Saturday, May 29, 2010

ကျွန်ုပ်တို့အတွက် မနက်ဖြန်

မင်းဟန်

“ကျောင်းသားများက အကြမ်းအားဖြင့် သုံးမျိုးသုံးစား ရှိပါတယ်။ ပထမတမျိုးကတော့ ထိပ်ဆုံးက အထူးအခွင့်အရေးခံနေရတဲ့ အသိုင်းအဝိုင်းက ကလေးတွေ…။ အဲ့ဒီကလေးတွေက ကျမသိသလောက်တော့ နိုင်ငံခြားမှာ သွားပြီးတော့ ပညာသင်ကြတယ်။ အဲ့တာက လူနည်းစုတွေပါ။ ဒုတိယတမျိုးက ဘာလဲဆိုတော့… နိုင်ငံခြားမှာသွားပြီး ပညာသင်ပေးနိုင်လောက်တဲ့အထိ အခြေအနေ မရှိဘူး…။


ဒါပေမဲ့ ငွေကြေးပြည့်စုံတော့ သင်တန်းအမျိုးမျိုးတက်ဖို့ လွှတ်ကြတယ်။ ဒီသင်တန်းတွေ လွှတ်တယ်ဆိုတာကလည်း အချိန်အတိုင်းအတာတခုအထိပဲ ကလေးတွေအတွက် တန်ဖိုးရှိမယ်။ တတိယအများစုကတော့… မိဘတွေက ဘာမှမတတ်နိုင်တဲ့အခါကျတော့ အလုပ်ဝင်လုပ်ရတဲ့ ကလေးတွေ…၊ ပညာသင်ဖို့ မျှော်လင့်ချက်ကို လုံးလုံးစွန့်လိုက်ရတဲ့ ကလေးတွေ။ အဲ့ဒီကလေးတွေအတွက် ဘယ်လိုလုပ်မလဲဆိုတာ… ကျမတို့နိုင်ငံအတွက် အင်မတန်ကြီးမားတဲ့ ပြဿနာဖြစ်တယ်” (ဒေါ်အောင်ဆန်းစုကြည်)

(ဝ)

‘ပညာပဒီပေါ၊ က္ကစ၊ အဓိပဇ္ဇောတော’
လောက၌… ပညာဆီမီးသည် အတောက်ပဆုံးဖြစ်၏။
(ဓမ္မပဒ)

အမေရိကန်ပြည်ထောင်စု တင်နက်ဆီပြည်နယ်ရှိ ‘ကင်းတက္ကသိုလ်’ က သူ၏ ရည်မှန်းချက်အား ထုတ်ပြန်ကြေညာ၍ ကြွေးကြော်သည်။

“ကမ္ဘာမြေအနှံ့မှ ကျောင်းသားအသီးသီး၏ ယဉ်ကျေးမှု၊ လူမှုရေး လိုအပ်ချက်များနှင့်အညီ အမြင့်ဆုံး ဝန်ဆောင်မှုပေးရန် အသားအရောင်၊ လူမျိုး၊ ဘာသာမရွေး တကမ္ဘာလုံးမှ အကောင်းဆုံးဦးနှောက်များကို အမြင့်ဆုံး ဖွံ့ဖြိုးစေရန်” … ဟူ၍ ဖြစ်သည်။

ပညာရေးတွင် နယ်ခြားမဲ့နေခဲ့သည်မှာကြာပြီ။
မြန်မာတို့က…. အစဉ်အလာအရ ပညာကို လိုလားတန်ဖိုးထားကြသည့် လူမျိုးများဟုဆိုချင်သည်။ ဘာသာတရားကလည်း ‘ပညာ’ ၏ တန်ဖိုးတရားများအား ညွှန်ပြ၏။ ဆုံးမပဲ့ပြင်၏။

“ဝိဇ္ဇာ၊ သိပ္ပံ၊ လူ့ကိစ္စကို၊ ငယ်က မသင်၊ ပျော်ပါးလွင်မူ
အကြင်သူအား၊ စကားချေတင်၊ သဘင်မပြန့်၊ ခံတွင်းမဲ့သို့၊
ချို့တဲ့ပညာ၊ ညှိုးမျက်နှာနှင့်၊ ရွံ့ရှာစိုးထိတ်၊ အသံဆိတ်၏။”

(ရှင်မဟာရဌသာရ၊ ကိုးခန့်ပျို့ပိုဒ် ၂၆)


(၁)

မြန်မာ့ပညာရေးအစက ဗုဒ္ဓဘာသာ၏ ယဉ်ကျေးမှုနီတိများနှင့် အခြေတည်ခဲ့သည်။ ဘုန်းတော်ကြီးကျောင်း ပညာရေးနှင့် ‘စ’ ၏။ မြန်မာတို့၏ အမျိုးသားပညာရေး သမိုင်းခရီးက ရှည်၏။ ကြမ်း၏။ ဝဲဂယက်အတွင်း ဝဲလယ်၍ နေခဲ့သည်လည်း ရှိ၏။ ပေါက္ခရဝဿပညာရေးကာလက တာရှည်လွန်းလှသည်။ လူမခိုးသည့် ပညာရွှေအိုးအတွက် …. ရွှေအိုးရှိမှ ပညာသင်ကြားနိုင်သည့် အခြေအနေများနှင့် ….။ ထားတော့…။

ယနေ့ပညာရေးက … ကမ္ဘာလုံးအသွင် ဆောင်လာပြီ။ ကမ္ဘာ့အဆင့်မီ ပညာရပ်များအား သင်ကြားနိုင်ရန်၊ ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်ကြီးများသို့ … ကမ္ဘာအရပ်ရပ်မှ ပညာရှာလိုသူများ မျက်နှာမူလာကြရပြီ။

ပညာရှာလိုသော လူငယ်များ၏ ပညာရှာခရီးက … ချောမွေ့လွယ်ကူသည့် ပန်းခင်းလမ်းက မဟုတ်…။ အခက်အခဲများကမူ အပြည့်အသိပ်။ အားမာန်၊ ဇွဲလုံ့လဝိရီယ၊ ငွေကြေးတို့နှင့် ရုန်းကန်ကြရသည့် ခရီး…။ ဤခရီးအတွင်း မြန်မာလူငယ်များသည်လည်း လျှောက်လှမ်း၍ နေကြ၏။ အိမ်မောကျနေသည့် ခေါင်းလောင်းများနှင့် ဝေးရာမှသည် .. မြည်ဟည်းနေသည့် ခေါင်းလောင်းသံများ ရှိရာဆီသို့ ….။


(၂)

ဂျပန်နိုင်ငံ ‘Ritsumeikan Asia Pacific University’ တွင် သွားရောက်၍ ပညာသင်ကြားရန် ရည်မှန်းထားသည်ဆိုလျှင်မူ ပထမဦးစွာ …. ‘Ya Ya Ya’ တွင် စုံစမ်းဆက်သွယ်ရမည်။ Ritsumeikan Asia Pacific တက္ကသိုလ်က … စာ၊ အားကစားနှင့် လူမှုရေးလုပ်ငန်းတခုခုတွင် ထူးချွန်သည့် ကျောင်းသားများအား ဦးစားပေး၍ ခေါ်သည်။ IELTS က 5.5 ရှိဖို့ လို၏။ IELTS အမှတ်ကောင်းလျှင် …. ကောင်းသလို ကျောင်းစရိတ်အား လွတ်ငြိမ်းခွင့် ပေး၏။ ဝင်ခွင့်အင်တာဗျူးကိုမူ …. တယ်လီဖုန်းနှင့်ပင် အင်တာဗျူး၏။

(၃)

အင်္ဂလန်ကျွန်းမှ …. ‘Wigon & Leigh Collage’ တွင် ပညာသင်မည်ဆိုလျှင်က … ပထမ NLEC (Nawarat) တွင် Wigon & Leigh ၏ Foundation Course အား တတ်ရောက်သင်ကြားရသည်။ ပြီးလျှင် …. စာမေးပွဲဖြေရ၏။ စာမေးပွဲရလဒ်အားကြည့်၍ ကျောင်းဝင်ခွင့်အား ဆုံးဖြတ်သည်။ ဝင်ခွင့်ရ၍ အင်္ဂလန်တွင် ကျောင်းတက်ခွင့်ရပါက …. Higher National Diploma ကို ၂ နှစ် တက်ရမည်ဖြစ်သည်။ ဘွဲ့တခုခုအတွက်ဆက်၍ တက်ရောက်မည်ဆိုပါက … နောက်ထပ် တနှစ်ဆက်၍ တက်ရမည်ဖြစ်သည်။ Wigon Leigh ကောလိပ်နှင့် သင်ကြားမှုပုံစံက …. Assignment စနစ် ဖြစ်သည်။ မိမိဘာသာမိမိ စာကြည့်တိုက်သွား …. စာအုပ်ရှာဖတ်ရ၏။ Self Study ပုံစံ ….။ မြန်မာပြည်၌ ခေါက်ရိုးကျေနေသည့် သင်ကြားမှုနှင့် အရိုးစွဲခဲ့သည့် မြန်မာလူငယ်များအတွက်မူ …. စိမ်းနေဦးမည့် ပညာရေး …. ဟူ၍ ဆိုရမည်။


(၄)

စင်္ကာပူရှိ Productivity Standard Board (PSB) Academyက သြစတြေးလျမှ လာ၍ ဖွင့်လှစ်ထားသည့် ကျောင်းဖြစ်သည်။ စင်္ကာပူတွင် ၂ နှစ် သင်ကြားရပြီ၊ ၁ နှစ်နှင့် ၆ လအား သြစတြေးလျတွင် ဆက်၍ သင်ယူရသည်။ Productivity Standard Board (PSB) Academy တွင် ကျောင်းတက်မည်ဆိုပါက …. Singapore Education Fair မှတဆင့် Oversea Education Channel (OEC) နှင့် ဆက်သွယ်ရမည်ဖြစ်သည်။ ကျောင်းဝင်ခွင့် ရရန်မှာမူ … အခြေခံပညာ အထက်တန်းအောင်မှတ် ၆ဝ % ရှိရပါမည်။ TOEFL မှာလည်း ၅၅ဝ ရှိမည်ဖြစ်၏။ တရုတ်စာနှင့် တရုတ်စကားလည်း အနည်းငယ်တတ်ဖို့ လို၏။ စင်္ကာပူကျောင်းများတွင်က …. အင်္ဂလိပ်ဘာသာစာပေနှင့် သင်ကြားသော်လည်း …. တခါတရံတွင် တရုတ်လို ညှပ်၍ပြောသည်များလည်း ရှိ၍ တရုတ်လိုလည်း တတ်ထားရန် လိုပါမည်။ ပြီးလျှင်မူ …. စင်္ကာပူဒေါ်လာတသောင်း Grand ပေး၏။

FIRST YEAR FOUNDATION COURSE တွင် (SAT) မှ ဘာသာရပ်များအား ထည့်သွင်း၍ သင်ကြားရသည့်အတွက် … သင်္ချာ၊ ရူပဗေဒနှင့် အင်္ဂလိပ်စာ ဘာသာရပ်များအား ကျေညက်ရန် လိုပါမည်။ ၂ နှစ်သင်တန်း ပြီးလျှင်မူ …. သြစတြေးလျ၌ တနှစ်ခွဲ ဆက်၍ သင်ယူရပါသည်။ သြစတြေးလျတွင်က …. ကျောင်းတက်ရင်း … အလုပ်လုပ်ကြရ၏။ ကျောင်းတက်ရင်း အလုပ်လုပ်ရင်းနှင့် သြစတြေးလျတွင် P.R လျှောက်ကြ၏။

Productivity Standard Board (PSB) Academy ၏ အန္တိမက …. သြစတြေးလျတွင် P.R ရရေး …..။ P.R ဟူသည်က Permanent Residence ဖြစ်၏။


(၅)

နိုင်ငံတကာရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အကယ်ဒမီတခုခုတွင် ဝင်ခွင့်ပြီးလျှင် …. အဓိကအရေးတကြီး လိုသည်က … စကောလားရှစ်ရရေး ရှာပုံတော် ဖြစ်၏။

ကျောင်းဝင်ခွင့်ရပြီး စကောလားရှစ် ရရှိရန်ကိုမူ Asia Youth Fellow Ship တွင် လျှောက်နိုင်၏။ လွယ်တော့ မလွယ် …။ ဂျပန်ပြည်တွင် ပညာသင်ရန် စကောလားရှစ် ရှာဖွေခဲ့ဖူးသည့် ရန်ကုန်မြို့မှ ကျောင်းသူတဦး၏ အတွေ့အကြုံက ……

“ကျမလည်း အရင်ကတော့ စကောလားရှစ်နဲ့ နိုင်ငံခြား ပညာသင်သွားဖို့ကိစ္စကို မမျှော်လင့်ထားခဲ့ပါဘူး။ အခုသွားချင်လို့ ကြိုးစားတဲ့အခါမှာ Full စကောလားတွေ အများကြီးရှိတာ တွေ့ရတယ်။ စကောလားကတော့ တကယ်တော်တဲ့ လူကိုမှ ရွေးမှာဆိုတော့ တခေါက်ထဲနဲ့ကတော့ ရမှာမဟုတ်ဘူး။ ထပ်ခါထပ်ခါ ကြိုးစားဖို့ လိုတယ်။ ပြောချင်တာက Developing Country တွေအတွက် စကောလားရှစ်ပေးတဲ့ အစီအစဉ်တွေ အများကြီး ရှိတယ်။ ကျောင်းတွေမှာလည်း စုံစမ်းလို့ရတယ်။ Website တွေလည်း အများကြီး ရှိပါတယ်။ ကြိုးစားရှာကြည့်ကြပါလို့”

ပြီးလျှင် …. သူမကပင် စကောလားရှစ်နှင့်ပတ်သက်၍ သူမအတွေ့အကြုံနှင့်ယှဉ်ပြီး အကြုံပြုထား၏။

“ပထမနှစ်လျှောက်တုန်းက မရခဲ့ဘူး။ အဲဒါ ဘာလို့မပါလဲလို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်တယ်။ စိတ်ဓာတ်တော့ကျတာပေါ့။ ဒါပေမဲ့ ဘာတွေ့လဲဆိုတော့ သူတို့တောင်းတတ်တဲ့ TOEFL တွေ IELTS တွေ ကိုယ့်မှာ မရှိဘူး။ အဲဒါတွေ လိုတယ်။ အဲဒါရှိအောင် လုပ်ရမယ်လို့ သိလာတယ်။ နောက်တခါ Essay ကောင်းကောင်းရေးဖို့ လိုတယ်။ စကောလားရှစ်ပေးဖို့ လုပ်တဲ့လူက ကိုယ့်ကို မသိဘူးလေ။ အဲဒီတော့ ကိုယ့်အကြောင်း သူသိအောင် သေသေချာချာ ပြောပြရမယ်။ အမွှန်းတင်ပြောရတာပေါ့။ အဲဒါကို ကိုယ်က ဖြစ်သလိုရေးခဲ့တာ၊ လျှောက်လွှာကိုလည်း ပိတ်ရက်နားကပ်ပြီး တင်ဖြစ်တယ်ဆိုရုံလေး တင်လိုက်တာ။ အခုတခေါက်ကျမှ ကိုယ့်ကိုယ်ကို သေသေချာချာ Guide လုပ်ပေးနိုင်တဲ့ ဆရာမနဲ့ တွေ့ပြီး ဆရာမ အကြံပေးသလို Research Proposal ကောင်းကောင်း ရေးတင်နိုင်တယ်။ ပထမနှစ်ခေါက်ထက်စာရင် ကောင်းကောင်း ရေးနိုင်တယ်။ ဒါ့ကြောင့် စကောလားရှစ် လျှောက်ရင်တော့ အက်ဆေးကို အချိန်ပေးပြီး ကောင်းကောင်း ရေးတင်နိုင်ဖို့ လိုတယ်”

“မင်းအိပ်မက်
စေညွှန်ရာအတိုင်း
ယုံယုံကြည်ကြည်နဲ့သွားပါ
မင်းစိတ်ကူး
ပုံဖော်ထားတဲ့ဘဝ
ရှင်သန်အောင်လုပ်ပါ”

(ဟင်နရီဒေးဗစ်သော်ရိုး ၁၈၁၇-၆၂)

No comments: