Saturday, May 22, 2010

ကချင်ပါတီ လူထုစည်းရုံးရေးများ ခေတ္တရပ်ဆိုင်းထား

KNG

ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) သည် ကချင်ပြည်နယ်အတွင်း ပုံမှန်လုပ်နေသည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် လူထု စည်းရုံးမှုများကို ယခု ခေတ္တရပ်ဆိုင်းထားသည်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင် ပါတီ၏ လူထုစည်းရုံးရေးများ ရပ်ဆိုင်းသွားသည်မှာ နှစ် ပတ်ကျော်သွားပြီဖြစ်ကြောင်း KSPP အရာရှိတစ်ဦးပြောပြချက်အရ သိရသည်။

ပါတီမှတ်ပုံတင်မကျသေးမှုကြောင့် ကချင်ပြည်နယ်တိုးတက်ရေးပါတီအဖွဲ့ က “နားလည်မှုအနေ နဲ့ စည်းရုံးရေးမဆင်းပါဘူး။ စစ်အစိုးရ အနေနဲ့ မဆင်းနဲ့လိုမပြောပါဘူး။ ဒါပေမဲ့ ပါတီတည်ထောင်ခွင့်မချသေးဘဲ အပြစ် ထပ်ဖြစ်မှာစိုးလို့ စည်းရုံးရေးမဆင်းတာပါ” ဟု ပါတီ အရာရှိတစ်ဦးပြောသည်။

နေပြည်တော်အခြေစိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကချင်ပါတီ ကို ယနေ့ အထိ ပါတီတည်ထောင်ခွင့် မချပေးသေးပါ။


ယခုလို တရားဝင် ပါတီမှတ်ပုံတင်ခွင့် မရခြင်း၏ အဓိကအကြောင်းရင်းသည် စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့အကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စပေါ် ဆက်လက် ညှိနှိုင်းနေခြင်းဖြစ်ကြောင်း KSPP နှင့်နီးစပ်သည့် အတိုင်းအ၀ိုင်းကပြောတယ်။

ကချင်အမျိုးသားလွှတ်မြောက်ရေးအဖွဲ့ (KIO) ဒုဥက္ကဌဟောင်း ကချင်ပါတီခေါင်းဆောင်ဒေါက်တာတူးဂျာ သည် KIO အားနယ်ခြားစောင့်တပ်ဖွဲ့ အသွင်းပြောင်းရေးအတွက် စာဖြင့်အကြုံပြုသေးသည်။

တဖက်မှာလည်း ကချင်ပြည်နယ်ကိုယ်စားပြု ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း (USDA) မှာလည်း တနိုင်း လီဒိုလမ်းမ ကြီးတစ်လျှောက် နှင့် ဆွမ်ပရာဘွမ် တစ်လျှောက် လူထုစည်းရုံးရေးပြုလုပ်နေပြီး ဒေသခံများအား (CDMA) ဖုန်း လိုင်စင်ချပေးမည်ဟု မက်လုံးပေးနေကြောင့် ဒေသခံများမှသိရသည်။

တနိုင်းလီဒိုလမ်းမ ကြီးတစ်လျှောက် နှင့် ဟူးကောင်း နယ်မြေ တစ်ဝိုက် ကို ဦးလဂျောင်ငံဆိုင်း နှင့် ခမိုင်တန် တို့ ဦးဆောင် စည်းရုံးနေပြီး နောင်နန်း ဆွမ်ပရာဘွမ် လမ်းတစ်လျှောက်ကို

ဦးခက်ထိန်နန် ဦးဆောင် စည်းရုံးနေကြောင်း ဒေသခံများမှသိရသည်။

ခက်ထိန်နန်သည် ကချင်မနောပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ အဖြစ် ၄နှစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦး ဖြစ်သည်။ ဦးလဂျောင်ငံဆိုင်း နှင့် ခမိုင်တန် တို့ သည်လည်း မနောပွဲဖြစ်မြောက်ရေးကော်မတီ အမှုဆောင်ကော်မတီအဖွဲ့ဝင်များ ဖြစ်သည်။

ဦးခမိုင်တန်သည် ကချင်ပြည်နယ်တွင် အကြီးဆုံးရွှေကုမ္ပဏီတခုဖြစ်သည့် Sea Sun Stars ၏ တာဝန်ခံ လည်းဖြစ်သည်။

ယခင်က ကချင်ပြည်နယ်တိုးတက်ရေးပါတီ နင့် ပြည်ထောင်စုကြံ့ခိုင်ရေနှင့်ဖွံ့ဖြိုးရေးအသင်းတို့ မြစ်ကြီးနားတွင် အပြိုင်အဆိုင် လူထုစည်းရုံရေးပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။

ယခုအခါ KSPP ပါတီသည် ပါတီတည်ထောင်ခွင့်မကျသေးသောကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးအသင်း ကသာ ကချင်ပြည်နယ်အတွင်း လူထုစည်းရုံးရေးပြုလုပ်နေပါသည်။

ယနေ့အထိ နှိင်ငံရေးပါတီတည်ထောင်ခွင့်နှင့်ဆက်လက်တည်ထောင် ခွင့်လျှောက်ထားသည့် ပါတီ (၃၈) ပါတီရှိပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၁၇)ပါတီ အနက် (၅)ပါတီ ကို မှတ်ပုံတင်ခွင့်ပြုကြောင့် နှင့် ကျန်လျှောက်ထားသည့်ပါတီများကို စိစစ်ဆောင်ရွက်လျက်ရှိနေကြောင်း ၁၈ ရက်နေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့အလင်းတွင်ကြေငြာထားပါသည်။

ယခုချိန်ထိ KSPP ပါတီကို စစ်အစိုးရမှ လက်မခံသေးသော်လည်း ပါတီခေါင်းဆောင် ဒေါက်တာတူးဂျာ ကတော့ ပါတီ တရားဝင်ဖြစ်လာရေးကိစ္စပေါ် အကောင်းဘက်က မြင်နေဆဲဖြစ်ကြောင်းသိရပါသည်။


No comments: