Monday, May 31, 2010

စစ်သားစုဆောင်းရာမှ ကလေးငယ်တဦး သေဆုံး

လွန်းဒင်။

မီးရထားလမ်း လုံခြုံရေးတပ်က ကလေးစစ်သားအဖြစ် စုဆောင်းခြင်းကို လက်မခံပဲ ထွက်ပြေးသူကို သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ်တဦး သေဆုံးခဲ့သည်ဟု ဆွေမျိုးတော်စပ်သူတဦးက ပြောသည်။

ယခုလ (၁၆) ရက်နေ့က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ဝါးရုံကုန်း ကျေးရွာအုပ်စု၊ စံဖဲကျေးရွာမှ မောင်တင်မင်းနိုင်ကို ပြွန်တံဆာ မီးရထား လုံခြုံရေးအစောင့် တာဝန်ကျသည့် ခမရ (၅၈၆)မှ တပ်သားများက စစ်အသားအဖြစ် စုဆောင်းခြင်းကို လက်မခံဘဲ ထွက်ပြေးသည့်အတွက် သေနတ်ဖြင့် လှမ်းပစ်ရာမှ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တင်မင်းနိုင်နဲ့ သူ့သူငယ်ချင်းနှစ်ယောက်က ညဘက် ငါးရှာ၊ ဖါးရှာသွားတော့ ရထားလမ်းကင်းစောင့်တဲ့ စစ်သားတွေက သူတို့ကိုဖမ်းပြီး စစ်ထဲဝင်ရမယ်လို့ပြောနေတုန်း တင်မင်းနိုင်က မဝင်ချင်လို့ ထွက်ပြေးဖို့ ကြိုးစားတော့ စစ်သားတယောက်က သေနတ်နဲ့ နှစ်ချက်ပစ်တယ်၊ မသေသေးတော့ ခက်ရင်းနဲ့ထိုးသတ်ပြီး ဒိုက်ပုံကြားထဲ ထိုးပြီး မြုပ်ပစ်လိုက်တာ” ဟု ဆွေမျိုးတော်စပ်သူက ပြောသည်။

အဆိုပါဖြစ်စဉ်ကို တင်မင်းနိုင်နှင့်အတူ ပါသွားသည့် သူငယ်ချင်းဖြစ်သူ မောင်ကျော်ဝင်းက ပြန်လည်ပြောပြသည့်အတွက် သိရခြင်းဖြစ်ပြီး မောင်ကျော်ဝင်သည်လည်း အဆိုပါဖြစ်ရပ်ကို မြင်တွေ့ပြီး ကြောက်လန့်ကာ စိတ်အခြေအနေ မမှန်ဖြစ်နေသည်ဟု ပြောသည်။

“အဲလိုဖြစ်တော့ မောင်ကျော်ဝင်းက ကြောက်လန့်ပြီး စစ်သားအဖြစ် စုဆောင်းခံတယ်၊ ပြွန်တံဆာအခြေစိုက် စစ်သားစုဆောင်းရေးတပ်က မောင်ကျော်ဝင်းကိုကြည့်ပြီး စိတ်မူမမှန်လို့ ပြန်လွှတ်လိုက်တော့ တင်မင်းနိုင်ဆုံးတာကို သိလို့ ပြွှန်တံဆာ ရဲစခန်းက စစ်ဆေးတာတွေတော့ လုပ်နေတယ်” ဟု ပြောသည်။

ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ ပြွန်တံဆာ စစ်သားစုဆောင်းရေးတပ်က မည်သူကိုမှ တိုင်ကြားခြင်း မပြုရန်ပြောဆိုပြီး အသုဘ စရိတ်ထုတ်ပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု တင်မင်းနိုင်၏ ဆွေမျိုးတော်စပ်သူက ဆက်ပြောသည်။

“စုဆောင်းရေးတပ်အရာရှိက ငွေငါးသိန်းလာပို့ပြီး ခြိမ်းခြောက်တဲ့သဘော ပြောဆိုတာတွေ ရှိတယ်၊ အာဏာပိုင်တွေဘက်ကလည်း တပ်နဲ့ပတ်သက်နေတော့ အခုထိ ဘယ်လိုလုပ်မယ်ဆိုတာ မသိသေးဘူး၊ ကျနော်တို့ကတော့ သူတို့ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေတုန်းဘဲ” ဟု ဆက်ပြောသည်။

သေဆုံးသွားသူ တင်မင်းနိုင်မှာ အသက် (၁၆)နှစ်ဖြစ်ပြီး ၎င်း၏ သူငယ်ချင်းမောင်ကျော်ဝင်းမှာ အသက် (၁၅) နှစ်သာရှိသေးကြောင်း ၎င်းက ပြောသည်။

စစ်အစိုးရအနေဖြင့် မြန်မာ့တပ်မတော်တွင် အသက်မပြည့်သေးသည့် ကလေးငယ်များမရှိကြောင်း ပြောဆိုနေသော်လည်း ယခုကဲ့သို့ ကလေးစစ်သားစုဆောင်းမှုများမှာ နေရာအနှံ့ဖြစ်ပွားနေလျှက်ရှိပြီး စစ်သားစုဆောင်းရာတွင် အသက်ကို သတ်ဖြတ်သည့် ရာဇဝတ်မှုများကိုပင် ကျူးလွန်လျက်ရှိသည်။


No comments: