Wednesday, May 26, 2010

မြို့အ၀င်ဂိတ်ကို ဆိုင်ကယ်စီး လူတစုဗုံးပစ် ရဲတစ်ဦးသေ နှစ်ဦးထိ

မွေခေါဝ်

သျှမ်းပြည် အလယ်ပိုင်း မိုင်းကိုင်မြို့ မြောက်ဘက်ရှိ မြို့ အ၀င်/အထွက် စစ်ဆေးရေး ဂိတ်တွင် ဆိုင်ကယ်စီး လူငယ် တစ်စုက လက်ပစ် ဗုံး နှင့် ပစ်ပေါက်ခဲ့ သောကြောင့် ရဲတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိကြောင်း စုံစမ်း သိရှိရသည်။အဆိုပါ ဂိတ်၌ ဒုရဲအုပ် မောင်ထွေး ဦးဆောင်ပြီး ရဲသား သုံးဦးနှင့် အတူ မေ ၂၂ ရက်နေ့ တွင် ကင်းစောင့် နေခဲ့ကြသည်။

မွန်းလွဲပိုင်း ၂း၁၅ နာရီခန့်တွင် လူငယ် ၃ ဦးက တရုတ်မော်တော်ဆိုင်ကယ် (125 CC) ၂ စီး မောင်းနှင်လာပြီး ဂိတ်ရှေ့ဖြတ်သန်းစဉ် လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်၍ ပစ္စတိုသေနတ်နှင့်လည်း ပစ်ခတ် သွားခဲ့သည်။

သေဆုံးသူမှာ ရဲဒုတပ်ကြပ်ထူးနေလင်းဖြစ်ကြောင်း သိရှိရသည်။

မည်သူ့လက်ချက်ဖြစ်ကြောင်း မသိရှိရသေးသော်လည်း ဒေသခံမြို့သူမြို့သားများက သျှမ်းသံတော်ဆင့်ထံ ဤကဲ့သို့ပြောကြားကြပါသည်။

“သျှမ်းသူပုန်တွေဖြစ်မယ်ထင်တယ်။ ဒါမှမဟုတ် ရဲတွေရဲ့ စစ်ဆေးအော်ငေါက်ဆဲဆိုခံရပြီး ပစ္စည်းတွေဆုံးရှုံးခဲ့ရတာ ကြောင့် ရဲတွေအပေါ် စိတ်နာနေတဲ့လူတွေလဲဖြစ်နိုင်တယ်”

ထိုအခင်းဖြစ်ပွားပြီးနောက်ပိုင်း လဲချား-တောင်ကြီးသို့သွားသော တောင်ဘက်ဂိတ်၊ တုံလောဝ်း-သီပေါ လားရှိုး သို့သွားသော မြောက်ဘက်ဂိတ်နှင့် အခြားဂိတ်များတွင် စစ်ဆေးရေးတင်းကြပ်ထူပြောလာကြောင်းဒေသခံတစ်ဦး ပြောကြားချက်အရ သိရှိရသည်။

No comments: