Monday, May 31, 2010

ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး သေဆုံး

မင်းသက် | တနင်္လာနေ့၊ မေလ ၃၁ ရက် ၂၀၁၀

ရန်ကုန် (မဇ္ဈိမ)။ ။ နေပြည်တော်အမြန်လမ်းတွင် ကားဘီးပေါက်ကာ တိမ်းမှောက်မှု ဖြစ်ပွားသည့်အတွက် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ မြေးဖြစ်သူ သေဆုံးမှု မေလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည်။

မောင်ဆက်နိုင်လင်း (ခ) ဖိုးတီလုံး အသက် ၁ နှစ်နှင့် ၄ လသည် အမှတ် ၁ မင်္ဂလာဒုံဆေးရုံကြီးတွင် စနေနေ့ည ၇ နာရီကျော်တွင် ကွယ်လွန်သွား၍ ယနေ့ နေ့လယ်တွင် ရေဝေးသုသာန်တွင် သဂြိုဟ်ခဲ့သည်။

မြို့တော်ဝန်၏ သားဖြစ်သူ ဗိုလ်ကြီးဇော်ဇော်အောင်နှင့် သူ၏ဇနီး ဒေါ်ခင်ဆွေရီတို့မှာလည်း ထိခိုက် ဒဏ်ရာပြင်းထန်၍ အမှတ် ၁ တပ်မတော်ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရသည်။

နံရိုးများကျိုးသွားကာ မျက်နှာ၊ ခြေ၊ လက်နှင့် မျက်လုံးတို့ ထိခိုက် ဒဏ်ရာများ ရရှိသွား၍ ပတ်တီးများ စည်းနှောင်ထားသော ဗိုလ်ကြီးဇော်ဇော်အောင်မှာ တွန်းလှည်းဖြင့် နာရေးသို့ လာရောက်ခဲ့သည်ကို တွေ့ရကြောင်း ရန်ကုန် စည်ပင်ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တော်ဝန်နှင့် သူ၏ဇနီး ဒေါက်တာ ဒေါ်ခင်ဆန်းနွယ်တို့က ကား ၁ စီး၊ ဗိုလ်ကြီးဇော်ဇော်အောင် မိသားစုက ကား ၁ စီးဖြင့် ပြန်လာကြစဉ် တိမ်းမှောက်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

No comments: