Sunday, May 23, 2010

မြန်မာ အလုပ်သမားများတည်သော ဘုရား ထီးတင်ပွဲ ကျင်းပ

ဘစောတင်

ထိုင်းနိုင်ငံ မဲဆောက်မြို့မှ အလုပ်သမားများ စုပေါင်းတည်ထားသော“ရွှေပြည်အေး ဆုတောင်းပြည့် ဘုရား” ထီးတော်တင်ပွဲ အခမ်းအနားကို ယနေ့ ကျင်းပပြုလုပ်သည်။

မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ရွှေ့ပြောင်းကာ အလုပ်လုပ်နေကြရသော အလုပ်သမား များ ဘ၀ အေးချမ်းစေရန် ရည်ရွယ်ချက်ဖြင့် ဤစေတီတော်မြတ်ကို တည်ထားကိုးကွယ်ရခြင်း ဖြစ်ကြောင်း ဂေါပကအဖွဲ့ မှ နာယက ဆရာတော် ဦးဇ၀နက ဧရာဝတီသို့ မိန့် ကြားသည်။ ဆရာတော် ဦးဇ၀နကို ရမ်ဘို ဘုန်းကြီး ဟုလည်း ခေါ်ကြသည်။

“ဘုန်းကြီးတို့ ရည်ရွယ်ချက်ကတော့ ကိုယ့်မှာ မြန်မာနိုင်ငံဆိုပြီး နိုင်ငံလည်းရှိတယ်၊ ဒါပေမယ့် အဲဒီနိုင်ငံသား တွေ ဟာ ကိုယ့်တိုင်းပြည်မှာ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်လို့ မရဘူး၊ နိုင်ငံရှိပြီး တိုင်းပြည်မဲ့ နေ ကြတယ်၊ ဒါကြောင့် သူများတိုင်းပြည်ကို ထွက်လာခဲ့ကြတယ်၊

ဒီထိုင်းနိုင်ငံအတွင်းကို လာရောက်ကြတဲ့ အလုပ်သမားတွေဟာ ထိုင်းဘုရင်မင်းမြတ်က ခေါ်တာလည်းမဟုတ်ဘူး၊ ကုမ္ပဏီတွေက ခေါ်တာလည်း မဟုတ်ဘူး၊ ဒီတော့ သူတပါးတိုင်းပြည်ကို တရားမ၀င် ရောက်တဲ့အခါ ကျီးလန့်စာစားနဲ့ နေကြရတယ်၊ အဲဒါ ကို လွန်မြောက်စေချင်တယ်၊ ဒါကို အတိတ်နိမိတ်ယူပြီး ကိုယ့်နိုင်ငံ ငြိမ်းချမ်းသာယာဖို့ ရည်စူးပြီးရွှေပြည်အေး ဘုရား လို့ တည်ထားတာပါ”ဟု ဆရာတော် ဦးဇ၀န က မိန့်သည်။

လွန်ခဲ့သော (၁၄)နှစ်ခန့် က သာမည ဆရာတော်ကြီးသည် ထိုင်းနိုင်ငံသို့ ရောက်ရှိလာစဉ်အတွင်း မဲဆောက် မြို့နောင်ဘွား ကျေးရွာရှိ ယခု ဘုရားတည်ထားသောနေရာတွင် စေတီတဆူတည်ရန် မိန့်မှာ ခဲ့ကြောင်း သိရ သည်။

သို့သော်လည်း အခက်အခဲများကြောင့် ဘုရားမတည်ဖြစ်ဘဲ လွန်ခဲ့သော သုံးနှစ် (ကောဇာ သက္ကရာဇ် ၁၃၆၉ ခုနှစ်) တန်ဆောင်မုန်း လပြည့်နေ့ ကျမှသာလျှင် ဘုရား ပန္နက် ချ နိုင်ခဲ့ကြောင်း ဂေါပကအဖွဲ့  ဥက္ကဋ္ဌ က ရှင်းပြသည်။
“သာမညဆရာတော် သက်တော်ထင်ရှားရှိစဉ်က ဒီကုန်းမှာ ဘုရားတည်ဖို့ ဗျာဒိတ်ထားခဲ့တယ်၊ ဒါပေမယ့် လူ တွေက အကောင်အထည်မဖေါ်နိုင်ခဲ့ဘူး၊ လွန်ခဲ့တဲ့ ၃ နှစ်ကတော့ဗျာ ရွာမှာ အစည်းအဝေးလုပ်ရင်း ဘုရား တည်ဖို့ ဆုံးဖြတ်ချက်ကျတယ်၊ ထိုင်း ဘုရင်မင်းမြတ် သက်တော် (၈၀) ပြည့်တဲ့ကာလမှာ ကမ္ဘာအရပ်ရပ်က လာရောက်ဂုဏ်ပြုကြတယ်၊ ကျနော်တို့ ကတော့ ဘုရင်မင်းမြတ် အနားကို သွားရောက်ခွင့်မရှိဘူး၊ သူ့ကို လည်း အထွတ်တမြတ် လက်ဆောင်ပေးချင်တယ်၊ တခါ ကျနော်တို့ မိခင်တိုင်းပြည်ကိုလည်း ငြိမ်းငြိမ်းချမ်း ဖြစ်စေချင်တယ်၊ အဲဒီမငြိမ်းချမ်းတဲ့ တိုင်းပြည်က လူတွေကိုလည်း ကိုယ့်အိမ် ကိုယ့်ရာမှာ လုံလုံခြုံခြုံ သာသာ ယာယာ နေစေချင်တယ်၊ ဒါက ဘုရားတည်ရတဲ့ သမိုင်းအကြမ်းပေါ့”ဟု ဂေါပက ဥက္ကဋ္ဌ ဦးစောမြပဒိုင် က ပြောသည်။

ဤစေတီတော်ကို တည်ဆောက်ရန် အချိန် ၃ နှစ်ကြာခဲ့သည်။ ဘုရား အတွက် ကုန်ကျငွေပေါင်းမှာ ထိုင်း ဘတ် ၅၀ ၅၀၀၀၀ (ဘတ် သိန်းငါးဆယ်နှင့် ငါးသောင်း) ကုန်ကျခဲ့ကြောင်း သိရသည်။

စေတီတော် တည်ထားရန် စတင်မတည်ရန် သြစတြေးလျ နိုင်ငံတွင် နေထိုင်သည့် ဦးထွန်းမြင့်က အလှူငွေ ဘတ် တသိန်းကို လှူဒါန်းခဲ့သည်။ ထို့ အပြင် အမေရိကန်၊ နော်ဝေ အစရှိသော နိုင်ငံများမှ မြန်မာနိုင်ငံသား များကလည်း ထည့်ဝင်လှူဒါန်းကြသည်။

အများဆုံးလှူဒါန်းသူများမှာ မဲဆောက်ရှိ စက်ရုံအသီးသီးမှ မြန်မာ အလုပ်သမားများဖြစ်ကြောင်း သိရသည်။

စေတီတော်ကြီး ပြီးမြောက်အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့သဖြင့် ပြောမပြတတ်အောင် ၀မ်းမြောက် ပီတိဖြစ်မိကြောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဖော့ထိုင်ခလိန်းကပြောသည်။

“အများစုပေါင်းပြီး ဒီလိုဘုရားတဆူ တည်ထားကိုးကွယ်နိုင်တဲ့အတွက် ရင်မှာဖြစ်လာတဲ့ ၀မ်းသာပီတိက တော့ ဖော်ပြလို့ ပြောပြလို့ မရအောင်ပါပဲဗျာ၊ ကျနော်တို့ အားလုံးဟာ ဆင်းရဲသား အလုပ်သမားတွေပါ၊ ဒီဘုရားဟာ ဆင်းရဲသား အလုပ်သမားတွေရဲ့ ချွေးနှဲစာကို အဓိကထားပြီး တည်ထားတာမို့ လို့ ဆင်းရဲသား ဘုရားလို့ ဆိုရင်လည်း မမှားပါဘူး၊ အခုဆိုရင် ဒီအနီးတ၀ိုက်က အလုပ်သမားတွေ ကိုးကွယ်စရာ ဘုရားရှိပြီ၊ ကျနော် အရမ်းဝမ်းသာတယ်”ဟု ၎င်းက ဆိုသည်။

ဤစေတီတော်ကို တည်ဆောက်ရာတွင် ပုံသဏ္ဌာန် လေးမျိုးကို ပေါင်းစပ်ထားသည်။ အထက်ဆုံး အဆင့်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံ ပုံသဏ္ဍာန်ကို ယူထားပြီး ထို့ နောက်မှ အောက်အဆင့်ကို သီရိလင်္ကာနိုင်ငံ မှ စေတီပုံကို ယူထားသည်။ ၎င်းအောက်မှ အပိုင်းကို ပုဂံမှ အာနန္ဒာစေတီ၏ အသွင်ကို ယူထားသည်။ အောက်ဆုံးအဆင့်ကိုမူ ပုထိုးတော် ပုံသဏ္ဌာန်ကို ယူထားသည်ဟု ဂေါပကအဖွဲ့ အတွင်းရေးမှူးကဆက်လက် ပြောပြသည်။

ထိုင်းဆရာတော်များနှင့် သက်ဆိုင်ရာ အာဏာပိုင်များထံမှ ခွင့်ပြု ချက်ရယူပြီး တည်ထားကြခြင်းဖြစ်သည်။

ယနေ့ ထီးတော်တင်ပွဲ ပထမနေ့ တွင် မြန်မာ ဗုဒ္ဓဘာသာ ရိုးရာယဉ်ကျေးမှုအရ ကျင်းပခဲ့ကြပြီး မနက်ဖြန် တနင်္ဂနွေနေ့တွင် ထိုင်း ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ ဆင်ယင်ကျင်းပဦးမည်ဖြစ်သည်။

ယနေ့ ထီးတင်ပွဲသို့ ပရိသတ် ၃၀၀၀ ကျော်ခန့် လာရောက်ကြကြောင်း သိရသည်။





No comments: