Sunday, May 30, 2010

လုပ်ကြံမှုဖြင့် စွဲချက်တင်ခံရသူ ကိုးကန့် (၆) ဦး ထောင် ၅ နှစ်စီ ကျ

သျှမ်းသံတော်ဆင့်

မြန်မာစစ်တပ်လိုလားသူ ကိုးကန့်ဥက္ကဋ္ဌသစ် ဦးပိုင်ဆုံချိန်အား လုပ်ကြံရန် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူ ကိုးကန့် လက်နက် ကိုင် (၆) ဦးကို သျှမ်းပြည် (မြောက်ပိုင်း) လောက်ကိုင်ခရိုင်တရားရုံးက မေလ ၂၁ ရက်နေ့တွင် ထောင်ဒဏ် (၅) နှစ်စီ ပစ်ဒဏ်ချမှတ်လိုက်ကြောင်းသိရသည်။

ယခင်ကိုးကန့်တပ်ဖွဲ့ဝင်ဟောင်းများဖြစ်သော ဗိုလ်မှူးချိန်လိကျုံး အပါအ၀င် ကျီဝေ ၊ လော်ဝေ ၊ စင့်ရွန်းလျန် ၊ ရှမ့်ရှမ်း ၊ လျှို့ရင်ဟောင်ကျား တို့ (၆) ဦးသည် လွန်ခဲ့သည့်နှစ် ကိုးကန့်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် တိုက် ပွဲများအပြီး တစ်လခွဲခန့် အကြာတွင် လုပ်ကြံရန်စွပ်စွဲချက်ဖြင့် ကိုးကန့်အထူးဒေသ (၁) လောက်ကိုင်မြို့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းအမှုကို လောက်ကိုင်တရားရုံးက လုပ်ကြံမှုဖြင့် စွဲချက်တင်အမှုဖွင့်ခဲ့သော်လည်း ယခုအခါ ပုဒ်မ ၁၉ စ လက်နက်မှုဖြင့် ထောင် (၅) နှစ်စီ တစ်ပြေးညီပစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကသျှမ်းသံတော်ဆင့် သို့ ပြောသည်။


“ကိုးကန့်အရေးအခင်းအပြီး ရက် ၄၀ လောက်အကြာမှာ ထွက်ပြေးသွားတဲ့ ဥက္ကဋ္ဌဟောင်း ဖုန်ကျားရှင်းက ပိုင်ဆုံချိန်ကို လုပ်ကြံဖို့ လက်နက်တွေနဲ့ သူတို့ကို လွတ်လိုက်တယ် ”

“ဒါပေမဲ့သူတို့က ပိုင်ဆုံချိန်ကိုမသတ်ချင်လို့ သူတို့လမ်းသူတို့သွားချင်တယ်လို့ ဖုန်းဆက်ပြီး ပိုင်ဆုံချိန်ကို ပြောတယ် အဲလို ပြောလိုက်တော့ အဖမ်းခံရတယ် ဒါကြောင့်နောက်ဆုံးသူတို့ကို လက်နက်မှုနဲ့ပဲ ထောင် ၅ နှစ်စီချလိုက်တာ ” ဟု သူက ဆိုသည်။

ယခုအခါ အဆိုပါ တရားခံ (၆) ဦးအား လောက်ကိုင်မြို့အချုပ်တွင် ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားပြီး ဇွန်လဆန်းပိုင်း တွင် လားရှိုးအကျဉ်းထောင်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၀၉ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင် မြန်မာစစ်တပ်က ဦးဖုန်ကျားရှင်း ဦးဆောင်သည့် ကိုးကန့်အထူးဒေသ (၁) တပ်ဖွဲ့ အား လက်နက်စက်ရုံတည်ရှိမှု မူးယစ်ဆေးဝါးအမှုတို့ဖြင့် အကြောင်းပြ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ အပြီး ဦးပိုင်ဆုံချိန်အား ကိုးကန့်ဒေသ ယာယီအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။

ထို့နောက်ပိုင်း မြန်မာစစ်တပ်က ကိုးကန့်အထူးဒေသ(၁) တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

သို့သော် ကိုးကန့်ဒေသအတွင်း ဗုံးများ မကြာခဏပေါက်ကွဲနေပြီး ဒေသတွင်းတည်ငြိမ်မှု မရှိသေးကြောင်း သိရသည်။

No comments: