Wednesday, May 26, 2010

ထက်ထက်မိုးဦး သတင်းကို ၀န်ကြီး ပိတ်ပင်

NEJ / ၂၆ မေ ၂၀၁၀

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ တိုက်ရိုက်ညွှန်ကြားချက်ကြောင့် ထက်ထက်မိုးဦး သတင်းကို ပိတ်ပင်ရခြင်းဖြစ်ကြောင်း စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ စာစစ်မှူးတဦးက ပြောသည်။

၎င်းက “ထက်ထက်မိုးဦး သတင်းတက်လာတော့ ကျမတို့က ခြစ်ပြီး ပယ်ရန် တင်လိုက်တာပဲ။ စာပေစိစစ် ညွှန်မှူး ဗိုလ်မှူးတင့်ဆွေဆီ ရောက်တော့မှ တစောင်ကို ခွင့်ပြုပေးလိုက်တယ်။ နောက် အချိန်နည်းနည်းကြာပြီးမှ ဗိုလ်မှူးဆီ ဖုန်းဝင်လာတယ်လို့ သိရတယ်။ ဝန်ကြီးက ခွင့်မပြုဘူး ဆိုတာနဲ့ ကျမတို့က ဂျာနယ်တိုက်ကို ဖုန်းဆက်အကြောင်းကြားပြီး ခွင့်မပြုကြောင်း ပြန်ပြောရတယ်” ဟု ပြောသည်။

အဆိုပါသတင်းမှာ ပြီးခဲ့သည့် မေ (၁၉) ရက်ည၌ ဆီဒိုးနားဟိုတယ် ကုန်ပစ္စည်းအရောင်းမြင့်တင်ပွဲတခုတွင် အင်တာဗျူးလုပ်သူ ဆဲဗင်းဒေးသတင်းထောက် မအေးသူစံကို ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးက ကိုယ်ထိလက်ရောက်ပြုမူခဲ့သည့် ဖြစ်ရပ်အတွက် ရန်ကင်းမြို့နယ် တရားရုံးတွင် တရားစွဲရန် ဦးတိုက်လျှောက်ထားသည့် သတင်းဖြစ်သည်။

ထိုသတင်းကို စနေနေ့ထုတ် The Voice ဂျာနယ်နှင့် The First ဂျာနယ် မျက်နှာဖုံးတို့တွင် ဖော်ပြခဲ့ပြီး ယခုကဲ့သို့ ဖော်ပြခဲ့သည့်အတွက် စာပေစိစစ်ရေးက ဂျာနယ်နှစ်စောင်ကို ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့သည်။

အဆိုပါကိစ္စကို စာပေစိစစ် ကြော်ငြာသင်ပုန်းတွင် ၁၉၆၂ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ၊ နည်းဥပဒေပါ ညွှန်ကြားချက် (၃၅) နှင့် (၃၇) ကို လိုက်နာမှုမရှိဘဲ အကြိမ်ကြိမ် ဖောက်ဖျက်ကျူးလွန်မှုများအရ မေလ (၂၂) ရက်မှစ၍ ယာယီ ရပ်ဆိုင်းသည်ဟု ဖော်ပြထားကြောင်း၊ ထက်ထက်မိုးဦး သတင်းကိစ္စကို တိုက်ရိုက် ရည်ညွှန်းခြင်းမရှိကြောင်း ပြည်တွင်း ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

၎င်းက “အခုကိစ္စကို ကြည့်ရင် မြန်မာနိုင်ငံတွင်းမှာ ထုတ်ဝေနေတဲ့ ပုဂ္ဂလိက ဂျာနယ်၊ မဂ္ဂဇင်းတွေဟာ အနုပညာရှင်တွေရဲ့ သတင်းကိုတောင် လွတ်လွတ်လပ်လပ် တင်ပြနိုင်မှု မရှိတာကို တွေ့ရမှာဖြစ်တယ်။ အခြား စီးပွားရေး၊ လူမှုရေး နိုင်ငံရေး သတင်းတွေဆို အခုထက် ပိုဆိုးတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် လုံးဝ မရှိတာကို ပြတဲ့ သက်သေတခု ဖြစ်တယ်” ဟု ပြောသည်။

အခြား ဂျာနယ်အယ်ဒီတာ တဦးကလည်း ၎င်းတို့ ဂျာနယ်အပါအဝင် ဂျာနယ်အားလုံးကို စာပေစိစစ်ရေးက ထက်ထက်မိုးဦးသတင်းကို ရုံးသို့ လုံးဝ တင်ပြခြင်းမပြုရန် တယ်လီဖုန်းဆက် အကြောင်းကြားကြောင်း၊ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် တင်ပြသမျှကို ပိတ်ပင်တားမြစ်ခြင်းထက် ပိုဆိုးကြောင်း ပြောသည်။

၎င်းက “နောင်တချိန်ကျရင် မှတ်တမ်းတွေကို ပြန်ပြပြီး အဲဒီအချိန်က ထက်ထက်မိုးဦး သတင်းကို ဘယ်ဂျာနယ်ကမှ တင်ပြထားတာ မရှိဘူးဆိုပြီး လိမ်လည်ဖို့အထိ လုပ်လာတာမျိုး ဖြစ်တယ်” ဟု ရှင်းပြသည်။

ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာကြီး တဦးက စစ်အစိုးရသည် ၎င်းတို့ အာဏာတည်မြဲရေး၊ ဝါဒဖြန့်ချိရေးကိစ္စတို့တွင် အနုပညာသည်များကို ကောင်းကောင်း အသုံးချနေကြောင်း၊ ထိုသို့ အသုံးချနိုင်ရန် အနုပညာသည်များက မလိုလားသည့် သတင်းဖော်ပြမှုများကို တားမြစ်ပိတ်ပင်ပေးနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အနုပညာသည်များ၏ သတင်းကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်မရသည်မှာ ကြာပြီဖြစ်ကြောင်း ပြောသည်။

အဆိုပါ သတင်းဂျာနယ်နှစ်စောင်ကို ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းထားသော်လည်း ပိုင်ရှင်များအနေဖြင့် ဝန်ကြီး သို့မဟုတ် စာပေစိစစ်ညွှန်မှူးကို တိုက်ရိုက်တွေ့ဆုံ ညှိနှိုင်းပြီး အဆင်ပြေပါက မကြာမီ ပြန်လည် ထုတ်ဝေခွင့်ရနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းသတင်း အယ်ဒီတာများက ဝေဖန်သုံးသပ်နေကြသည်။

No comments: