပါတယ်။ တတ်နိုင်သူ အဆင်ပြေသူတချို့က မွေးထားတဲ့ ၀က်ခြံတချို့ကိုလည်း တွေ့ရပါတယ်။
ခရစ်ယာန် ဘာသာ အများစု ကိုးကွယ်တဲ့ နယ်မြေဖြစ်လေတော့ မြန်မာနိုင်ငံသား ရက်ကန်းသမားတွေအဖို့ ပျော်ပါးစရာ ပွဲတော် ဟာ သင်္ကြန်နဲ့ မြန်မာနှစ်သစ်ကူး ပွဲတော် အချိန်ကာလပဲဖြစ်တယ်လို့ သူတို့က ပြောပြကြပါတယ်။
တနှစ်ပတ်လုံး လက်ခတ်သံ စီညံနေတတ်တဲ့ ဇောင်းတွီက လက်ခတ်သံတွေဟာ သင်္ကြန်တွင်း တပတ်လုံးမှာ ထူးထူးခြားခြား ဆိတ်ငြိမ်နေပြီး အချင်းချင်း ရေပက်ကစားကြရင်း၊ စားသောက်ဖွယ်ရာတွေ ပြင်ဆင်စားသောက်ရင်း စနောက်ရယ်မောသံတွေနဲ့ သာ စည်ကားနေလေ့ ရှိပါတယ်။ ရက်ကန်းရုံတွေ အားလုံး ညီတူညာတူ အလုပ်တွေ ရပ်ပြီး တနှစ်မှတခါ ပျော်ပါးကြရတာမို့ လုပ်ငန်းရှင်တွေကလည်း တစုံတရာ ပြောဆိုလေ့ မရှိကြပါဘူး။
ဒါပေမယ့် လူနည်းစု ဖြစ်နေကြတဲ့အတွက် ပတ်ဝန်းကျင် ဒေသခံတွေက နှိမ်တာ၊ ခွဲခြား ဆက်ဆံတာတွေကို ခံစားနေကြရပေမယ့် ကိုယ့်အသိုင်းအ၀ိုင်းလေးနဲ့ကိုယ် စုစည်းနေထိုင်ရင်း ဘ၀အမောတွေကို ကြိုးစားဖြေဖျောက်နေကြတာကို သူတို့တွေရဲ့ မျက်ဝန်း တွေထဲမှာ တွေ့နေရပါတယ်။
သောက်သုံးရေ ရှားပါးတဲ့ တောင်ပေါ်မြို့လေးမှာ နွေရာသီ ရောက်လာပြီဆိုရင်ဖြင့် အများနည်းတူ ဇောင်းတွီက ရက်ကန်းသမား တွေအဖို့ ရင်မောကြရတဲ့ အချိန်ပါပဲ။ ရေပေးဝေရေးက ရေမလာလို့ ရက်ကန်းရုံတွေနားက အများပိုင် လက်နှိပ်ရေတွင်းမှာ လက် ဆွဲ ရေပုံးတွေ အစီအရီတင်ထားတဲ့ လှည်းကလေးတွေ တန်းစီနေချိန်မှာတော့ ရက်ကန်းသမတစု သူတို့ရေပုံးလေးတွေနားမှာ စိတ်ပျက် လက်ပျက် ထိုင်နေကြတာကို တွေ့လိုက်ရပါတယ်။
ရေမလာဘူးလား။ ရေခပ်ဖို့ စောင့်နေတာလားလို့ မေးကြည့်လိုက်တော့ သနပ်ခါး အဖွေးသားနဲ့ ရက်ကန်းသမလေး တယောက်က “ကျမတို့က တပုံး ၅ ရူပီးနဲ့ ၀ယ်ရမှာ၊ သူတို့က ဗမာဆို လာမခပ်နဲ့ ၀ယ်လို့ ပြောလို့ သူတို့ပုံးတွေ ပြည့်သွားတဲ့အထိ စောင့်နေကြ တာ”လို့ ပြန်ဖြေပါတယ်။
အမှန်တော့ ဒီရေတွင်းကရေတွေဟာ ဒီပတ်ဝန်းကျင်က လူတွေအတွက် အခမဲ့ လိုရာသုံးဖို့ လုပ်ထားတဲ့ရေတွင်းပါပဲ။ တခါ တလေမှာတော့ အခမဲ့ ရေခပ်ခွင့်ရလေ့ရှိတယ်လို့ သူတို့က ပြောပြပါတယ်။
ဒါဆို နွေရာသီ ရေရှားတော့ သင်္ကြန်တုန်းက ရေမပက်ဖြစ်ဘူးလားလို့ မေးကြည့်တော့ သူတို့က“ဘယ်အလွတ်ခံပါ့မလဲ၊ ၀ယ် ပက်တာပေါ့”လို့ ရယ်ကြဲကြဲနဲ့ ပြန်ပြောကြပါတယ်။
လူမျိုးစွဲ ဒေသစွဲကြီးမားတဲ့ ဒီဒေသရောက် မြန်မာနိုင်ငံသားတွေကို ဒေသခံတွေက မကြည်ဖြူကြတဲ့ အကြောင်းချက်တွေထဲမှာ လူငယ်ချင်း စကားများ ရန်ဖြစ်ကြတဲ့ အကြောင်းအချက်တွေ ပါလေ့ရှိသလို အထင်အမြင်လွဲမှားမှုကြောင့် ဖြစ်ရတာတွေကလည်း ဒုနဲ့ဒေးပါပဲ။
“တလောက လူငယ်ချင်း စကားများကြတာမှာ မီဇို လူငယ်လေး တယောက် အရိုက်ခံရတယ်ပေါ့၊ ရိုက်လိုက်တဲ့သူက နီးရာ ရက်ကန်းရုံထဲ ပြေးဝင်တော့ ဒါဟာ မြန်မာနိုင်ငံသားပဲ ဆိုပြီး မီဇိုလူငယ်တွေက အဲ့ဒီ ရက်ကန်းရုံကလူတွေကို ၀င်ရိုက်တာတွေ၊ လမ်းမှာ တွေ့တဲ့ မြန်မာနိုင်ငံသားတွေကို ရိုက်တာတွေ ဖြစ်တယ်၊ ဒါပေမယ့် နောက်ဆုံးမှ အဲ့ဒီလူငယ်လေးဟာ ဒေသခံ လူငယ် လေးဖြစ်နေတော့ ပြဿနာ ရှင်းသွားတယ်”လို့ မြန်မာ့ လူမှုရေးအသင်းက ကိုထွေးက ပြောပြပါတယ်။
၂၀၀၇ ခုနှစ်လောက်တုန်းကလည်း မီဇိုမိန်းကလေးငယ်တယောက်ကို မြန်မာနိုင်ငံသားလို့ ယူဆရတဲ့ သူတယောက်က မုဒိန်းကျင့် လိုက်တယ်ဆိုတဲ့ သတင်းတွေနောက်မှာလည်း ဖိနှိပ်မှုမျိုးစုံကို ခံစားကြရဖူးတယ်လို့ ဆိုကြပါတယ်။
သူက“အမှုမှန် မပေါ်သေးချိန်မှာတော့ ကိုယ်တွေက လူနည်းစုဖြစ်တော့ အထင်လွဲတာတွေ ခံရတာပေါ့လေ၊ နောက်တော့လည်း ပြေလည်သွားကြတာပါပဲ၊ ကိုယ်တွေဘက်ကလည်း သူများနိုင်ငံမှာ နေနေရတာဆိုတော့ ဆင်ခြင်သင့်တာပေါ့လေ၊ အထူးသဖြင့် လူငယ်လေးတွေပေါ့”လို့ ပြောပါတယ်။
ပြဿနာ တစုံတရာ ဖြစ်လာခဲ့လို့ ဖမ်းဆီးထိန်းသိမ်းတာတွေ ခံရပြီဆိုရင်ဖြင့် တခြား အမှုကိစ္စတွေမှာ ပြေလည်သွားခဲ့ပေမယ့် ဒီလူတွေဟာ တရားမ၀င် နိုင်ငံခြားသား ပြစ်မှုနဲ့ အမှုတွေ ရင်ဆိုင်ကြရတယ်လို့ သိရပါတယ်။
အမှု ရင်ဆိုင်ကြရတဲ့အခါမှာ ဒဏ်ငွေဆောင်ရတာတွေ ရှိသလို ချန်ဖိုင်း ဆိုတဲ့ မီဇိုရမ်-မြန်မာနယ်စပ်ကနေ နေရပ်ပြန်ပို့တာတွေ ရှိတယ်လို့ ဆိုပါတယ်။
“ဒီမှာ လွတ်လွတ်လပ်လပ် နေရပေမယ့် မြို့ထဲသွားရင်တော့ ဗမာလို ပြောလို့ မရတော့ဘူး၊ သူတို့တွေက မြန်မာနိုင်ငံသားမှန်း သိရင် နှိမ်ကြတာထက် ဖမ်းသွားမှာကို ကြောက်တာ”လို့ ရက်ကန်းသမ တယောက်က ပြောပြပါတယ်။
ရက်ကန်းစင်တွေနားမှာ လာဆော့နေတဲ့ ၄ နှစ်နဲ့ ၅ နှစ်အရွယ် ကလေးငယ်လေး နှစ်ယောက်ကို“လာဆော့ရင် ရဲနဲ့တိုင်မှာနော်၊ YMA ရုံးကို ပို့လိုက်မှာနော်”လို့ အဒေါ်လုပ်သူက ပြောတော့ ကလေးတွေရဲ့မျက်နှာမှာ စိုးရွံ့ထိတ်လန့်တဲ့ အရိပ်တွေဖြတ်သန်း သွားပြီး ချောင်လေးတခုမှာ ကုပ်ကုပ်ကလေး သွားထိုင်နေကြတာကို စိတ်မကောင်းစရာ တွေ့လိုက်ရပါတယ်။
YMA ဆိုတဲ့ ဒေသလုံခြုံရေးနဲ့ ဒေသအကျိုးအတွက် ဖွဲ့စည်းလုပ်ဆောင်နေတဲ့ မီဇိုးလူငယ်အစည်းအရုံးကတော့ ဒီဒေသမှာ အာ ဏာပိုင်တွေနည်းတူ သြဇာတိက္ကမ ကြီးမားတဲ့ လူငယ်အဖွဲ့တခုပါ။ ရပ်ကွက်တွင်း အချင်းများတဲ့ ကိစ္စတွေကို ဖြေရှင်းရာက အစ အစိုးရကို တင်ပြတောင်းဆိုသင့်တဲ့ အကြောင်းအရာတွေ အထိ စွမ်းဆောင်နိုင်တဲ့ အဖွဲ့အစည်းတခုလို့ ဆိုကြပါတယ်။
အိုက်ဇောက ကျောင်းတချို့ဟာ မြန်မာနိုင်ငံသား ကလေးငယ်တွေကို ကျောင်းတက်ခွင့်ပေးတယ်လို့ သိထားရလေတော့ ကလေးတွေကို ကျောင်းမထားဘူးလား မေးကြည့်မိပါတယ်။
“ဒီမှာတော့ မထားပါဘူး။ အိမ်မှာပဲ သင်ပေးမယ်လေ”လို့ခပ်အေးအေး ပြန်ဖြေတဲ့ မိခင်ဖြစ်သူဟာ မျက်နှာ ညှိုးနွမ်းသွားပြီး လေအဝှေ့မှာ ယိမ်းခါနေပြီး ကောက်ကွေးလိမ်နေတဲ့ သွပ်ပြား ပြတင်းတခါးကို ငေးကြည့်ရင်း နှုတ်ဆိတ်နေပါတော့တယ်။
နေရပ်ပြန်ပို့တာတွေ၊ ခွဲခြား ဆက်ဆံတာတွေကို ခံနေရပေမယ့်လည်း တစတစ တိုးပွားလာနေတဲ့ အိန္ဒိယနိုင်ငံ လူဦးရေနဲ့ အလျင်မီအောင် ရက်လုပ်နေရတဲ့ အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေက ရက်ကန်းလုပ်ငန်းတွေရဲ့ လုပ်သား လိုအပ်ချက်ကြောင့် မြန်မာပြည်ကလာပြီး အလုပ်လုပ်တဲ့သူတွေကလည်း တိုးလာနေပါတယ်။
ဇောင်းတွီမှာ ရှိတဲ့ ရက်ကန်းရုံတွေအပြင် အိုက်ဇောမြို့ပေါ်က မှောင်ပိန်းနေတဲ့ အခန်းကျဉ်းလေးတွေမှာလည်း ရက်ကန်းစင် တွေပေါ် ပျဉ်ချပ်တွေခင်းပြီး ခုတင်လို သဘောထားလို့ ၀မ်းကြောင်းနေရတဲ့ သူတွေကိုလည်း တွေ့ခဲ့ရပါတယ်။
အိုက်ဇောမြို့ကို ရောက်လာတဲ့ မြန်မာပြည်သားတွေထဲမှာ ရက်ကန်းလုပ်ငန်းအပြင် မြန်မာပြည်က တတ်မြောက်လာတဲ့ ပန်းထိမ် ပညာနဲ့ အသက်မွေးသူ၊ လက်သမားလုပ်နေသူ၊ မြေတူးတဲ့အလုပ်နဲ့ အိမ်ဖော်အလုပ် လုပ်တဲ့သူတွေလည်း ရှိကြပါတယ်။
အိုက်ဇောမြို့ဈေးထဲမှာ မြန်မာပြည်က လာတဲ့ လက်ဖက်၊ ဆီ တိုဟူး၊ ခေါက်ဆွဲစတဲ့ စားသောက်ကုန်တွေရောင်းနေတဲ့ မြန်မာနိုင်ငံ သားတွေ၊ ကွမ်းယာရောင်းနေတဲ့သူတွေ၊ အထည်ရောင်းနေတဲ့သူတွေကို တွေ့ရတော့ ၀မ်းသာအားရနဲ့ စကားပြောဖြစ်ပါတယ်။
သူတို့ရဲ့မျက်ဝန်းတွေမှာတော့ ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်း စကားပြောရလို့ ပျော်ရွှင်တဲ့အရိပ်ကို တွေ့ရသလို၊ မယုံသင်္ကာ စိတ်၊ စိတ်မချတဲ့ အရိပ်တွေကိုလည်း တွေ့နေရပါတယ်။ ဓာတ်ပုံရိုက်ခွင့်တောင်းတော့ ခါးခါးသီးသီး ငြင်းဆန်ကြပြီး ဓာတ်ပုံ ရိုက်မှာစိုးလို့ ထွက်ပြေးတိမ်းရှောင်တာတွေကိုလည်း ကြုံခဲ့ရပါတယ်။
အရင်တုန်းက သတင်းဌာနတခုက ရုပ်သံသတင်းမှာ ပန်းထိမ်ဆရာတွေရဲ့အကြောင်း ပါလာပြီးတဲ့နောက် အဲ့ဒီ ပန်းထိမ်ဆရာတွေ မြန်မာပြည်ဘက်ကို ပြန်တဲ့အခါမှာ မြန်မာအာဏာပိုင်တွေက မေးမြန်းတာတွေကြောင့် စိုးရွံ့နေကြတာလို့ ဆိုကြပါတယ်။
အိုက်ဇောမှာ အလုပ်လုပ်ရင်းကနေ မြန်မာပြည်ပြန်ပြီး အဲ့ဒီကနေမှ တဆင့် မလေးရှားမှာ အလုပ်သွားလုပ်ကြတဲ့ သူတွေလည်း ရှိသလို လူသစ်တွေလည်း အများကြီး ရောက်လာကြတယ်လို့ သူတို့က ပြောပြကြပါတယ်။
အိုက်ဇောမှာ အခြေစိုက်တဲ့ မြန်မာ့လူမူရေးအဖွဲ့ရဲ့အဆိုအရ အိုက်ဇောမှာ မြန်မာနိုင်ငံသား ၅ သောင်း ၀န်းကျင် ရှိနေတယ်လို့ သိရပါတယ်။
ရက်ကန်းသမားတွေအဖို့ ဘာသာစကား အခက်အခဲ အပြင် အလင်းရောင်နဲ့ လေ၀င်လေထွက်မကောင်းတဲ့ နေရာတွေမှာ အလုပ်လုပ်ကြရတော့ အညောင်းထိုင်တာတွေ၊ မျက်စိဝေဒနာ ခံစားရတာတွေ၊ သောက်သုံးရေ ရှားပါးတဲ့ ပြဿနာတွေ အများဆုံးပဲလို့ ပြောပြကြပါတယ်။
တောင်စောင်းတွေမှာ အိမ်လေးတွေ အစီအရီနဲ့ တည်ထားတဲ့ အိုက်ဇောမြို့ဟာ မိုးတွင်းမှာ မိုးရေချိန်များလို့ မြေပြိုပြီး နေအိမ်တွေ ပြိုတာ၊ လူတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိနေပေမယ့် မြန်မာလုပ်သားတွေနေတဲ့ ဇောင်းတွီမှာတော့ ဒီလို အဖြစ်မျိုး မကြုံဖူးသေး ဘူးလို့ ဆိုပါတယ်။
ကိုထွေးက“အမှန်တော့ လုပ်ငန်းရှင်တွေကို သူတို့ တောင်းဆိုပိုင်ခွင့် ရှိပေမယ့် ခက်တာက ကျနော်တို့ မြန်မာလူမျိုးတွေက အားနာတတ်တယ်၊ မပြောရဲကြဘူး၊ အငြိုအငြင် မခံချင်ကြဘူး၊ နောက်ပြီးတော့ ဘာနေနေ အဆင်ပြေပြီးရော၊ နေလို့ရပြီးရော ဆိုတော့ အခုလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မခိုင်မခန့်နဲ့ အန္တရာယ်ရှိတဲ့ နေရာတွေမှာ နေနေရတော့တာပဲ”လို့ ပြောပါတယ်။
တောင်ပေါ်လေနုအေးတွေ တိုက်ခတ်နေပေမယ့် နွေနေပူပူအောက်က သွပ်အိမ်လေးတွေ၊ မှောင်ကုပ်ကုပ် အခန်းလေးတွေထဲက တော့ ချည်တွေ၊ လွန်းတွေ၊ ရက်ကန်းစင်တွေကြားက ချွေးတလုံးလုံးနဲ့ ရက်ကန်းသမားတွေ၊ နေပူထဲမှာ မြေတူးနေကြတဲ့ သူတွေ၊ ဈေးထဲက ဓာတ်ပုံအရိုက်ခံရမှာ ကြောက်ကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေဟာ သမုဒ္ဒရာ ၀မ်းတထွာအတွက် အခက်အခဲ အမျိုးမျိုးကြားမှာ မနားတမ်း လွန်းထိုး ရုန်းကန်နေကြရတာဟာ ရက်ကန်းစင်ပေါ်က ယက်ဖောက်လွန်းလေးတွေနဲ့ အလားသဏ္ဍာန် တူနေပါတော့တယ်။
No comments:
Post a Comment