Saturday, May 29, 2010

ကုပ်ကုပ်ရဲ့ လုပ်ချက်

ရန်ကုန်သားတာတေ

ရုက္ခစိုး။ ။ ဟာ … ဖိုးရှုပ်၊ မင်းဦးထုပ်က မျက်လုံးနဲ့ ပါးစပ်လေးပဲ ဖော်ထားပါလား။ ဒီ ဆိုင်ကယ်စီး ဦးထုပ်နဲ့ဆိုရင်တော့ မင်းဆိုင်ကယ် သေးသေးလေးနဲ့ ဘယ်မိုက်မလဲ။

ဖိုးရှုပ်။ ။ ဆိုင်ကယ်စီးမလို့ မဟုတ်ဘူး ဦးရုက္ခစိုးရဲ့၊ သတင်းသွားယူမလို့။

ရုက္ခစိုး။ ။ ဘာလဲ … ရှပ်နီတွေကြား သတင်းသွားယူမလို့လား။ ပြီးနေပြီမဟုတ်လားကွ။ ဘန်ကောက်မှာ လမ်းတွေပေါ် ရှင်းလင်းပြီးလို့ ကျောင်းတွေ၊ ရုံးတွေတောင် ပြန်ဖွင့်ပြီမဟုတ်လား။

ဖိုးရှုပ်။ ။ ရှပ်နီတွေကြား သတင်းယူမလို့ မဟုတ်ဘူးဗျို့၊ မြန်မာပြည်က မင်းသမီး ဖျပ်ဖျပ်မိုးစလူးကို အင်တာဗျူး သွားလုပ်မလို့။ မတော် ပါးဆွဲတီးလိုက်မှာစိုးလို့ ကာဗာလုပ်ထားတာ။

ရုက္ခစိုး။ ။ အေး … အဲဒီလို ကိုယ့်ကိုယ်ကိုယ် ကာကွယ်သွားတာ ကောင်းတာပေါ့ကွာ။ မင်းသမီး ကြည့်ရတာ ဂျပန်ခေတ်က မြန်မာပြည်ဝင်လာတဲ့ ဂျပန်စစ်ဗိုလ်ဝင်စားတယ် ထင်တယ်။ ဒါနဲ့ မင်း ပိုင်ရာဆိုင်ရာတွေကိုကော ပသ သွားရဲ့လား။

ဖိုးရှုပ်။ ။ ပသ ရအောင် ဖျပ်ဖျပ်မိုးစလူးက ၃၇ မင်းထဲမှာ ပါလို့လား … ဦးရုက္ခစိုး


ရုက္ခစိုး။ ။ မဟုတ်ပါဘူး။ မြန်မာပြည်က မင်းသမီးတွေက ပိုင်ရာဆိုင်ရာနဲ့ ဝင်မှ ရတယ် ကြားဖူးလို့ပါ။ တယောက်ကို ပါးရိုက်ပေမယ့် နောက်တယောက်က ဒီလို မေးခွန်းပဲ မေးတာကိုတော့ ခပ်တည်တည်နဲ့ ဖြေချင်ဖြေတာကွ။

ဖိုးရှုပ်။ ။ အင်း ပိုင်ရာ ဆိုင်ရာ မရှိတော့လည်း ခုလို ကိုယ့်ကိုယ်ကိုယ် ကာကွယ်သွားလိုက်ရုံပေါ့ ဦးရုက္ခစိုးရယ်။ တော်ကြာ ကျမလည်း မဖြစ်လွန်းလို့ နားရင်းတီးထည့်လိုက်ရတာပါ ဆိုရင် … အောင်မလေး၊ စဉ်းစားတာနဲ့ ကျောချမ်းပါရဲ့။

ဖိုးရှုပ်နောက်တွင် ပါလာသည့် ကြွက်စုတ်ကလည်း ကြုံတုန်း ဖိုးရှုပ်ကို ဝင်တွယ်လိုက်သည်။

ကြွက်စုတ်။ ။ ခက်တယ် ခက်တယ်။ တိုင်းပြည်က ဒီလောက် ရေငတ်လိုက်၊ မီးလောင်လိုက် အမျိုးမျိုး ဖြစ်နေတဲ့ အချိန်မှာ မင်းတို့ သတင်းသမားတွေက ဘာမှ အရေးမကြီးတဲ့ မင်းသမီးကို အင်တာဗျူးသွားလုပ်မယ်တဲ့။ မင်းတို့လို ကောင်မျိုးတွေကြောင့် တိုင်းပြည်က ဒီမိုကရေစီ မရတာ။

ဖိုးရှုပ်။ ။ မင်းကမှ ပိုခက်တာ။ အခု ငါတို့ ဒေဝါလီမဂ္ဂဇင်းမှာ မင်းသမီးသတင်းက ရေသတင်း၊ မီးသတင်း၊ ရှပ်နီသတင်း၊ နိုင်ငံရေးသတင်းတွေထက် ကျော်သွားတာ မတွေ့ဘူးလား။ ဟျူးမန်းအင်းထရက်စ်ကွ … သဘောပေါက်။ ကွန်မန့်ဆိုတာလည်း ပလူကိုပျံနေတာပဲ၊ ဒေါက်တာဇာနည့် ဖွချက်ကို ပျင်းတယ်။ ဖျပ်ဖျပ်ရဲ့ ဖွချက် ဆိုပြီး ဆောင်းပါး တပုဒ် ထပ်ရေးမလို့။

“ဖျပ်ဖျပ်ရဲ့ ဖွချက် မရေးခင် ကုပ်ကုပ်ရဲ့ လုပ်ချက်ဆိုပြီး တပုဒ်လောက် ရေးစမ်းပါ။ ကျုပ်လည်း ကမ္ဘာကျော်ချင်လို့” ဟူသည့် အသံ ကြားသဖြင့် သူတို့ ၃ ဦးစလုံး လှည့်ကြည့်လိုက်ရာ ဆြာတေ၏ ဇာတ်လိုက်ကျော် ချိုကုပ်ဒူးကြီး ဖြစ်နေသည်ကို တွေ့လိုက်ရ သည်။

ရုက္ခစိုး။ ။ သြော် … ချိုကုပ်ဒူးကြီးရယ်။ ချိုကုပ်ဒူးကြီးက ဆိုးလွန်းလို့ ကျော်ပြီးသားပဲ။ ထပ်ပြီး ကျော်စရာ မရှိတော့ပါဘူး။

ချိုကုပ်။ ။ မကျော်လို့မရဘူး ဦးရုက္ခစိုးရဲ့ ...။ ကျုပ်ကို မှိုချိုး၊ မျှစ်ချိုး၊ ပုတတ်စာချိုး ပြောထားတဲ့ နိုင်ငံတကာက အဝှာတွေ၊ ပြည်ပအားကိုး ပုဆိန်ရိုးတွေကို ချိုကုပ်ဒူးကြီး ဘာ ဆိုတာ ပြရဦးမယ်။ ချိုကုပ်ဒူးကြီးက အမြဲ စင်ပေါ်က သူများထက် သာတယ်၊ အမြဲ အမီလိုက်နေတယ် ဆိုတာ ကမ္ဘာသိအောင် ပြောမှ ဖြစ်မယ်။

ကြွက်စုတ်။ ။ ဘယ်နေရာမှာသာတာလဲ၊ ဘာတွေ အမီလိုက်နေတာလဲ။ ဘန်ကောက်က စီးတီးဝေါလ်ကြီး မီးလောင်တာကို အမီ လိုက်တဲ့အနေနဲ့ မင်္ဂလာဈေးကြီးလည်း မီးလောင်တယ် ဆိုပြီး ပြိုင်ချင်တာလား။

ချိုကုပ်။ ။ အဲဒါက ပါးပါးလေးပဲ ရှိသေးတယ်။ မြန်မာပြည်က အိမ်နီးချင်း ထိုင်းနိုင်ငံလောက်တော့ သနားတယ်။ မြန်မာပြည်က သာတယ်ဆိုတာ အားလုံးသိအောင် ပြောချင်တာ။

ရုက္ခစိုး။ ။ ကဲ … ဒါဆိုလည်း ပြောပါဦးဗျာ။

ချိုကုပ်။ ။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုတာကို သူတို့ ထိုင်းတွေ မသိသေးဘူး။ ကျုပ် သင်တန်း ပေးလိုက်ချင်တယ်။ အခုတော့ ကြည့်ပါဦး။ ဘန်ကောက်မြို့ကြီးက အမှိုက်ပုံကြီးလိုပဲ ကျန်ခဲ့တာ မတွေ့ဘူးလား။ ကျုပ်နိုင်ငံမှာ ဒါမျိုးတွေ မရှိဘူး။

ဖိုးရှုပ်။ ။ သံဃာတွေကို ရိုက်တာလောက်ပဲ ရှိတယ် ဆိုပါတော့။

ချိုကုပ်။ ။ ဒါကတော့ မဖြစ်လွန်းလို့ တုန့်ပြန်ရတာပါ။ ဆူပူမှုကို ဖြိုခွင်းတဲ့နေရာမှာပဲ ကြည့်လေ။ ကျုပ်ဆီက ရိုက်နှက်၊ ပစ်ခတ်ရတယ် ဆိုပေမယ့် မတော်တဆ ထိလို့ သေတာ၊ ကွဲပြဲတာ လောက်ပဲ ရှိတာ။ သူတို့လို့ ချိန်ပြီး တမင်ပစ်တာမျိုး မရှိဘူးဗျ။ ဘယ်လောက် ညင်သာလဲ။

ကြွက်စုတ်။ ။ သြော် … ချိုကုပ်ဒူးကြီးက တမင်ပစ်တာ၊ တမင် ရိုက်တာမျိုး မရှိဘူးလား။

ချိုကုပ်။ ။ ဘယ်ရှိမလဲ။ မတော်တဆထိတာပဲ ရှိတာ။

ရုက္ခစိုး။ ။ (ပြောင်လိမ်ပြီဟု စိတ်ထဲကပြောရင်း) ဆန္ဒပြတာချင်း အတူတူ သူတို့ကတော့ အတော်ဆိုးတယ်ဗျနော်။ ကုန်တိုက်ကြီးတွေကို မီးပုံရှို့တာများ ကြောက်စရာ။

ချိုကုပ်။ ။ ကျုပ်ဆီမှာ ဒါမျိုး လုံး …..... ဝ မရှိဘူး ဦးရုက္ခစိုး။ အဲဒီလို စည်းမရှိ ကမ်းမရှိလုပ်လာရင် ကျုပ်က နာနာလေး ဆုံးမ လိုက်မှာပဲ။ ထိုင်းစစ်တပ်က ပျော့လွန်းပါတယ်ဗျာ။ အင်းလေ ကျုပ်တို့ မြန်မာပြည်သားတွေကလည်း ဒီလို စည်းကမ်းမရှိတဲ့ လုပ်ရပ်မျိုး မလုပ်ကြပါဘူး။ ဘယ်သူမှလည်း ဆူပူဖို့ မစဉ်းစားကြ တော့ဘူး။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ကြီးဆီကို ချီတက်ကြဖို့ အဆင်သင့် ဖြစ်နေကြတာ ဘယ်လောက် အားရ ကျေနပ် ဝမ်းမြောက်ဖို့ ကောင်းလဲဗျ နော်။

ဖိုးရှုပ်။ ။ တကယ်ဆူရင် တကယ်လုပ်မယ် ဆိုတာ သိလို့ ငြိမ်နေတာပါဗျာ။

ကြွက်စုတ်။ ။ အခုတော့ ထိုင်းစစ်တပ်ကလည်း တကယ်ဖြိုခွင်းတယ် ဆိုတာ သိသွားကြပါပြီ။

ချိုကုပ်။ ။ ဘာပြောတယ်။ တကယ်ဖြိုခွင်းတယ်၊ ဟုတ်လား။ အဲဒါ ပါးပါးလေးရှိသေးတယ်။ ကျုပ်ကို မမီသေးပါဘူးဆို။ သူတို့ လုပ်ပုံမျိုးနဲ့ အချိန်မရွေး ပြန်ဆူနိုင်တယ်။ ပြန်ပြီး ခေါင်းထောင်နိုင်တယ်ဗျ။

ရုက္ခစိုး။ ။ ဟုတ်သားပဲ ချိုကုပ်ဒူးကြီးသာဆိုရင် ဆူတဲ့သူတွေ အားလုံးကို ကလေးကော၊ ခွေးကော မချန်ဘဲ ဖမ်းလိုက်မှာနော်။

ချိုကုပ်။ ။ ဒါပေါ့။ အဲဒါမှပဲ တကယ်ငြိမ်တော့မှာ၊ နောက်တခါ မလုပ်ရဲမှာပေါ့။ အကုန်လုံးကို ဖမ်း၊ ရိုက်စစ်ပြီးမှ တချို့ကို ပြန်လွှတ်၊ အများစုကို ထောင်ချ … အဲဒီလို လုပ်ရမှာ။ အခုတော့ဗျာ … ထိုင်းအစိုးရက သေတဲ့သူတွေကို လျော်ကြေးပေးတယ်တဲ့။ ညံ့ချက်၊ ညံ့ချက်၊ အားမရပါဘူးဗျာ။

ဖိုးရှုပ်။ ။ ဒါနဲ့ ချိုကုပ်ဒူးကြီး … ဂျင်ဝက်ကြီး လာဦးမယ်ဆို။ ရွေးကောက်ပွဲကိစ္စ ထင်တယ်နော်။

ချိုကုပ်။ ။ ဝက်မကလို့ ကြက်လာလာ၊ ကြက်ဆင်လာလာ၊ လာချင်တဲ့သူလာ။ လာလေ ကောင်းလေပေါ့ဗျာ။ ထိုင်းနိုင်ငံနဲ့ ကျုပ်တို့ နိုင်ငံ ဘယ်သူသာတယ်၊ ဘယ်သူ စည်းကမ်း ပိုရှိတယ်ဆိုတာ ပြလိုက်မှာပေါ့။ တကယ်တော့ သူလည်းအရူးကြီးပါဗျာ။ ဟိုတခါ လာတုန်းက ဝက်ထောကြီးကို လွှတ်ပေး လိုက်တယ်၊ ငြိမ်ပြီး ပြန်သွားတာ မတွေ့ဘူးလား။ ဟော အခု ကဗျာဆရာ စောဝေနဲ့ အကျဉ်းသား နည်းနည်းပါးပါး လွှတ်ပေး လိုက်မယ်။ ကျေနပ်ပြီး ပြန်သွားလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ရ ပြီးတာပဲ။

ကြွက်စုတ်။ ။ ကဗျာဆရာက လွတ်ရက်စေ့လို့ လွှတ်တာ မဟုတ်ဘူးလား။

ချိုကုပ်။ ။ ဒီလိုရှိတယ်ဗျ။ လွတ်ရက်စေ့လည်း ကျုပ်တို့ မလွှတ်ချင်တဲ့သူဆို မလွှတ်ဘူးလေ။ ကဗျာဆရာ စောဝေကျတော့ နာမည်လည်း ရှိတယ်၊ အန္တရာယ်လည်း မရှိလောက်ဘူးဆိုတော့ လွှတ်ပေးလိုက်တယ်။ သူက နိုင်ငံ တကာက ဆုတွေဘာတွေ ရထားတဲ့သူဆိုတော့ သူ့ကိုလွှတ်ရင် ကျုပ် နာမည်ကောင်းရမှာဗျ။

ရုက္ခစိုး။ ။ ကောင်းပါလေ့၊ ကောင်းပါလေ့။ ခုလို လွတ်ရက်စေ့လို့ လွှတ်တာကိုပဲ သာဓုခေါ်ပါတယ်။

ချိုကုပ်။ ။ သာဓု ဆက်ခေါ်ရဦးမှာ … မပူနဲ့ ဦးရုက္ခစိုးရေ။ အခု မင်္ဂလာဈေးကြီး မီးလောင်တယ် မဟုတ်လား။ ဈေးဆိုင်ခန်းတွေ ပြန်ချပေးမှာဗျ။

ဖိုးရှုပ်။ ။ ဟင် … အဲဒါက သူတို့ဆိုင်ခန်းတွေပဲဟာ … ပြန်ပေးရမှာပဲ မဟုတ်ဘူးလား။

ချိုကုပ်။ ။ မှန်တယ်လေ။ ဒါပေမယ့် ကျုပ် ပြန်ပေးချင်မှ ဖြစ်တာမဟုတ်လား။ ဈေးကြီးကို ရွှေ့လိုက်ရင် သူတို့ ဘာတတ်နိုင် မှာလဲ။ အင်းလေ … သူ့ဘာသာသူ လောင်သွားတော့လည်း သူ့ကုသိုလ်ပေါ့၊ မဟုတ်ရင် ဒီဈေးကြီး ကြည့်မရတာကြာပြီ၊ ကျုပ်က ရှို့ရတော့မှာ။ ခုတော့ ကျုပ် နာမည်မပျက်တော့ဘူးပေါ့လေ။ အောင်မယ်၊ ဆိုင်ရှင်တွေက အဆင့်မြင့်ဈေးကြီးမှာ ဈေးပြန်ရောင်း ရမှာနော်။ ဆိုင်ခန်းခတော့ နှစ်ဆလောက် ကြီးသွားမှာပေါ့။ ဒါလည်း ပါးပါးလေးပါ။

ရုက္ခစိုး။ ။ သြော် … သြော် … ဆိုင်ရှင်တွေကို သူတို့ပိုင်တဲ့ ဆိုင်ခန်းတွေ ပြန်ပေးမယ် … အင်း … သာ …. ဓုပါဗျာ။

ဦးရုက္ခစိုးကြီးက ရွဲ့ပြီး သာဓုခေါ်သည်ကို ချိုကုပ်ဒူးကြီးက တကယ်မှတ်ကာ အားတက်ပြီး ဆက်ပြောတော့သည်။

ချိုကုပ်။ ။ အေးဗျာ … သာဓု ဆက်ခေါ်စမ်းပါ။ ပြောရဦးမယ်၊ လူတွေကို လျှပ်စစ်မီး အချိန်တော်တော်များများ ပြန်ပေး တော့မှာ သိလား။

ကြွက်စုတ်။ ။ ဟာ … ဒါတော့ သာဓု ခေါ်သင့်တယ်ဗျို့။ လုပ်ပါဦး ဓာတ်ငွေ့ပိုက်လိုင်းအသစ်ကြီး ကနေလား။

ချိုကုပ်။ ။ ဟင့်အင်း … ။ ဘာလုပ်ဖို့ အကုန်ခံမှာလဲဗျာ။ ကျုပ်က စည်းမရှိ၊ ကမ်းမရှိဆို မုန်းတယ် သိတယ်မဟုတ်လား။ ဓာတ်ငွေ့ကို ရောင်းစားမှာပေါ့။ အခု မိုးက ပြန်ကောင်းနေပြီလေ။ ရေအားလျှပ်စစ်တွေ ရပြီ၊ … မိုးမကုန်မချင်း … မီး ကောင်းကောင်း ပေးနိုင်ပြီ။ ကြိုးတွေမကောင်းလို့ ပျက်တာတို့ … ထရန်စဖော်မာ ဟောင်းလို့ ထ ထ ပေါက်ပြီး မီးပျက်တာတို့ ကတော့ လူတွေရဲ့ ကုသိုလ်ပေါ့ဗျာ။ အင်း … ဒုက္ခ၊ ဒုက္ခ။

ရုက္ခစိုး။ ။ သြော် ပေးကို ပေးရမယ့်မီး ပြန်ပေးမယ် ဆိုပါတော့။ ခေါ်ပါတယ်ဗျာ သာဓု။

ဖိုးရှုပ်။ ။ ရ … ရပြီ … ရပြီ … ခဏလေး နေပါဦး။

ချိုကုပ်။ ။ ဘာရတာလဲကွ။ ဒီမှာ ပြောလို့ဆိုလို့ ကောင်းနေတာ ...။

“ကျနော် စာရေးဖို့ အိုင်ဒီယာရပြီလို့ ပြောတာ … ဖျပ်ဖျပ်ရဲ့ ဖွချက် ဆိုပြီး မရေးတော့ဘူး … ကုပ်ကုပ်ရဲ့ လုပ်ချက် ဆိုတဲ့ ကမ္ဘာကျော် ဆောင်းပါးကြီးပဲ ရေးတော့မယ်ဗျို့” ဟု ဖိုးရှုပ်က ပြောရင်း ဦးထုပ်ကြီးကို ဆွဲချွတ်ကာ ပြေးထွက်သွားတော့သည်။

No comments: