အေးချမ်းမြေ့
သာဓု သဘာဝ အုပ်စုထဲမှ တဦး ပဲ့လေပြီ။
မေ ၁၆ ရက် ည ၉ နာရီခွဲခန့်က သုခကမ္ဘာ ဆေးခန်းတွင် နာမည်ကျော် စာရေးဆရာ၊ ရုပ်ရှင် သရုပ်ဆောင်၊ အဆိုတော် သုမောင် ကွယ်လွန် သွားခဲ့သည်။ ညီအစ်ကို ၄ ဦး အနက် အကြီးဆုံးသူ စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ နေမကောင်း ဟူသောသတင်း ကြားနေရသော်လည်း အရင် ကွယ်လွန်သွားသူက ဒုတိယ အကြီးဆုံး သူ ဖြစ်နေသည်။
အပူဆုံးသော ရာသီ ဥတုတွင် အစားထိုး မရနိုင်သော အနုပညာရှင် တဦးလည်း တောင့်ခံမထား နိုင်သည့်အထဲ ပါသွားပြီ။ ယခင် တပတ်ကတင် ပန်းချီ သန်းမြင့်အောင် ကွယ်လွန် ခဲ့ရသည်။ ရက်ပိုင်းပင် ခြားသည်၊ ယခု သူ။
ရွှေအမြုတေ မဂ္ဂဇင်း ပဲ့ကိုင်ရှင် ဦးဝင်းငြိမ်း ကတော့ “၆၀ ဆိုတဲ့ အရွယ်က ငယ်တယ်လို့ မဆိုနိုင်ပေမယ့် သူ့အနေနဲ့ ဆိုရင် သီချင်း ဆိုနိုင်သေးတယ်၊ သရုပ်ဆောင်နိုင် သေးတယ်၊ စာတွေ ရေးနိုင် သေးတယ်။ နယ်ပယ် ၃ ခု စလုံးမှာ သူ လှုပ်ရှားနိုင်ပါ သေးတယ်” ဟု ဝမ်းနည်းစကား ဆိုသည်။
မိသားစုအတွက်၊ ဆွေမျိုးမိတ်ဆွေ အသိုင်းအဝန်း များအတွက် အစားမထိုးနိုင်သလို မြန်မာပြည်က စာဖတ်ပရိသတ်၊ မြန်မာသံ ပရိသတ်နှင့် ရုပ်ရှင် ပရိသတ်အတွက်လည်း အစားထိုးလို့ မရသူဖြစ်သည်။
တူ၊ တူမများနှင့် ရင်းနှီးသူ လူငယ်များက ဦးဗလ ဟု ချစ်ခင်စွာ ခေါ်ကြသည့် သူ့ကို မြန်မာပြည်က ရုပ်အဆိုးဆုံးမင်းသားဟုပင် ဆိုရမလားမသိ။ သို့သော် သူက ရုပ်ဆိုးသော်လည်း သဘာဝကျကျ သရုပ်ဆောင်သူ ဖြစ်သည်။ ရုပ်ဆိုးသော်လည်း အသံကျတော့ ကောင်းသည်ဟု ပြောရသည်ပင်အားမရ၊ ချီးကျူးဖို့ စကားလုံး မရှိဟုပင် ဆိုရမည်ထင်သည်။
“ချစ်မိုးကြီး” “နဂါးနီ” စသည့် သူ အောင်မြင်ခဲ့သည့် သီချင်းများကို မြန်မာသံပရိသတ်တို့ မသိသူ မရှိ။ သားဖြစ်သူ ဖိုးသောကြာနှင့် အတူတူ သီချင်းများဆိုသည်။ ဦးဝင်းငြိမ်း ပြောလည်း ပြောစရာ။ ကွယ်လွန်ခါနီးအထိ သူ သီချင်းများ ဆိုနိုင်သေးသည်။
အပူလွန်ကဲသော ယခုနှစ်တွင် ချစ်မိုးကြီး သီချင်းရှင် ဦးသုမောင် တယောက် မိုးရွာသည်ကိုပင် မြင်မသွားရရှာ။ မနေ့က သူ ကွယ်လွန်သည်။ ယနေ့ ရန်ကုန်တွင် မိုးရွာသည်။
နာမည်ကြီး သရုပ်ဆောင်၊ အဆိုတော်၊ စာရေးသူ တဦးဖြစ်သောကြောင့် ကွယ်လွန်ချိန် သင်္ဃန်းကျွန်း၊ အသင်းတိုက်က သူ့အိမ်တွင် နာမည်ကြီးသူတွေ၊ ဆွေမျိုး အသိုင်းအဝန်းတွေ အဝင် အထွက်များနေသည်။ သူ့အိမ်တွင် ဧည့်ခံဖို့ နေရာ ကျပ်နေလျှင် မျက်နှာစာက သူ့ ညီဖြစ်သူ ဦးရူပ၏ “ရွှေကြေးစည်” လက်ဘက်ရည်ဆိုင်လေးတွင် ထိုင်စကား ပြောကြရလိမ့်မည်။ စာပေ အသိုင်းအဝန်းကို ဧည့်ခံသူကတော့ အငယ်ဆုံးညီ စာရေးဆရာ မင်းလူပဲ ဖြစ်မည်။
“သူက နာမည်ကြီးဆိုတော့ လူတွေ အဝင်အထွက် များနေတာနဲ့၊ ဧည့်ခံရတာနဲ့ နေ့ခင်းမှာတော့ နာမည်ကြီးအနုပညာရှင် တယောက်ကို လွမ်းသလို လွမ်းရတာပေါ့ဗျာ၊ ညဘက် လူခြေတိတ်ချိန်ကျမှ ညီတယောက်လို လွမ်းရမှာပါ” ဟု ညီဖြစ်သူ စာရေးဆရာ မင်းလူက ပြောသည်။
၁၅ ရက်နေ့ညက သူ့ကို သုခကမ္ဘာ ဆေးခန်းတွင် တင်လိုက်ကြသည်။ ၁၆ ရက်နေ့ညတွင် မိသားစုက ဖျားနေသည်၊ အခြေအနေ သိပ်မကောင်းလှ ဟု အကြောင်းကြားလာသဖြင့် ဆရာ မင်းလူနှင့် ဦးရူပတို့ သွားကြည့်ကြသည်။
“သူ အသက်ရှူတဲ့ပုံက ကျနော်တို့ အမေ ဆုံးခါနီးတုန်းကနဲ့ တူနေတယ်။ အခြေအနေ ဘာမှမထူးတာနဲ့ ပြန်လာကြတယ်။ ကျနော်တို့ လမ်းမှာပဲ ရှိသေးတယ်။ ဆုံးပြီဆိုတဲ့သတင်းက အိမ်ရောက်လာတယ်” ဟု ဆရာမင်းလူက ဦးသုမောင်၏ နောက်ဆုံး အချိန်ကို ပြောပြသည်။ သူ့နောက်ဆုံးအချိန်က တိတ်တိတ်ဆိတ်ဆိတ်ပင် ဖြစ်သည်။
ဦးသုမောင်ကို ၁၉၅၁ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် မွေးသည်။ ညီဖြစ်သူ ဆရာ မင်းလူက “မင်းသားကြီး ဝင်းဦးနဲ့ မွေးနေ့ အတူတူပဲ။ နှစ်ပဲ ကွာတာ” ဟုပြောပြသည်။ မွေးနေ့ခြင်းတူသောကြောင့် ထင်သည် ဘက်စုံ အနုပညာ ထူးချွန်သည့် နေရာ တွင်လည်း တူကြသည်။
မိခင်ဖြစ်သူ ဒေါ်ခင်ညို (အမေညို)၊ ဘခင်ဖြစ်သူက စာရေးဆရာ၊ ဒါရိုက်တာ သာဓုဖြစ်သည်။ ဦးသုမောင်၏ ဝတ္ထုတိုများထဲတွင် အမေညို့အကြောင်း အများဆုံးတွေ့ရသည်။ သူက စာရေးသည့်နေရာတွင် ပတ်ဝန်းကျင်ရှိ ဆွေမျိုးသားခြင်း၊ မိသားစုဝင်များ အကြောင်း အထူးပြု ရေးသားလေ့ရှိသည်။ အရေးအသားက ရိုးရှင်းသည်။ ဆွေမျိုးမိသားစုများအကြောင်း စာတန်း ပြုစုသည်နှင့်ပင် တူသေးသည်။ ထို့ကြောင့်လည်း “မျိုးရိုးထဲမှ ဆိုးပေကြီးများ” အမည်ရှိ အခန်းဆက် ဆောင်းပါး ရွှေအမြုတေ မဂ္ဂဇင်းတွင် ပါခဲ့ပြီး နောက် မန္တလေးက ထန်းရိပ်ညို စာပေဆု ရရှိခဲ့သည်။
ထိုစာပေဆုကို လူထုဒေါ်အမာ မွေးနေ့တွင် ပေးခဲ့သည်။ သူ မတက်နိုင်သောကြောင့် ဦးဝင်းငြိမ်းက သူ့ကိုယ်စား ယူပေးခဲ့ရသည်ဟု ဆိုသည်။ ဦးဝင်းငြိမ်း၏ညီ ဦးဆန်နီငြိမ်းနှင့် ဦးသုမောင်က သူငယ်ချင်းများ ဖြစ်သောကြောင့် မိသားစုချင်းလည်း ရင်းနှီးကြသည်။
“ထူးခြားတာက သူတို့အိမ်မှာ တခုခုဖြစ်ရင် ကျနော်တို့အိမ်မှာလည်း တခုခု ဖြစ်တယ်။ ကျနော့်အမေဆုံးပြီး ၉ ရက်ပဲခြားတယ် သူ့အမေဆုံးတယ်။ အခု ကျနော် နှလုံးခွဲစိတ်မှုခံပြီး ဘာမှ မကြာဘူး သူ ဆုံးပြီ” ဟု ဦးဝင်းငြိမ်းက ပြောပြသည်။
သူက ပထမဆုံးဝတ္ထုတိုကို အုပ်စိုး ဆိုသည့် ကလောင်အမည်နှင့် ရေးသည်။ ၁၉၇၀ ပြည့်နှစ်တွင် ဝတ်မှုံဂျာနယ်၌ ဖော်ပြခံရသည့် “သနပ်ခါးရည်ကျဲကျဲ” ဆိုသည့် ဝတ္ထုဖြစ်သည်။ သုမောင် အမည်ဖြင့် ရေးသားသည့် ပထမဆုံး ဝတ္ထုတိုမှာ ၁၉၇၃ ခုနှစ်၌ ရှုမဝ မဂ္ဂဇင်းတွင် ဖြစ်သည်။ “ငယ်အိပ်မက်” ဟု အမည်ရသည်။
ပထမဆုံး လုံးချင်းဝတ္ထုကတော့ “အချစ်” ဖြစ်သည်။ ထိုဝတ္ထုက Eric Seagull ၏ Love Story ကို မြန်မာမှု ပြုထားခြင်း ဖြစ်သည်။ ဘာသာပြန်ကာ မြန်မာမှုပြုထားသည်မှန်း မသိရအောင် ချစ်စရာကောင်းသည့် လုံးချင်း ဝတ္ထုတအုပ်ဟု ဆိုရမည်ဖြစ်သည်။
သူ ရေးသားသော “အဖေ၏ အမေ” ဆိုသည့် ဆောင်းပါးပေါင်းချုပ်စာအုပ်မှာ ၁၉၉၉ တွင် မန္တလေးစာဖတ်သူ အကြိုက် ဆု ရရှိခဲ့သည်။
ရုပ်ရှင်ကားများထဲတွင်တော့ ချစ်စံနမူ၊ နှောင်းတမြည့်မြည့်၊ အကြင်တို့လင်မယား စသဖြင့် ထင်ရှားသည့် ဇာတ်ကားများ ရှိသည်။ ချစ်စံနမူဇာတ်ကားက ၁၉၇၄ ခုနှစ်တွင် ဖခင်ဖြစ်သူ ဦးသာဓုရိုက်ကူးသည်။ ထိုဇာတ်ကားဖြင့် မင်းသား သုမောင်ဖြစ်လာကြောင်းကို သူရေးသည့် စာများအရ သိရသည်။ အစ်ကို ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးသော နှောင်းတမြည့်မြည့် ဇာတ်ကား၏ ဇာတ်ဝင်တေး “ပန်းဦးပန်မယ့်သူ” မှာ သူ ပထမဆုံး သီဆိုသည့် သီချင်းဖြစ်သည်။
သူတို့ ညီအစ်ကိုများကို သဘာဝအုပ်စုဟု ခေါ်ကြသည်။ ဘာပဲလုပ်လုပ် သဘာဝ ကျချင်သူများကိုး။ သရုပ်ဆောင်တာပဲဖြစ်ဖြစ်၊ ဒါရိုက်တာလုပ်တာပဲ ဖြစ်ဖြစ်၊ စာရေးတာပဲ ဖြစ်ဖြစ်၊ သီချင်းဆိုတာပဲဖြစ်ဖြစ်။ အနေအထိုင်က စလို့ သဘာဝ ကျကျ နေထိုင်ကြ သူများဖြစ်သည်။
၁၉၉၀ ပြည့်နှစ်တွင် ညီဖြစ်သူ စာရေးဆရာမင်းလူ၏ “ခုနစ်စဉ်အလွမ်း” ဝတ္ထုကို အစ်ကို ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးသည့် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ရရှိခဲ့သည်။ မှတ်မှတ်ရရ ထိုဇာတ်ကားက အဖြူအမည်း။ ရောင်စုံခေတ် စနေပြီဖြစ်သော်လည်း အဖြူအမည်းဖြင့် ရိုက်ကူးထုတ်လုပ်ထားသည့် ထိုဇာတ်ကားက အကယ်ဒမီ အနည်းဆုံး ၄ ဆု ရခဲ့သည်။
စာရေးဆရာ သုမောင်အဖြစ် ပင်ကိုယ်ရေးလုံးချင်း ဝတ္ထု ၂၉ အုပ်နှင့် တခြားသူများနှင့်ပေါင်းကာ ၁၀ အုပ် ထုတ်ဝေခဲ့သည်။ ရုပ်ရှင် ဇာတ်ကားကြီး ၄၀ ကျော် ရိုက်ကူးခဲ့သည်။
၁၉၉၅ ခုနှစ်၊ နိုဝင်ဘာ လတွင် ဟောင်ကောင်၊ မကာအို နိုင်ငံများရှိ ဆရာဝန်များ ငွေရတု သဘင်မှ ဖိတ်ကြားသဖြင့် မြန်မာ့ တေးသီချင်းများ သွားရောက် ဖျော်ဖြေခဲ့သည်။
ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အေးအေးမေ (အေးဘုံ)၊ သားသမီးများ ဖြစ်သော စိုးအိမ်သူ၊ ဖိုးသောကြာ၊ ထိန်ထိန်သာ၊ ထိပ်ထားတို့ ကျန်ရစ်သည်။
လာမည့် မေ ၂၀ ကြာသပတေးနေ့ နံနက်တွင် သူ့ကို သင်္ဂြိုဟ်မည်။
No comments:
Post a Comment