Friday, May 21, 2010

ထက်ထက်မိုးဦးနှင့် သတင်းသမား ပဋိပက္ခဖြစ်

သဲသဲ Friday, May 21, 2010

ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးက 7 days news ဂျာနယ် သတင်းထောက် မအေးသူစံအား ကိုယ်ထိ လက်ရောက် ပြုမူလိုက်ခြင်းနှင့် ပတ်သက်၍ အနုပညာ သမားများနှင့် မီဒီယာ လောကသားများ ကြားတွင် စည်းရှိသင့် သည်ဟု ဝေဖန် သုံးသပ်နေကြသည်။

နာမည်ကြီး သရုပ်ဆောင်၊ အဆိုတော်များနှင့် နီးစပ်သည့် လျှပ်တပြက် သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က အနုပညာ သမားများနှင့် မီဒီယာသမားများ အကြား ပတ်သက် ဆက်နွှယ်မှုမှာ တဦးနှင့်တဦး အမှီသဟဲ ပြုနေရသဖြင့် တဘက်နှင့် တဘက် ထိခိုက် နစ်နာစေလိုသည့် သဘောနှင့် မပြောဆိုသင့်ဟု ဆိုသည်။

“ကျနော်တို့ကတော့ အေးအေးဆေးဆေး ရှိတဲ့သူကို အေးအေးဆေးဆေးပဲပေါ့၊ အေးအေးဆေးဆေး မဟုတ်တဲ့သူကို အေးအေး ဆေးဆေး မဟုတ်တဲ့ အတိုင်းပေါ့။ တယောက်နဲ့ တယောက် ကင်းလို့မှမရတာ။ ပြောချင်တာ တခုကတော့ သူ့စည်း ကိုယ့်စည်း ရှိရပါမယ်” ဟု ဦးမြတ်ခိုင်က ဧရာဝတီကို ပြောသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍မူ အတိအကျ မသိသောကြောင့် ဝင်ရောက် သုံးသပ်ခြင်း မပြုလိုဟု ဆိုသည်။

မေလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဆီဒိုးနားဟိုတယ် Ball Room ခန်းမရှေ့၌ သတင်းထောက် မအေးသူစံက သရုပ်ဆောင် ထက်ထက်မိုးဦးကို အင်တာဗျူးကဏ္ဍအတွက် ၎င်း၏ အိမ်ထောင်ရေး အခြေအနေနှင့် ပတ်သက်၍ မေးမြန်းမိရာ ထက်ထက် မိုးဦးက ကိုယ်ထိလက်ရောက် ပြုမူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကာယကံရှင် သတင်းထောက် မအေးသူစံက ၎င်းအနေဖြင့် ယခု လက်ရှိတွင် ရန်ကင်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားဆဲ ဖြစ်သည့်အတွက် မည်သို့မှ ပြောဆိုလိုခြင်း မရှိသေးဟု ဆိုသည်။

တရားရုံးက ယင်းကိစ္စကို မည်သည့် ပုဒ်မမျှ တပ်ထားခြင်း မရှိသေးဘဲ မေလ ၂၄ ရက်နေ့သို့ ပြန်လည် ချိန်းဆိုထားသည်ဟု 7 days news ဂျာနယ်မှ တာဝန်ရှိသူတဦးက ရှင်းပြသည်။ သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးကို အဆိုပါ ဂျာနယ်တိုက်အနေဖြင့် အမှုဖွင့် တိုင်ကြားမည်ဟုလည်း သူက ဆိုသည်။

“စာနယ်ဇင်း သမားတွေရဲ့ ဂုဏ်သိက္ခာ အတွက်နဲ့ ဂျာနယ်တိုက်ရဲ့ ဂုဏ်သိက္ခာအတွက် ပြန်ပြီးတုံ့ပြန်တဲ့ သဘောပါ” ဟု ၎င်းက ပြောသည်။

၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ စာပေနှင့်စာနယ်ဇင်း စသည့် သက်ဆိုင်ရာ ဌာနများသို့လည်း စာပို့ တိုင်ကြားမည်ဟု ဆက်လက် ပြောပြသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးအား ဧရာဝတီ မဂ္ဂဇင်းမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

သတင်းထောက် တဦးအနေနှင့် သရုပ်ဆောင် တဦး၏ မည်သည့် အကြောင်းအရာကိုမဆို ပရိသတ်အား သတင်း ပေးချင်သည့် သဘောဖြင့် မေးမြန်းလျှင် မေးမြန်းနိုင်ကြောင်း၊ သတင်းထောက်၏ အမှားဟု မပြောနိုင်ကြောင်း ရန်ကုန် အခြေစိုက် သတင်း အယ်ဒီတာတဦးက ပြောသည်။

“ကိုယ်သိချင်လို့ စပ်စုတာမျိုးဆိုရင်တော့ လွန်တာပေါ့လေ။ အနုပညာရှင် တယောက်ရဲ့ဘ၀အကြောင်းကို ပရိသတ်က စိတ်ဝင်စား ကြတာပဲ။ အဲဒီလို ပရိသတ် သိချင်တဲ့မေးခွန်းတခုကို မေးပေးတာမျိုးဆိုရင် ဒါကို လွန်တယ်လို့ပြောလို့မရပါဘူး” ဟု ၎င်းက သုံးသပ် ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အင်တာနက် ဆက်သွယ်မှုတခု ဖြစ်သည့် Facebook အကောင့်များနှင့်လူအများကြား ပျံ့နှံ့ နေကြောင်း တွေ့ရသည်။

အဆိုပါ ကိစ္စအား ပြည်တွင်း သတင်းဂျာနယ်တခုဖြစ်သော Weekly Eleven ဂျာနယ်၏ အင်တာနက် စာမျက်နှာနှင့် The Voice ဂျာနယ်တွင် ဖော်ပြ ထားသော်လည်း နောက်ပိုင်းတွင် ဆက်လက်ဖော်ပြမည့် တခြားသော ပြည်တွင်းဂျာနယ်များတွင်မူ စာပေစိစစ်ရေးက ပိတ်ပင်လိုက်ပြီ ဖြစ်ကြာင်း ရန်ကုန် စာနယ်ဇင်းလောကမှ ကြားသိရသည်။

No comments: