Saturday, May 22, 2010

နွားဈေး


မဲဆောက်မြို့၏ အရှေ့တောင်ဘက်တွင် ဘန့်စောင်ကွဲရွာ ရှိ၏။ မဲဆောက်မြို့ မြူနီစပယ် နယ်စပ်မျဉ်းအား မှေးသီ၍ တည်ရှိနေသည့် ရွာလေးဖြစ်သည်။ ထိုရွာလေးမှ အရှေ့တောင်စူးစူးသို့ ဆက်သွားလျှင်က … သောင်းရင်းမြစ်နှင့် ဟွေ့ကလုပ်ရွာသို့ ရောက်၏။ ဟွေ့ကလုပ်ရွာက သောင်းရင်းမြစ်နှင့် ထိကပ်နေသည်။ဘန့်စောင်ကွဲရွာတွင် ‘နွားဈေး’ ရှိ၏။ တပတ်လျှင် ၂ ရက် ဈေးခင်းသည့် နွားဈေးဖြစ်သည်။

နွားဈေးခင်းကြီးက …. ဘောလုံးကွင်း ၁ဝ ကွင်းစာမျှ ကျယ်၏။ ဈေးခင်း၏ တဖက် အနားသတ်စည်းတွင်၊ ဈေးဆိုင်တန်းများက စီစီရီရီ ….။ စားသောက်ဆိုင်များ၊ သေတင်းကုတ်များနှင့် ကျွဲ၊နွားများတွင် အသုံးပြုသည့် နဖားကြိုး၊ ခြူ၊ လယ်သိုင်းကြိုးပြား၊ ကြိမ်တံ စသည့် ကျွဲ၊ နွားသုံးပစ္စည်းများ ရောင်းသည့် ဆိုင်များလည်း ရှိ၏။

ပြီးလျှင် …. ချက်ချင်းသတ်၊ ချက်ချင်းဖြတ်၊ ချက်ချင်းခုတ်ထစ်၍ ရောင်းသည့် သွေးသံရဲရဲနှင့် အမဲဆိုင်များလည်း ရှိသည်။

ချိုနှစ်ချောင်း၏ အလယ်ငယ်ထိပ်အား ရဲဒင်းနှင့် ထုသံ ….။ အသားလီးဓားအား သွေးနေသည့် အသံများအကြား၌ ဝယ်သူတို့က တိုးဝှေ့၍ သွေးစိမ်းရှင်ရှင်နှင့် အမဲအသား၊ အသည်းတို့အား ဝယ်ယူ၍နေကြ၏။ မြင်ကွင်းက စိတ်မသက်သာစရာ …။

နွားဈေးသို့အဝင် လက်ဝဲဘက်တွင် ဘောလုံးကွင် ၂ ကွင်းစာမျှရှိသည့် ကွက်လပ်ကြီးကိုက …. ဇာတ်ရုံကြီးသဖွယ် အကာအရံများနှင့် ကာရံထားသည်။ ထိုဝင်းကြီးအတွင်း၌က နွားဝှေ့ပွဲများ ပြုလုပ်ကြသည်။ အလောင်းအစားများက သောင်းဂဏန်း၊ သိန်းဂဏန်း ချီ၏။

နောက်ပိုင်းသေး၍ ရင်အုံနှင့် လည်ပင်းလုံးကြီးများ တုတ်ခိုင်လွန်းလှသည့် နွားသိုးကြီးများက အိနြေ္ဒရစွာနှင့် သခင်၏ ကြိုးဆွဲရာအတိုင်း တလှမ်းချင်းလှမ်း၍ ရုံဝင်းကြီးအတွင်းသို့ ဝင်သွားကြ၏။

တနင်္ဂနွေဈေးနေ့က ဗုဒ္ဓဟူးဈေးနေ့ထက် ပိုမို၍ အရောင်းအဝယ်စည်၏။ နွားကောင်ရေ ထောင်နှင့်ချီ၍ အရောင်းအဝယ် ဖြစ်ကြ၏။ ဦးချိုကျိုးနေသည့် ခိုင်းနွားအိုကြီးများ၊ သားငယ်များနှင့် သားသည် နွားမများပါမကျန် အရွယ်အစားအလိုက် အရောင်းအဝယ် ဖြစ်သည်။ ဈေးခင်းအတွင်းရှိ နွားများအားလုံးက မြန်မာပြည်အရပ်ရပ်မှ နွားများ ဖြစ်ကြ၏။

ဈေးနေ့မတိုင်မီ ညနေခင်းကတည်းကမှ ၁ဝ ဘီးကားကြီးများနှင့် တင်ဆောင်လာသည့် နွားကားများက ဈေးခင်းဆီသို့ တစီးပြီး တစီး ဆိုက်ရောက်၍ လာကြ၏။ မဲသဝေါ၊ မယ့်ကသာဘက်မှ ဝင်လာသည့် ကားများ ဖြစ်ကြသည်။ ၁ဝ ဘီးကားတစီးတွင် …. နွားကောင်ရေ ၂ဝ၊ ၃ဝ မျှ ပါရှိကြ၏။ တညလုံး နွားကားများက နွားဈေးသို့ ဝင်နေကြ၏။ နွားဈေးခင်းအတွင်း နွားများအား မမှားစေရန် နားရွက်ဖျားများ၌ အပေါက်ဖောက်၍ ရောင်စုံ ပလပ်စတစ်ကပ်ပြားလေးများအား ချိပ်သီထားကြ၏။

ဘန့်စောင်ကွဲနွားဈေးခင်းက …. နွားမောင်းသူ၊ နွားအတင်အချလုပ်သူ၊ နွားကုန်သည်၊ နွားပွဲစား၊ နွားအဝယ်တော် ….။ နွားသူဋ္ဌေး၊ နွားပွဲလောင်းသူတို့နှင့် တိုးတိုးဝှေ့ဝှေ့ … စည်စည်ကားကား ….။
ပုလင်းသံ၊ ဖန်ခွက်သံ၊ ကြော်သံ၊ လှော်သံတို့နှင့် ဆူဆူလောင်လောင် ….။ ယမကာမျိုးစုံအနံ့၊ ဗွက်နံ့၊ ရေဆိုးနံ့၊ နွားချေးနံ့၊ နွားသေးနံ့၊ အကြော်အလှော်အနံ့၊ လူချွေးနံ့တို့နှင့် မွန်းမွန်းကျပ်ကျပ်….။
ဘန့်စောင်ကွဲနွားဈေးက …. မိုးအခါတွင် ဗွက်တို့နှင့် ချွဲချွဲပြစ်ပြစ် … စိုစိုစွတ်စွတ်။ နွေအခါတွင်မူက … ဖုန်တထောင်းထောင်း…။

ညနေခင်း အရောင်းအဝယ်ပြီးလျှင်က …. ၁ဝ ဘီးကားကြီးများပေါ်သို့ နွားများအား ပြန်တင်ပြီး … နွားဈေးမှ နွားကားကြီးများ တစီးပြီး တစီး ပြန်ထွက်၍သွားကြသည်။ နွားကားများ ဦးတည်မောင်းနှင်နေသည့် နေရာက … သားသတ်ရုံဆီသို့ ….။


(၂)
ဘန့်စောင်ကွဲနွားဈေးခင်း၏ အလွန်နှစ်ပြခန့်တွင် ကျနော်တို့ အဖွဲ့အစည်း၏ စိုက်ပျိုးရေးခြံလေး ရှိ၏။ စိုက်ပျိုးရေးခြံဟု ဆိုသော်လည်း စီးပွားရေးသဘောထက် အလုပ်စခန်းသဘောက အဓိကဖြစ်သည်။

ကျနော်တို့အဖွဲ့အစည်းသို့ မြို့ပြမှ ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်အသစ်များအား ကနဦးစမ်းသပ်ထားရှိရန် ရည်ရွယ်၍ လုပ်ဆောင်ထားသည့် စိုက်ပျိုးရေးခြံ ဖြစ်သည်။ အဖွဲ့ဝင်သစ်များ၏ အလုပ်စိတ်ဓာတ်နှင့် စုပေါင်းလုပ်ကိုင်ဆောင်ရွက်လိုသည့် သဘောသဘာဝများအား စမ်းသပ်ရာ၊ လေ့ကျင့်ပေးရာ စခန်းလေး ဖြစ်သည်။

ကျနော်က ဗဟိုစည်းရုံးရေးဌာနတွင် တာဝန်ယူသည့်အတွက် အဖွဲ့ဝင်သစ်များအား စမ်းသပ်ရာ၊ ထိုစိုက်ပျိုးရေးခြံလေးသည်လည်း ကျနော်နှင့်မကင်း ….။ တာဝန်အရ သွားလာကြည့်ရှု အကဲခတ်နေခဲ့ရသည်။ စိုက်ပျိုးရေးခြံလေးသို့ သွားလာသည့်အခါတိုင်း …. နွားဈေးခင်းကြီးအား ဖြတ်ရ၏။ ဤအတွက် နွားဈေးခင်းသည် ကျနော်နှင့်မစိမ်း ….။ ထိတွေ့ဖန်များ၍ ရင်းနှီး၍နေသည်။

နွားဈေးက … ဘန့်စောင်ကွဲရွာ နယ်မြေအပိုင်တွင် ရှိသဖြင့် ဘန့်စောင်ကွဲသူကြီး၏ အာဏာစက်အောက်၌ ရှိ၏။ နွားဈေးလုံခြုံရေးအား ‘ကျားလက်ဝါး’ အဖွဲ့က တာဝန်ယူထား၏။ ‘ကျားလက်ဝါး’ အဖွဲ့ဟူသည်ကား … ဘန့်စောင်ကွဲသူကြီး၏ ပျူစောထီးတပ် …။ ဘန့်စောင်ကွဲသူကြီးက နှစ်လုံးပြူးသေနတ် တကားကားနှင့် မဟုတ်သော်လည်း သူ၏ ပျူစောထီးကျားလက်ဝါးများကမူ …. ခြောက်လုံးကျည် တယမ်းယမ်းနှင့် နွားဈေး၏ ငြိမ်ဝပ်ပိပြားမှုအား တည်ဆောက်ကြ၏။

ဦးကံရက ဘန့်စောင်ကွဲနွားဈေး၏ တဦးတည်းသော နွားဈေးဝန်ထမ်းဟု ဆိုရမည်။ ဦးကံရက …. ဈေးနေ့များတွင် ဝင်လာသည့် နွားကောင်ရေအား စာရင်းမှတ်ရ၏။ ဈေးနေ့မဟုတ်သည့် ရက်များတွင်မူ …. အရောင်းအဝယ် မဖြစ်၍ ကျန်နေသည့် နွားများအား ဦးကံရက တာဝန်ယူ၍ စောင့်ရ၏။

အငှားထိန်းကျောင်းမည့် သူများအား ဦးကံရက ရှာဖွေပေးရ၏။ ထိန်းကျောင်းခအား နွားပိုင်ရှင်က နွားအကောင်ရေအရ ပေး၏။ ဦးကံရက နွားကျောင်းသားနှင့် နွားပိုင်ရှင်အကြား ကိုယ်စားလှယ် …။
နွားစာမြက်စိုရိပ်၍ ရောင်းသည့် သူများသည်လည်း ဦးကံရနှင့် မကင်းကြ၊ ဆက်စပ်ကြရသည်ပင် …။ မြက်စိုတထမ်းဈေးက နွေနှင့် မိုးမတူ …။ နွားဈေးအား အမီပြု၍ မြက်စိုထမ်းရောင်းကြသည့် သူများက ၁၅ ယောက်၊ အယောက် ၂ဝ မျှ ရှိမည်။
အားလုံးက မြန်မာနိုင်ငံသားများ…။


(၃)
နွားဈေးတွင် ဦးကံရ ဈေးစောင့်ကြီးအဖြစ် အလုပ်လုပ်ခဲ့သည်မှာ … နှစ် ၂ဝ မျှ ရှိပြီ။ နွားဈေးတွင် ဈေးစောင့်မလုပ်မီက ဦးကံရသည် KNU တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖလူးစခန်း၏ အခွန်အကောက်ဘက်တွင် အလုပ်လုပ်ခဲ့သည်ဟု ဆို၏။ ကရင်လူမျိုး … သမိုင်းခဝဲခြံသား ဦးကံရသည် လူရည်လည်ပြီး တန်းမြင့်ကျောင်း အောင်သည်အထိ အတန်းပညာအား သင်ကြားခဲ့ဖူး၏။ ဖလူးစခန်းတွင် ဦးကံရ တာဝန်ယူစဉ် ခေတ်ကာလများက …. နယ်စပ်ကုန်သွယ်စီးပွားရေးဟူ၍ တရားဝင်မရှိ …။

မှောင်ခိုကုန်သွယ်ရေးသည်သာ အဓိက နယ်စပ်ကုန်သွယ်ရေး ဖြစ်၏။ ဖလူးဈေးတန်းကြီးက ထိုင်းနိုင်ငံထွက် ကုန်စည်အမျိုးမျိုးနှင့် မြန်မာပြည်ထွက် ကုန်စည်အစုံစုံတို့ ဖလှယ်ရာ ဈေးကွက်ကြီး ဖြစ်သည်။

ထိုင်းနိုင်ငံထုတ် မီးခြစ်ကျောက်မှသည် အီလက်ထရောနစ် ပစ္စည်းမျိုးစုံ …။ မြန်မာနိုင်ငံထွက် ချဉ်ပေါင်၊ ဖာလာ၊ ကွမ်းပေါင်းမှသည် ကျောက်စိမ်း၊ ပတ္တမြားအမျိုးမျိုးတို့ကို ဖလှယ်ကြ၏။

ရောင်းဝယ်ဖောက်ကားကြ၏။ ထိုခေတ်က … ဦးကံရတို့ နယ်စပ်အကောက်ခွန်ဌာန၏ နေ့ …၊ တနေ့ အခွန်စည်းကြပ်မှုဝင်ငွေသည် ဆန်တတင်းခွဲဝင် မြွေရေခွံအိပ်ကြီးများနှင့် ၁ဝ လုံးခန့် ငွေစက္ကူများ ရရှိသည်ဟု ဆိုသည်။

ထိုစဉ်က … ငွေလှယ်နှုန်းက … ဘတ်တိုက်၊ ကျပ်တိုက်ခေတ် …။
ဖလူးဈေးခင်း၌ နွားဈေးကွက်အတွင်း တနေ့တာ နွားအရောင်းအဝယ် ဖြစ်မှုသည်ပင် ကျွဲ၊နွားကောင်ရေ ထောင်ဂဏန်းဝန်းကျင် ရှိ၏။ ထိုခေတ်က … ဘန့်စောင်ကွဲနွားဈေးဟူသည်ပင် မရှိ …။ ထိုင်းနိုင်ငံမှ နွားကုန်သည်များက … သောင်းရင်းမြစ် တဖက်ကမ်းအထိ ဆင်း၍ဝယ်ကြ၏။ ဖလူး၊ ဝမ်ခ၊ မဲသဝေါ … ပြီးလျှင် သံလွင်တဖက်ကမ်းရှိ … မဲဆိပ်၊ မဲလထ၊ စောထအထိ ဆင်း၍ဝယ်ကြ၏။

နယ်စပ်စည်းတလျှောက်၌ ကုန်စည်ဈေးကွက်ကြီးများက … ငွေရှာလွယ်၍ ငွေရလွယ်၏။ ပြီးလျှင် …. ငွေသုံးလည်း လွယ်၏။ ပျော်ပါးစရာများက … နှစ်သက်ရာနည်းများနှင့် ပျော်၍ရ၏။ ကပွဲရုံများ ရှိ၏။ လိုချင်လျှင် … မူးယစ်ဆေးမျိုးစုံ ရ၏။ ကဇော်ဆိုင်များဟူသည်က … ပေါများလှ၏။ ဤတွင် … ဦးကံရ ‘ဟီးရိုးဟင်း’ စွဲသွားသည်။ နောက်ဆုံး …. KNU မှ ထွက်ခဲ့ရ၏။


(၄)
မြန်မာ-ထိုင်း ကျွဲ၊နွားရောင်းဝယ်မှု ဈေးကွက်က …. နယ်စပ်မျဉ်းပေါ်ရှိ KNU ထိန်းချုပ်ရာ စခန်းများမှသည် ထိုင်းနိုင်ငံအတွင်းသို့ ကူးပြောင်းခဲ့၏။ ဖလူး၊ ဝမ်ခ၊ မဲသဝေါ … မဲလထမှသည် ဘန့်စောင်ကွဲနွားဈေးသို့ … တစ၊ တစ ရွှေ့လျားခဲ့၏။

တရားဝင်မှု အပြည့်အဝမရှိသည့် ဈေးကွက်တို့၏ သဘာဝအတိုင်းပင် …. မရိုးသားမှုများက ရှိ၏။ ငွေကြေး အပြည့်အဝ ပေးချေခြင်း မရှိဘဲ လိမ်လည်သွားသည့် ထိုင်းနွားကုန်သည်တို့နှင့် ကြုံခဲ့ရသည့် မြန်မာ ကျွဲ၊ နွားကုန်သည်တို့သည်လည်း …. ခေတ်အဆက်ဆက်၌ ရှိခဲ့သည်ပင် ..။ မရေတွက်နိုင် …။
ဤအတွက်ပင် … KNLA တပ်မဟာ ၅ မှ တပ်မင်းကြီးဗိုလ်လင်းထင် ကိုယ်တိုင်ပင် ကျွဲ၊ နွားကြွေး တောင်းရန် တပ်ထောင်ဗိုလ်ပါ အလုံးအရင်းနှင့် မဲဆောက်သို့ ချီတက်၍ ထိုင်းနယ်စပ်ရွာလေးများအား သိမ်းထားခဲ့ဖူး၏။


(၅)
ဈေးနေ့မဟုတ်သဖြင့် ဘန့်စောင်ကွဲနွားဈေးခင်းအတွင်း တိတ်ဆိတ်ငြိမ်သက်၍နေသည်။ သားသည် နွားမ ၃-၄ ကောင်သည် ချည်တိုင်တွင် ငြိမ်သက်စွာနှင့် စားမြုံပြန်၍နေကြသည်။ သားငယ်တကောင်က … ချည်တိုင်တွင် ချည်ထားသည့် မိခင်နွားမကြီး၏ နို့ပိန်နို့ခြောက်အား ခေါင်းနှင့် ဝှေ့၍ … ဝှေ့၍ စို့၏။ နို့်ချိုက ထွက်မလာသဖြင့် သားငယ်သည် မိခင်၏ နို့အုံအား အတင်းဝှေ့၍ သောက်ပြန်သည်။
ဤနွားသားအမိတစုက … ပြီးခဲ့သည့် ဈေးနေ့တွင် အရောင်းအဝယ်မဖြစ်၍ ကျန်နေကြသည့် နွားများ ဖြစ်သည်။ နောင်ဈေးနေ့များတွင်မူ …. ထိုနွားသားအမိအုပ်သည်လည်း ဝယ်လက်သို့ ရောက်ကြပေလိမ့်မည်…။

ဘန့်စောင်ကွဲ နွားဈေးမှသည် သားသတ်ရုံဆီသို့ ခရီးဆက်ကြရမည်မှာ … အသေအချာပင် …။



No comments: