Thursday, May 27, 2010

ကချင်ပြည်နယ် မီးရထားသံလမ်းတွင် မိုင်းဗုံးတွေ့

ခိုင်လင်း / ၂၇ မေ ၂၀၁၀

၁၉၉၄ ခုနှစ် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) အပစ် ရပ်စဲရေး ပြုလုပ်ပြီး နောက်ပိုင်း မီးရထား သံလမ်း ဗုံးခွဲ သည့်ဖြစ်ရပ် များ ငြိမ်သက်ခဲ့သည့် ကချင်ပြည်နယ် အတွင်းတွင် ပထမဆုံး အကြိမ်အဖြစ် မီးရထား သံလမ်း၌ ဗုံးများ တွေ့ရှိခဲ့သည်။


ယမန်နေ့ နံနက်ပိုင်း၌ မြစ်ကြီးနားမြို့နှင့် နန်းကွေ့ဘူတာအကြား မီးရထားသံလမ်းပေါ်တွင် မိုင်းဗုံးများ တွေ့ရှိခဲ့ရာ မြစ်ကြီးနား-မန္တလေး မီးရထားသွားလာမှုများ ခေတ္တရပ်ဆိုင်းခဲ့ရကြောင်း၊ ဒေသခံတို့မှာ ယခုကဲ့သို့ မိုင်းတွေ့သည့်ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ထိတ်လန့်နေကြောင်း မြစ်ကြီးနားဒေသခံတဦးက ပြောသည်။

၎င်းက “မိုင်းဗုံးက မီးရထားသံလမ်းမှာ တွေ့တာ။ မြစ်ကြီးနားအထွက်နားမှာ ဒီကနေ သိပ်မဝေးဘူး။ မနေ့က မန္တလာ အမြန်ရထားတောင် ပုံမှန်ဆို နေ့လယ် (၁) နာရီခွဲထွက်တာ။ ညနေ (၃) နာရီကျော်မှ ထွက်နိုင်ခဲ့တယ်။ ဗုံးရှင်းလင်းရေး လုပ်နေလို့တဲ့။ အခုလို ဗုံးကိစ္စက ကေအိုင်အို ငြိမ်းချမ်းရေးလုပ်ကတည်းက ပထမဆုံး ပြန်ကြားလာရတာပဲ။ လူတွေလည်း ကြောက်နေကြတယ်။ ဗုံးတွေ တကယ်ပဲ ခွဲတော့မှာလားဆိုပြီး စိုးရိမ်ကြတယ်” ဟု ပြောသည်။

ယနေ့ထုတ် နအဖပိုင် သတင်းစာများတွင်လည်း မေ (၂၆) ရက်၊ နံနက် (၁ဝ) နာရီ (၃၅) မိနစ်ခန့်၌ မြစ်ကြီးနားနှင့်နန်းကွေ့ဘူတာအကြား မီးရထားသံလမ်းအောက်တွင် တီအန်တီ ယမ်းတုံး (၄ဝဝ) ဂရမ်ပါ အတုံး (၃ဝ)၊ (၂ဝဝ) ဂရမ်ပါ အတုံး (၂ဝ)၊ စနက်တံ (၆) ခု၊ ဆားကစ် (၃) ခုနှင့် ဓာတ်ခဲများ စသည့် ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

မြစ်ကြီးနားမြို့အနီးတွင် ယခုကဲ့သို့ ဗုံးတွေ့ရှိခြင်းမှာ ထူးခြားမှုဖြစ်သကဲ့သို့ ကေအိုင်အို အပေါ် ဖိအားပေးသည့်အနေဖြင့် လုပ်ဆောင်ခြင်းလည်းဖြစ်နိုင်ကြောင်း မြစ်ကြီးနားမြို့ခံ ကချင်အမျိုးသားတဦးက ပြောသည်။

၎င်းက “ကေအိုင်အို ငြိမ်းချမ်းရေး မလုပ်ခင်တလျှောက်လုံး ဗုံးတွေ ခဏခဏကွဲခဲ့တယ်။ အဲဒီတုန်းကတော့ ဗုံးကွဲတိုင်း ကေအိုင်အိုကို လက်ညိုးထိုးခဲ့တယ်။ ကေအိုင်အိုက နယ်ခြားစောင့်တပ်ကိစ္စ လက်မခံတာ မှန်ပေမယ့် အခုအချိန်ထိ ဆွေးနွေးနေတုန်းပဲ။ အပစ်ရပ်စဲရေးလည်း အခုချိန်ထိ မပျက်သေးဘူး။ ကေအိုင်အိုက အဲလိုလုပ်တော့ကော သူ့အတွက် ဘာမှ အကျိုးမရှိတဲ့အပြင် အကျိုးတောင် ယုတ်စေနိုင်သေးတယ်။ ကေအိုင်အိုကို အကျပ်ကိုင်ချင်လို့ နအဖကိုယ်တိုင်လုပ်တာလည်း ဖြစ်နိုင်တယ်ဆိုပြီး ဝေဖန်နေကြတယ်” ဟု ပြောသည်။

ဧပြီလ (၁၇) ရက်က ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းတွင် ဗုံးများဆက်တိုက်ပေါက်ကွဲခဲ့ပြီး တရားခံ အစစ်အမှန်ကို မဖော်ထုတ်နိုင်သော်လည်း အာဏာပိုင်များက ဒေသခံအများအပြားကို ဖမ်းဆီးစစ်ဆေးခဲ့ရာတွင် ကေအိုင်အိုအဖွဲ့အား ထောက်ခံကူညီနေသည့် လူငယ်များ၊ ကချင်အမျိုးသားများလည်း ဖမ်းဆီးခံနေရသည်။


No comments: