Wednesday, May 26, 2010

မင်္ဂလာဈေးသူ ဈေးသားများ၏ မငြိမ်းသောမီး

မိုးယံ

“ဒီနေ့တော့ ထမင်း ငတ်ပြီဟေ့၊ ဒီလို လောင်နေပုံ မျိုးနဲ့ ဘယ်နှစ်ရက် အလုပ်လက်မဲ့ ဖြစ်နေဦး မလဲကွာ” ဟု မီးခိုး လုံးကြီးများ အူထွက် နေသော မင်္ဂလာဈေးကြီးကို မော့ကြည့် ရင်း စိတ်မကောင်း ကြီးစွာဖြင့် မင်္ဂလာဈေးတွင် ကုန်တင်ကုန်ချ လုပ်ကိုင်သော အသက် ၂၅ နှစ်အရွယ် ကိုနေ၀င်း ကဆိုသည်။

မင်္ဂလာဈေး စတုတ္တထပ်ရှိ ဆိုင်ခန်းပေါင်း ၄၀၀ ကျော်မှ ဆေးဝါးများနှင့် အလှကုန်ပစ္စည်းပေါင်း များစွာကို လှိုက်လောင် ကျွမ်းနေသော မီးတောက်များ၏ အပူရှိန်ထက် မလျော့သောပူလောင်မှုများဖြင့် ယင်းဈေးကြီး ပတ်လည်တွင် လူ ထောင်ပေါင်းများစွာ စောင့်မျှော်ရပ်ကြည့်နေကြသည်။

ကောင်းကင်ပေါ်သို့ ညိုမည်းစွာ တလိမ့်လိမ့်တက်နေသည့် မီးခိုးလုံးများကို ကြည့်နေရင်း “ ဒီဈေးကြီးကို ကျနော်တို့လို နေ့စား အလုပ်သမား ထောင်နဲ့ သောင်းနဲ့ချီ မှီခိုလုပ်ကိုင်စားသောက်နေရတာ။ ဒီဈေးကြီးကြောင့်သာ နေ့တိုင်း ထမင်းနပ်မှန်နေတာ။ ကျနော့် ထမင်းအိုး မီးထဲပါသွားပြီ” ဟု မင်္ဂလာဈေး အတွင်းရှိ ကုန်တင်ကုန်ချလုပ်ကိုင်သည့် အသက် ၂၂ နှစ်အရွယ် ကိုအေးထွန်း က ဆိုသည်။


လူသုံးကုန်ပစ္စည်း၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို မြန်မာတနိုင်ငံလုံးသို့ အဓိကဖြန့်ချိရောင်းချနေသော မင်္ဂလာဈေးကြီးတွင် လခစားဝန်ထမ်းအင်အား သောင်းချီ၊ နေ့စားလုပ်သား ထောင်ချီ အလုပ်လုပ်ကိုင်နေကြသည်။

“ဒီဈေးနဲ့ မြန်မာတနိုင်ငံလုံး ချိတ်ဆက်အလုပ်လုပ်နေတာ၊ ဆင်ခြေဖုန်း ရပ်ကွက်တွေမှာ ရှိသမျှလူတွေဟာ ဒီဈေးကြီးမှာပဲ အကုန်လုံးစုပြီး အလုပ်လုပ်နေကြတာဆိုတော့ ဒီမီးလောင်မှုက ပစ္စည်းဆုံးရှုံးတဲ့ဆိုင်ရှင်တွေရော ၀န်ထမ်းတွေအတွက်ပါ အထိနာပြီပေါ့” ဟု မင်္ဂလာဈေး၏ ဈေးကော်မတီရုံးခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

မင်္ဂလာဈေး မီးလောင်ကျွမ်းမှု၏ နောက်ဆက်တွဲ ဆုံးရှုံးမှုတန်ဖိုးများ မသိရမီ၊ မီးစတင်လောင်ကျွမ်းသည့် ယမန်နေ့ နေ့လယ်ခင်း၌ပင် “ဒီပိုက်ဆံသုံးလိုက်ရင် အိမ်ပြန်ကားခရှိမှာ မဟုတ်ဘူး” “ ဒီနေ့ ထမင်းစားဖို့အတွက်တော့ ဝေးပြီ” ဆိုသော နေ့စား ကုန်တင်ကုန်ချသမား များစွာ၏ ပြောဆို နေသံများက ဈေးပတ်လည်တွင် ပဲ့တင်ထပ်နေသည်။

မီးလောင်နေသည့် ဈေးကြီးပတ်လည်တွင် ကျပ် သိန်း ရာနှင့် ထောင်နှင့် ချီရင်းနှီးမြှုပ်နှံထားသော ဆိုင်ရှင်များစွာက သောကမျက်ရည်များနှင့် ရူးမတက်ဖြစ်နေကြသည်။

“ထိုင်းဘက်မှာ ရှပ်နီတွေ ပြဿနာ ဖြစ်နေလို့၊ ယိုးဒယားပစ္စည်းတွေ ပြတ်သွားမှာစိုးလို့ ထပ်ဝယ်လှောင်ထားတာ ကျပ်သိန်း ၄၀၀ ကျော်တယ်၊ မီးထဲ အကုန်ပါသွားလား မမေးနဲ့၊ ဟိုမှာ မီးတောက်တွေ ထွက်နေတဲ့နားက ကျနော့်ဆိုင်ပဲ” ဟု မင်္ဂလာဈေး စတုတ္တထပ်အတွင်းမှ အပြင်သို့ထိုးထွက်လာသော မီးတောက်ကြီးကို လက်ညှိုးညွှန်ပြရင်း ငိုကျွေးနေသည့် ယိုးဒယား အလှကုန် ပစ္စည်း လက်ကားဖြန့်ချိ ရောင်းချသူ ဦးကောင်းစံက ပြောသည်။

မင်္ဂလာဈေးသည် မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့များသို့ ကုန်ပစ္စည်းများ အဓိက ဖြန့်ချိရောင်းချပေးနေသော ဈေးကြီး ဖြစ်ရာ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း တိုက်ခိုက်မှုကြောင့် ပျက်ဆီး ဆုံးရှုံးသွားသော ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်စသည့် တိုင်းနှင့်ပြည်နယ်များတွင် အကြွေးချထားပေးသည့် ကုန်ပစ္စည်းဖိုး များစွာ ဆုံးရှုံးခဲ့ရပြီး နာလန်ပြန်ထူခါစ အချိန်တွင် မီး ထပ်မံလောင်ကျွမ်းခဲ့ရသည်ဟု သိရသည်။

“တဆိုင်ကို မရှိဘူးဆို အနည်းဆုံး ကျပ်သိန်းထောင်နဲ့ချီရှိတယ်၊ ဆိုင်ရှင်တွေ ဘ၀ပျက်သွားနိုင်တယ်၊ အောက်ထပ်တွေကို မကူးအောင်ငြှိမ်းပေးကြပါ” ဟု ကူပါ အော်ဟစ် ငိုကြွေးနေသော မင်္ဂလာဈေး စတုတ္တထပ်ရှိ လက်ခ်ျမီးဆေးဝါးဖြန့်ချိရေးမှ ဆိုင်မန်နေဂျာတဦးက ဆိုသည်။

မင်္ဂလာဈေးကြီး မီးစတင်လောင်ကျွမ်းသည့် ယမန်နေ့ နံနက် ၈ နာရီခွဲကျော်သည် ဆိုင် စတင် ဆင်းကျင်းသော အချိန် ဖြစ်သောကြောင့် မီးလောင်ကျွမ်းချိန်၌ ၀န်ထမ်းများသည် ၎င်းတို့ဆိုင်မှ ပစ္စည်းများကို မီးတောက်များကြားမှ အသက်နှင့် ရင်းပြီး အပြင်ဘက်သို့ သယ်ထုတ်ခဲ့ကြသည်။

“အောက်ကိုပြန်ဆင်းလာတော့ အပေါ်မှာ မီး တအားလောင်နေပြီ” ဟု မင်္ဂလာဈေး ပတ်ပတ်လည်တွင် ရပ်ကြည့်နေကြသော လူအုပ်ကြီး၏ အော်ဟစ်သံများကြောင့် အသက် ၂၀ ၀န်းကျင် လူငယ်များမှာ အထုပ်ကြီး၊ အထုပ်ငယ်များကို မနိုင့်တနိုင် ထမ်းလျက် အောက်သို့ အပြေးလွှားဆင်းလာခဲ့ ကြသည်။

နံနက် ၈ နာရီကျော်က စတင်လောင်ကျွမ်းသည့် မီးသည့် နေ့ခင်း ၂ နာရီတွင် မီးညွန့်ကျိုးသွားသည်ဟု ထင်ရသော်လည်း အတွင်းထဲတွင် လှိုက်၍ လောင်ကျွမ်းနေမှုက ည ၇ နာရီကျော်ထိ မပြီးဆုံးနိုင် ဖြစ်နေခဲ့သည်။

“မီးက လောင်နေတုန်းပဲ၊ ကျနော်တို့ ဘာမှပြောလို့ မရသေးဘူး၊ နောက်မှပြန်ဆက်ကြပါ” ဟု ည ၇ နာရီဝန်းကျင်တွင် ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာနာမှ တာဝန်ရှိသူတဦးက သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသည်။

အချိန်ကြာမြင့်စွာ မီးလောင်ကျွမ်းခဲ့သောကြောင့် မင်္ဂလာဈေးသည် အန္တရာယ်ရှိသော အဆောက်အအုံ တခု ဖြစ်၍ အသစ် ပြန်လည် တည်ဆောက်ရမည့် အလားအလာများ ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူ တဦးက ဆိုသည်။

ယင်းဈေးတွင် လုပ်ကိုင်နေရသော အရောင်းဝန်ထမ်းများသည် တလလျှင် ကျပ် ၁၅၀၀၀ မှ ကျပ် ၂၅၀၀၀ ဝန်းကျင်သာ ရရှိသူများ ဖြစ်သည်။

“လကုန်ခါနီး လစာရပါ့မလား မသိဘူးနော်။ ကိုယ့်ဆိုင်ရှင်က ဒီလောက်ဆုံးရှုံးထားတာ၊ မပေးဘူးဆိုလည်း မတရားရာတော့ မကျပါဘူး။ အလုပ်မရှိတော့မှာဘဲ ကြောက်နေမိတယ်” ဟု မင်္ဂလာဈေးကြီးရှိ ဆေးဝါးဖြန့်ချိရေး ဆိုင်တဆိုင်တွင် အရောင်းဝန်ထမ်း လုပ်ကိုင်သော အင်းစိန်မြို့နယ်မှ မ၀ါဝါက ပြောသည်။

အဆိုပါ ဈေးကြီးအတွင်း ကုန်တင်ကုန်ချ လုပ်ကိုင်နေရသော နေ့စားလုပ်သားများစွာ သည်လည်း စားဝတ်နေရေး အခက်အခဲ များစွာ ကြုံတွေ့ နေရသည်။

“ကျနော်က တနေ့ ကုန်ထမ်းတာ ကျပ် ၄ ထောင်လောက်ရတယ်။ အဲဒီပိုက်ဆံနဲ့ မိသားစု ၆ ယောက်စားနေတာ။ ဒီနေ့ မီးလောင်တော့ အိမ်ပြန်စရာတောင် ကားခ မရှိတာ မနက်ဖြန် မနက်ဈေးဖိုးဆိုတာ ဝေးပြီဗျာ” ဟု မင်္ဂလာဈေးတွင် ၈ နှစ်ကြာ ကုန်ထမ်းခဲ့သည့် ကိုနေ၀င်းက ပြောသည်။

မင်္ဂလာဈေးတွင် အထပ်တထပ်လျှင် ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ရှိပြီး အဆိုပါဈေးတွင် ဆိုင်ခန်းပေါင်း ၄၀၀၀ ၀န်းကျင်ရှိကြောင်း၊ မြေညီထပ်တွင် အထည်လိပ်များနှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ၊ ပထမထပ်တွင် အ၀တ်အထည်နှင့် စာရေး ကိရိယာဆိုင်များ၊ ဒုတိယထပ်တွင် အ၀တ်အထည်၊ စာရေးကိရိယာနှင့် အလှကုန်ဆိုင်များ၊ တတိယထပ်တွင် အလှကုန်ပစ္စည်းနှင့် ဆေးဆိုင်များ၊ စတုတ္တထပ်တွင် ဆေးဝါးဆိုင်များနှင့် အလှကုန် ဆိုင်များဖွင့်လှစ်ထားကြောင်း သိရသည်။

“ကျနော်တို့က ဆိုင်လေးခင်းပြီး ထမင်းစားဖို့လုပ်တုန်း မီးလောင်တာပဲ၊ မီးက အထဲကဆိုင်တွေကို တဆိုင်ပြီး တဆိုင် ပတ်လောင်နေတာ၊ လေသာဆောင်ပေါ်မှာ လူတွေပိတ်မိနေတယ်၊ ပြန်လည်း ဆင်းလို့မရဖြစ်နေတယ်” ဟု မီးလောင်ကျွမ်းနေသော မင်္ဂလာဈေး စတုတ္ထထပ်မှဆင်းလာသည့် အရောင်းဝန်ထမ်းတဦးက ဆိုသည်။

မင်္ဂလာဈေးသည် ဖေဖော်ဝါရီလအတွင်း လောင်ကျွမ်းခဲ့သော သင်္ဃန်းကျွန်းဈေးကြီးထက် အချိန်ကြာမြင့်စွာ မီးလောင်ခဲ့ပြီး ဆုံးရှုံးမှုလည်း ပိုများသည်။

“အခု ည ၈ နာရီကျော်ပြီဗျာ၊ မီးကောင်းကောင်းမငြိမ်းသေးဘူး၊ အပေါ်က ခေါင်မိုးကြီးလည်း မီးလောင်တဲ့ အရှိန်ကြောင့် ပွင့်ထွက်သွားပြီ” ဟု အငှားယာဉ်မောင်းတဦးက ပြောသည်။

အချိန်ပေါင်းများစွာ ရပ်ကြည့်နေကြသော လူအုပ်ကြီးသည် သည်းကြီးမည်းကြီးရွာချနေသော မိုးရေထဲတွင်ပင် ဇွဲကောင်းလျက် ရှိသည်ကို တွေ့ရသည်။

“ကျနော်တို့ဆိုင်က ၃ လွှာမှာ၊ စောင့်တော့ကြည့်နေတာပဲ၊ ကျနော့်ပစ္စည်းတွေကို မထားခဲ့ရက်ဘူး ဖြစ်နေတယ်” ဟု တတိယထပ်ရှိ အိုးခွက်အရောင်းဆိုင်မှ ဆိုင်ရှင်တဦးက ဆိုသည်။

ပစ္စည်းမြောက်မြားစွာ ဆုံးရှုံးသွားသော ဆိုင်ရှင်များနှင့် ထပ်တူ ပူဆွေးနေသော နေ့စား လုပ်သားများနှင့် ၀န်ထမ်းများသည် မှောင်လု နီးနီး အချိန်တွင် မိမိတို့နေရပ် အသီးသီးသို့ ပြန်သွားကြတော့သည်။

အခြေခံ လူတန်းစားပေါင်း သောင်းချီ မှီခိုနေရသော ထမင်းအိုးကြီးသည် မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲကျော်မှ စတင်၍ မီးထဲတွင် လောင်မြိုက်ခဲ့ပြီ ဖြစ်သည်။

နာရီ ၂၀ ကျော် လောင်ကျွမ်းခဲ့သော မီးမှာ ငြိမ်းသွားပြီဖြစ်သော်လည်း ဈေးကြီးကို မှီခိုနေရသည့် လူပေါင်းများစွာ၏ ရင်ထဲမှ မီးမှာတော့ မည်သည့်ကာလတွင်မှ ငြိမ်းမည်ဆိုသည်ကို မည်သူမျှ မပြောနိုင်ပါ။

No comments: