Sunday, May 30, 2010

SNDP အဖို့အခြားတိုင်းရင်းသားများအားစည်းရုံးရန်အဓိကစိန်ခေါ်မှုဖြစ်

မွေခေါဝ်

ဦးစိုင်းအိုက်ပေါင်းဦးဆောင်သော သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီအဖို့ သျှမ်းပြည်တောင်ပိုင်း၌ သျှမ်းလူမျိုး မဟုတ်သော အခြားတိုင်းရင်းသားများအား မဲဆွယ်စည်းရုံးရန်မှာ အဓိကစိန်ခေါ်မှုကြီးတခုဖြစ်ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရသည်။


ကျားဖြူပါတီ အနိုင်ရခဲ့ရင် အခြားတိုင်းရင်းသားတွေအတွက် ဘယ်လိုလုပ်ဆောင်ပေးမယ်ဆိုတဲ့ အာမခံချက်ပေးနိုင်ဖို့ အတွက် အဓိကထားကြိုးစားစည်းရုံးရမယ်။ တစညပါတီနဲ့ ကြံ့ဖွံ့ပါတီတို့ကျတော့ ဘာသာစာပေအကြောင်း မပြောပဲ သူတို့ကိုမဲပေးဖို့တစ်ခုတည်း လာပြောနေလို့ ဒေသခံလူသိပ်နားမ၀င်ဘူး”ဟု ပင်လုံဒေသခံတစ်ဦးက ပြောပါ သည်။

SNDP ခေါ် ကျားဖြူပါတီအဖို့ သျှမ်းပြည်တောင်ပိုင်းအချို့ဒေသများ၌ အခြားတိုင်းရင်းသားများအား မဲဆွယ်စည်းရုံးရန် မှာ အဓိကစိန်ခေါ်မှုဖြစ်ရကြောင်း၊ သာဓကအားဖြင့် လွယ်လင်မြို့နှင့် ပင်လုံမြို့ဆိုလျှင် သျှမ်းလူမျိုးတစ်စုတည်းနေထိုင်သည် မဟုတ်ဘဲ ပအိုဝ်း၊ ယင်းနက်၊ ပလောင်၊ ဗမာနှင့် တရုတ်တို့လည်း နေထိုင်ကြကြောင်း၊ ပအိုဝ်းလူမျိုး လူဦးရေသည် သျှမ်းပြည်တောင်ပိုင်းတွင် ဒုတိယအများဆုံးဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်တွင် ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် SNDP တို့စတင် လှုပ်ရှားမဲဆွယ်စည်းရုံလာပြီဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

“လွယ်လင်ခရိုင်နဲ့ ပင်လုံမြို့နယ်ခွဲတွေမှာ ကျားဖြူပါတီ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ဦးအောင်ခမ်းထီဦးဆောင်တဲ့ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်နဲ့ အဓိကယှဉ်ပြိုင်ရမှာဖြစ်တယ်” ဟု မြို့ခံတစ်ဦးကလည်း ပြောကြားပါသည်။

ဦးအောင်ခမ်းထီဦးဆောင်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် တောင်ကြီး၊ လွယ်လင်နှင့် ပင်လုံမြို့များတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သို့သော် လွယ်လင်မြို့နှင့်ပင်လုံမြို့တို့တွင် ပြည်သူလူထုသည် ယနေ့အထိရွေးကောက်ပွဲအကြောင်း စိတ်ဝင်စားခြင်း မရှိဘဲ အချို့ ပါတီများလိုက်လံစည်းရုံးမဲဆွယ်နေသည်ကိုပင် သတိမထားမိကြကြောင်းလည်း သိရှိရသည်။

ကြံ့ဖွံ့ပါတီသည် နအဖအာဏာပိုင်များကိုအားထား၍ တပြည်လုံးတွင်လှုပ်ရှားစည်းရုံးလာသည်သာမက သျှမ်းပြည်နေရာ တော်တော်များများတွင်လည်း စည်းရုံးမဲဆွယ်နေပြီး မြို့ရွာအကြီးအကဲများအား ပါတီဝင်စုဆောင်းပေးရန်အတင်းခိုင်းစေ နေသည်ဟုဆိုသည်။


No comments: