Friday, May 28, 2010

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ

မွေခေါဝ်


RCSS ခေါ် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိ အမှတ်ပြု ဆဲဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကို ကန့်ကွက်ကြောင်း မေ ၂၆ ရက်နေ့၌ ကြေငြာချက် တစောင် ထုတ်ပြန်သည်။

နအဖတို့ စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံသူနိုင်ငံသားများ၏ စိတ်ရင်းဆန္ဒမှန် မဟုတ်သောကြောင့် မထောက်ခံနိုင်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော်မည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုကြောင်း ပါရှိသည်။

တစညပါတီနှင့် ကြံ့ဖွံ့ပါတီတွင် ပါဝင်ကြမည့် သျှမ်းပြည်မှပြည်သူလူထုအား RCSS က အသိအမှတ်ပြု ထောက်ခံခြင်း မရှိကြောင်း ထိုကြေငြာချက်ကဆို၏။

၂၀၁၀ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းထူထောင်သည့် ပါတီသစ်များကို ကန့်ကွက်ကြောင်းလည်း ရေးသားထားသည်။

“ဒီလိုဆိုရင် ဦးစိုင်းအိုက်ပေါင်းဦးဆောင်ဖွဲ့စည်းတဲ့ ကျားဖြူပါတီ(SNDP)ဟာ RCSS ရဲ့ ထောက်ခံအသိအမှတ်ပြုမှုရဖို့ မျှော်လင့်ချက်မရှိဘူးဆိုတဲ့ သဘောသက်ရောက်တယ်” ဟု တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြူပါတီအဖွဲ့ဝင်တဦးက ပြောကြားပါသည်။

ထိုကြေငြာချက်တွင်

RCSS သည် နအဖနှင့် ငြိမ်းချမ်းရေးရယူထားသော အပစ်ရပ်အဖွဲ့များအား ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းသည့်ကိစ္စကို ကန့်ကွက်ကြောင်း
ထိုင်းနိုင်ငံ၏နိုင်ငံရေးပြဿနာများကို RCSS က စွက်ဖက်ဘက်လိုက်မည်မဟုတ်ကြောင်း
RCSS က သျှမ်းပြည်လူ့အခွင့်အရေးကို ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း
အာဆီယံအဖွဲ့အစည်းနှင့် UN လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များအား သျှမ်းပြည်နှင့် မြန်မာနိုင်ငံရှိ ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ လာရောက်စုံစမ်းရန် RCSS က တောင်းဆိုကြောင်းပါရှိသည်။

RCSS ခေါ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကို ၁၉၉၉ တွင် ဦးဆောင်နိုင်ငံရေးအဖွဲ့အဖြစ် လက်ရှိ RCSS ဥက္ကဋ္ဌ စ၀်ယွတ်စစ်က လွယ်တိုင်းလျဲန်း၌ ဖွဲ့စည်းထူထောင်ခဲ့သည်။


No comments: