Tuesday, May 25, 2010

ရှားပါး ကျားပြောက် အရောင်ပါ လိပ်အကောင် ၄၈၀ ဒက္ကား လေဆိပ်တွင် ဖမ်းမိ

Narinjara News

အမေရိကန် ယူနီဖေါင်းကဲ့သို့ ကျားပြောက် အရောင်များပါသော လိပ်ကောင်ရေ ၄၈၀ ကို မလေးရှားနိုင်ငံသို့ ခိုးထုတ်စဉ် ဘင်္ဂလာဒေခ်ျ့ အရာရှိများက ဒက္ကား လေဆိပ်တွင် ဖမ်းဆီးလိုက်သည်။

အဆိုပါ လိပ်များကို အိန္ဒိယ နိုင်ငံသား တဦးဖြစ်သူ ပီယာ မူဟာမတ်ထံမှ မလေးရှား လေကြောင်းလိုင်းဖြင့် ဒက္ကားလေဆိပ်မှ တဆင့် ခိုးထုတ်ရန် စီစဉ်နေစဉ် မလေးရှား လေကြောင်းလိုင်း ကောင်တာတွင် ဖမ်းဆီး မိခြင်း ဖြစ်သည်။


အဆိုပါ လိပ်များမှာ အထူးရှားပါးလိပ် တမျိုး ဖြစ်ပြီး “Star Tortoise”ဟု ခေါ်သည်။ ယခုအခါ အဆိုပါ လိပ်များကို များသောအားဖြင့် အိန္ဒိယ နိုင်ငံ၏ ပင်လယ်ကမ်းခြေ ဒေသများဖြစ်သော တမီလ်နာဒူးလ်၊ အန်ဒရာ ပါရာဒက်ခ်ျနှင့် ကာနာတာကာ ပြည်နယ်များရှိ တောထဲများတွင် ရှာဖွေ တွေ့ရှိနိုင်ကြောင်း သတင်းများက ဖေါ်ပြသည်။

ယခင်က အဆိုပါ လိပ်များကို ဘင်္ဂလာဒေခ်ျ့ ပင်လယ် ကမ်းခြေဒေသများတွင် ရှာဖွေ တွေ့ရှိသော်လည်း ယခုအခါ မျိုးတုန်းသွားပြီ ဖြစ်ကြောင်း သိရသည်။

ယခုတွေ့ရှိရသော ရှားပါး လိပ်များမှာ နိုင်ငံတကာ ဈေးကွက်တွင် အထူး လူကြိုက် များပြီး ဈေးကြီးကြီး ရကြောင်း သိရသည်။

ဖမ်းဆီးရမိသော လိပ်များကို ကော့ဘဇားခရိုင်ရှိ ဘင်ဂါဘောင်ဒူ ရှိတ်မူဂျီဘူရာဟမန် ဘေးမဲ့ တိရစ္ဆာန် ဥယျာဉ် တောတွင် ထားရှိသွားမည်ဟု ဘင်္ဂလာဒေခ်ျ့ အရာရှိများက ပြောသည်။

No comments: