Tuesday, May 25, 2010

မင်္ဂလာဈေးကြီး မီးလောင်ကျွမ်းခဲ့

ရိုးမ ၃

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေး ကော်မတီပိုင် မင်္ဂလာဈေးကြီး ယနေ့မနက် (၈) နာရီဝန်းကျင်ခန့်က မီးစတင်လောင်ကျွမ်းခဲ့သည်။

ဆေးဝါး၊ ပရိဘောဂပစ္စည်းများနှင့် အဝတ်အထည် လက်လီလက္ကားရောင်းသည့် မင်္ဂလာဈေးကြီးအပေါ်ဆုံးထပ် (၄ လွှာ) မှ စတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မြို့ခံမျက်မြင်သက်သေတဦးက ပြောသည်။

“မင်္ဂလာဈေးမီးလောင်တာ အကြီးအကျယ်ပဲ။ မနက် (၈) နာရီလောက်ထဲက လောင်တာ၊ (၁၀) နာရီခွဲတောင် မီးမငြိမ်းသေဘူး။ ၄ လွှာကနေ စလောင်တာ။ မီးခိုးလုံးတွေကတော့ ကောင်ကင်မှာ မဲတူးနေတာပဲ။ ဆုံးရှုံးမှာတော့ အများကြီးပဲ” ဟု သူက ပြောသည်။


မီးသတ်ကားများ (၉) နာရီခန့်မှာ ရောက်လာခဲ့ပြီး ရေကားရောက်မလာသေးသည့်အတွက် မီးငြိမ်းသတ်ခြင်းမရှိကြောင်း၊ နေ့လယ် (၁၂) နာရီအထိ မီးဆွယ်မကျိုပဲ မီးလောင်ကျွမ်းခဲ့ပြီး (၂) နာရီကျော်တဲ့ အချိန်မှာတော့ မင်္ဂလာဈေးကြီး အပေါ်ဆုံးအလွှာတွင် တမြေ့မြေ့လောင်ကျွမ်းဆဲဖြစ်ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

မီးလောင်နေချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိသူများက ဈေးကြီးအတွင်းကို မည်သူမှ ၀င်ရောက်ခွင့်မပြုဘဲ မီးငြိမ်းသတ်ခဲ့ခြင်းဖြစ်ပေမယ့် မြေညီထပ်က ဆိုင်ခန်းပိုင်ရှင်များ ပစ္စည်းသယ်ယူခွင့် ရခဲ့သည်။ ဈေးကြီး (၄)လွှာ အပေါ်ရှိ စားသောက်ဆိုင်များ မီးလောင်ကျွမ်းမှုရှိခဲ့ပြီး အောက်ထပ်များရှိ ဆိုင်ခန်းများမှာ မီးလောင်ကျွမ်းမခံရဘဲ ရေဆိုပျက်စီးခဲ့သည်။ မီးငြိမ်းသတ်စဉ် အဆောက်အအုံပြိုကျမှုများရှိခဲ့သော်လည်း လူကို ထိခိုက်ခြင်း မရှိဟု သိရသည်။

သက်ဆိုင်ရာတာဝန်ရှိ ရဲဌာနများနှင့် မီးသတ်ဌာနများမှာ ညနေ (၃)နာရီကျော်သည်အထိ မင်္ဂလာဈေးကြီး မီးလောင်ဆုံးရှုံးမှုကို မသိရသေးကြောင်း သတင်းရရှိသည်။

မင်္ဂလာဈေးကြီးတွင် မီးစလောင်ခဲ့သည့် (၄) လွှာတွင်သာ မီးစွဲလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းပေါင်း (၆၀၀)ကျော် အပျက်အစီးရှိနိုင်ကြောင်းနှင့် ယခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်၊ သင်္ဃာန်းကျွန်းဈေးကြီး မီးလောင်ကျွမ်းခဲ့သည်ထက် အဆုံးအရှုံးများနိုင်ကြောင်း ရန်ကုန်ဒေသခံများက ပြောဆိုသည်။

No comments: