Saturday, May 22, 2010

၂၀၀၇ (ဗကသ) ခေါင်းဆောင် ကိုကျော်ကိုကို ကို ထပ်တိုး ထောင်ဒဏ် (၅)နှစ် ချမှတ်

ဘုန်းခိုင်။

တောင်ကြီးထောင်မှာ ထောင် (၃)နှစ် ကျခံနေရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ၂၀၀၇ (ဗကသ)ခေါင်းဆောင် ကိုကျော်ကိုကို ကို နောက်တိုးပုဒ်မ (၂)ခုဖြင့် ထောင် (၅)နှစ် ထပ်မံအပြစ်ပေးခဲ့သည်။

ကိုကျော်ကိုကို ကို ရန်ကုန် ကျောက်တံတားတရားရုံးမှာ တရားသူကြီး ဦးစောဝင်းနှင့် ဦးသက်ဆွေဦးတို့ ခုံရုံးနှစ်ခုက ဒီကနေ့မွန်းလွဲပိုင်းတွင် အသင်းဖွဲ့ပုဒ်မ (၆)ဖြင့် ထောင် (၃)နှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားစေမှု ပုဒ်မ (၅၀၅-ခ)ဖြင့် ထောင် (၂) နှစ် စုစုပေါင်း ထောင် (၅)နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ကိုကျော်ကိုကို ကို ထပ်တိုးပုဒ်မ (၂)ခုနှင့် အမိန့်ချမှတ်လိုက်သည့်အပေါ် ဥပဒေအကြံပေး ရှေ့နေကြီး ဦးအောင်သိန်းက “ဗကသကို အသင်းအဖွဲ့အနေနဲ့ ဖွဲ့ထားတဲ့ ပုံစံမျိုးနဲ့ ပြစ်ဒဏ်ပေးတဲ့ကိစ္စမှာ အသင်းဖွဲ့ ဖွဲ့ထားတာ မဟုတ်ပါဘူးလို့ ခုခံချေပရမယ့် အနေအထားမျိုတော့ ဒါတရားခံဘက်ကို ပခုံးပြောင်းပြီးတော့ ရှင်းလင်းစေတဲ့အချက်ဟာဖြင့် ဥပဒေနဲ့တော့ မညီဘူးပေါ့။ ပုဒ်မ (၅၀၅-ခ) ဆိုတာကလည်း ၂၀၀၇ ခုနှစ်က သံဃာတော်တွေ မေတ္တာသုတ်ရွတ်ပွဲမှာ ကျော်ကိုကိုက အဲဒီမှာ ဟောပြောတယ်။ ဟောပြောတာဟာ လှုံ့ဆော်တယ်လို့ ပြောလို့ရလား၊ မရဘူးလား အဲလိုဟောပြောတဲ့အတွက် ဘယ်လိုပြဿနာတွေ ပေါ်ပေါက်လာသလဲ၊ အဲဒီလို အချက်အလက်တွေကိုလည်း တရားစွဲ အဖွဲ့အစည်းအနေနဲ့ ရှင်းရှင်းလင်းလင်း အမှုတွဲမှာ ဖော်ပြနိုင်ခြင်း မရှိဘူး" ဟု ပြောသည်။

ကိုကျော်ကိုကို ကို ထပ်တိုးပုဒ်မ (၂)ခုဖြင့် ထောင် (၅)နှစ် ထပ်မံပြစ်ဒဏ်ချမှတ်ခြင်းတွင် တရားမျှတ မှန်ကန်ခြင်းမရှိသည့်အတွက် တရားရုံးအဆင့်ဆင့်ကို အယူခံဝင်သွားဖို့ စီစဉ်နေကြောင်း သိရသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင် ကိုကျော်ကိုကို ကို စစ်အစိုးရ အာဏာပိုင်များက ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်းရေးမှာ ပါဝင်မှုနဲ့ ၂၀၀၈ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့မှာ ဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးပြီး မင်္ဂတောင်ညွန့်မြို့နယ် တရားရုံးက ဗွီဒီယိုအက်ဥပဒေနှင့် ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထောင် (၃)နှစ်ချမှတ်ကာ တောင်ကြီးထောင်တွင်း အကျဉ်းချခဲ့သည်။

၂၀၁၀ ခုနှစ်၊ မတ်လ (၃) ရက်နေ့တွင် ကိုကျော်ကိုကို ကို တောင်ကြီးထောင်ကနေ ရန်ကုန် အင်းစိန်ထောင်သို့ ပြန်ပို့ပြီး စက်တင်ဘာ ရွှေဝါရောင်ကာလအတွင်း ဗကသအဖွဲ့ကို ဖွဲ့စည်းသည်ဟုဆိုကာ အသင်းအဖွဲ့ပုဒ်မ (၆) ဖြင့် အမှုထပ်တိုး တရားစွဲခံရသည်။ အဆိုပါ အမှုအတွက် ဧပြီလ (၇) ရက်နေ့က ကျောက်တံတား တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေစဉ် စက်တင်ဘာ သံဃာ့အရေးအခင်းတွင် ပါဝင်မှုနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင် လုပ်ဆောင်မှု (၅၀၅-ခ)ဖြင့် ထပ်မံ တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။


No comments: