Tuesday, May 25, 2010

မင်္ဂလာဈေးမီး ညအထိ လောင်ကျွမ်းနေဆဲ

မြင့်မောင်

နယူးဒေလီ (မဇ္ဈိမ)။ ။ မင်္ဂလာဈေးတွင် ယနေ့နံနက် ၈ နာရီခွဲမှ စတင်ခဲ့သော မီးလောင်ကျွမ်းမှုသည် ည ၁ဝ နာရီခွဲအထိ အပြီးသတ် ငြှိမ်းသတ်နိုင်ခြင်း မရှိဘဲ လောင်ကျွမ်းနေဆဲဖြစ်ကြောင်း သိရသည်။


“အခုအချိန်အထိ မီးမငြိမ်းသေးပါဘူး။ လောင်နေတုန်းပါ။ ဂတ်စ်အိုးပေါက်ကွဲတဲ့အသံ တခါတလေလောက်ပဲ ပေါက်ကွဲသံ ထွက်ထွက်လာပါတယ်။ မီးသတ်ကားကတော့ မီးငြှိမ်းနေတုန်းပါပဲ ရေသယ်တဲ့ ကားတွေကတော့ အများကြီးပဲ ရောက်လာတယ်။ ပက်တဲ့ကားကတော့ တစီးတလေလောက်ပဲ လောင်တဲ့နေရာကို ပက်နေတယ်။ မနားတမ်း ပက်နေတယ်” ဟု အလွှာသုံးတွင် ဖွင့်လှစ်ထားသည့် အထည်ပိုင်ဆိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “၄ ထပ်မြောက် တထပ်လုံး လောင်နေတယ်။ မိုးပျံစားသောက်ဆိုင်ဘက်မှာ လောင်နေတယ်။ ကျန်တဲ့ အထပ်တွေက ဟာတွေကတော့ ငြိမ်းသွားပါပြီ။ ၄ လွှာကတော့ အကုန်လုံး ကုန်သားပါပြီ။ ၂ လွှာကတော့ စိတ်ချလက်ချနေလို့ ရနေသေးတယ်၊ ဘာမှ အထိအခိုက် မရှိသေးဘူး။ ၃ လွှာမှာတော့ အနည်းအကျင်း ထိခိုက်လောင်ကျွမ်းတာတွေတော့ ရှိတယ်။ ကျနော့်ဆိုင်ခန်းကတော့ ဖြူသလား၊ မဲသလားဆိုတာ မသိရသေးဘူး။ အောက်ဆုံးအလွှာကတော့ လုံးဝမလောင်သေးဘူး” ဟု ပြောသည်။

ဆေးဝါးများ၊ အလှကုန်များ၊ ပရိဘောဂဆိုင်များရှိသော ဈေးအပေါ်ဆုံး ၄ ထပ်လွှာရှိ ဆိုင်ခန်းအမှတ် ၈ဝ/၈၁ ဆိုင်ရှင် ဦးခင်အောင် ဆိုင်မှ စတင်ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

ဆိုင်ခန်းပေါင်း ၄၀၀၀ ခန့်ရှိသော မင်္ဂလာဈေးသည် အထည်အလိပ်၊ ပရိဘောဂ၊ အလှကုန်၊ မုန့်မျိုးစုံနှင့် လူသုံးကုန် အမျိုးမျိုးကို နိုင်ငံတဝှန်း လက်ကားဖြန့်ဖြူးရောင်းချပေးရာ ဈေးကြီးတခုဖြစ်သည်။

မျက်မြင်သက်သေ တဦးကလည်း “မီးညွှန့်ကတော့ ကျန်တဲ့နေရာတွေ ဟာတွေကတော့ ကျိုးသွားပြီး။ အခုဟာက တနေရာထဲ ကွက်ပြီး လောင်နေတယ်။ အပေါ်ဆုံးထပ် အလယ်ပေါက် ခေါင်းမိုးပေါ်မှာပဲ လောင်နေတယ်။ ဒီဘက်က ပက်လိုက်ရင် ဟိုဘက်ကိုလောင်၊ ဟိုဘက်က ပက်လိုက်ရင် ဒီဘက်ကိုလောင် ဖြစ်နေတယ်။ ရန်ကုန်မြို့မှာရှိတဲ့ မီးသတ်တွေ အကုန်လုံး ရှိတယ်” ဟု ပြောသည်။

ပထမလွှာမှာ ဆိုင်းတခန်းလျှင် ကျပ် သိန်း ၁ဝဝဝ ကာလပေါက်ဈေးရှိပြီး အထည်အလိပ်များ ရောင်းနေကြောင်းနှင့် ဒုတိယ အလွှာတွင် ကျပ်သိန်း ၄ဝဝ-၅ဝဝ ရှိပြီး၊ တတိယအလွှာမှာမူ တခန်းလျှင် သိန်း ၂ဝဝ နီးပါးရှိကြောင်း သိရသည်။


No comments: