Tuesday, May 25, 2010

မြန်မာသို့ EU ကိုယ်စားလှယ် တဖွဲ့ စေလွှတ်မည်

ခက်ထန် Tuesday, May 25, 2010

ဥရောပ သမဂ္ဂ (EU) က မြန်မာ့ ဒီမိုကရေစီရေး ဖိအားပေးရန် ချဉ်းကပ်မှု အသစ် တစိတ်တပိုင်း အနေဖြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာ နိုင်ငံသို့ စေလွှတ်မည်ဟု စပိန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။

EU ၏ မဟာမိတ်များ ဖြစ်သော အမေရိကန်နှင့် သြစတြေးလျတို့က စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဆက်လက် လုပ်ဆောင် ထားသည့်တိုင် ယင်းသို့ စေလွှတ်ခြင်းမှာ “တွေ့ဆုံ ဆွေးနွေးရေး အတွက် တံခါးဖွင့်ပေးခြင်း” ဖြစ်သည်ဟု အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ နိုင်ငံခြားရေး မူဝါဒ အထွေထွေ ညွန်ကြားရေးမှူး ဟိုဆေး ယူဟင်နီယို ဆလာရစ်ခ်ျ (Jose Eugenio Salarich) က စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် EU နှင့် အာဆီယံ ဆွေးနွေးပွဲ၌ ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

စပိန်အပါအဝင် EU သည် မြန်မာနိုင်ငံကို လုံးလုံး အထီးကျန်စေသည့် မူဝါဒအပေါ် မယုံကြည်ဟု ဆလာရစ်ခ်ျ က ပြောကြောင်း ဂျာမန် DPA သတင်းဌာနက ဖော်ပြသည်။

တွေ့ဆုံဆွေးနွေးရေးအတွက် အလားအလာရှိသည်ဟု ဆလာရစ်ခ်ျက မကြာသေးမီက ရန်ကုန်သို့ သွားခဲ့သည့် အမေရိကန်နိုင်ငံ၏ အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ် ကမ်းဘဲလ်ကို ကိုးကား၍ ပြောသွားသည်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင်က “ဥရောပ သမဂ္ဂက မြန်မာနိုင်ငံကို အဖွဲ့တွေဘာတွေ စေလွှတ်မယ်ဆိုရင် NLD အပါအဝင် ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား ပါတီတွေရဲ့ အသံတွေကို နားထောင်ဖို့ လိုပါလိမ့်မယ်၊ ရွေးကောက်ပွဲ အပြီးမှာ တက်လာမယ့် ရုပ်ပြ အစိုးရကို အဲဒီ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး သုံးသပ်နိုင်စွမ်း ရှိရမယ်၊ အဲဒါမှ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ဘာတွေ လိုအပ်မလဲ ဆိုတာကို သူတို့တွေ သဘောပေါက်လာပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

EU နှင့် အာဆီယံမှ နိုင်ငံခြားရေးဝန်ကြီးများသည် မေလ ၁၉ ရက်နေ့က မက်ဒရစ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး မေလ ၁၅ ရက်နေ့တွင် အဆင့်မြင့် ကိုယ်စားလှယ်များ ထပ်မံ တွေ့ဆုံ ဆွေးနွေးသည်။

EU အဖွဲ့ဝင် နိုင်ငံများမှ သံတမန်များသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များနှင့် ယခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ရန်ကုန်မြို့၌ တွေ့ဆုံပြီး ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သဘောထားများကို မေးမြန်းခဲ့ကြသေးသည်။

မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားခြင်းကို သက်တမ်းတနှစ် ထပ်မံတိုးလိုက်ကြောင်း ပြီးခဲ့သည့် ဧပြီလတွင် EU က ကြေညာခဲ့သည်။ သက်တမ်းတိုးကြောင်း ကြေညာရာတွင် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေသည် လွတ်လပ်ပြီး တရားမျှသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရန် ရေးဆွဲထားခြင်းမဟုတ်ဟု ဖော်ပြခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲကို ဥရောပနိုင်ငံများက အသိအမှတ် မပြုရေး အတွက် လှုပ်ရှားမှုများ ဆက်လုပ်ရန်ရှိကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) တွင် နိုင်ငံတကာ ဆက်ဆံရေး တာဝန်ခံအဖြစ် ဆောင်ရွက်နေသူ ဇိုယာဖန်းက ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောထားသည်။

ဥရောပ ၂၇ နိုင်ငံမှ လွှတ်တော် အမတ် ၇၃၆ ဦးဖြင့် ဖွဲ့စည်းထားသော ဥရောပပါလီမန်က စစ်အစိုးရ ထုတ်ပြန်ထားသော ရွေးကောက်ပွဲ ဥပဒေများကို ပြန်လည် ရုပ်သိမ်းပေးရန် မေလ ၁၉ ရက်နေ့က တောင်းဆိုခဲ့သေးသည်။

No comments: