Wednesday, May 26, 2010

အမေရိကန် အမတ် ဂျင်မ် ဝက်ဘ် မြန်မာကို ထပ်မံသွားဦးမည်

ရန်ပိုင် Wednesday, May 26, 2010

အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ် မြန်မာ နိုင်ငံသို့ လာမည့် ဇွန်လ ၄ ရက်နေ့တွင် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

အထက် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှ နှင့် ပစိဖိတ် ရေးရာ ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ဂျင်မ်ဝက်ဘ်သည် ယခု ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး အတွက် စစ်အစိုးရကို တိုက်တွန်း သွားဖွယ် ရှိသည်ဟု အေပီ သတင်းတွင် ယနေ့ ရေးသား ထားသည်။

“စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများနှင့် ပတ်သက်၍ အလွန်အမင်း စိတ်ပျက် မိသည်”ဟု အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်၏ ဝေဖန်ချက် ထွက်ပေါ်ခဲ့ ပြီးနောက် မစ္စတာ ဂျင်မ် ၀က်ဘ် ကို မြန်မာနိုင်ငံသို့ လာရောက်ရန် စစ်အစိုးရက ထပ်မံ ဖိတ်ကြားခြင်း ဖြစ်သည်။

စစ်အစိုးရ၏ ရည်ရွယ်ချက်သည် အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒနှင့် ပတ်သက်၍ သမ္မတ အိုဘားမား အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်စေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု ၀ါရှင်တန်အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဂျော့ခ်ျတောင်း တက္ကသိုလ် ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်ခ်က ဧရာဝတီသို့ပြောသည်။

“ဂျင်မ် ၀က်ဘ်က မြန်မာအပေါ် အမေရိကန်ပေါ်လစီ ပြောင်းလဲရေးနဲ့ပတ်သက်ပြီး အရေးပါသူဆိုတာ စစ်အစိုးရ ကောင်းကောင်းသိ တယ်”ဟု ၎င်းက ဆိုသည်။

မစ္စတာ ဂျင်မ် ၀က်ဘ်၏ ခရီးစဉ်အတွင်း စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားတချို့ကို လွှတ်ပေးခြင်းဖြင့် အတိုက်အခံများ အပေါ် တွင်လိုက်လျောမှုရှိကြောင်း နိုင်ငံတကာကို ပြသလိမ့်မည်ဟု ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်ခ် က ဆက်လက်ပြောသည်။

မစ္စတာ ဂျင်မ် ၀က်ဘ်သည် ပြီးခဲ့သည့်နှစ် သြဂုတ်လလယ်ကလည်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ပြီး စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကို သီးခြားစီတွေ့ ဆုံခဲ့သည်။

၎င်း၏ ပထမဆုံး ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းအတွင်း ရေကူးဝင်ရောက်ခဲ့မှုဖြင့် ထောင်ဒဏ်ကျခံနေရ သည် အမေရိကန် နိုင်ငံသား ဂျွန် ယက်ထော ကို စစ်အစိုးရက လွှတ်ပေးရန် လုပ်ဆောင်နိုင်ခဲ့သည်။

ထို့အပြင် မစ္စတာ ဂျင်မ် ၀က်ဘ်သည် အာရှတိုက်နှင့် အရှေ့တောင်အာရှ ဒေသအတွင်း ဖြစ်ပွားနေသည့် မတည် ငြိမ်မှုများ၌ တာဝန်ယူ ခေါင်းဆောင်မှု ပျက်ကွက်နေကြောင်း တရုတ်နိုင်ငံကို ဝေဖန်ခဲ့သည်ဟု အေအက်ဖ်ပီ သတင်းတွင်လည်း ဖော်ပြထား သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံရေး မတည်ငြိမ်မှု၊ တောင်ကိုရီးယား စစ်သင်္ဘောကို မြောက်ကိုရီးယား နိုင်ငံက တော်ပီဒို နှင့် ပစ်ခတ်မှု၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတို့သည် အမေရိကန်နိုင်ငံအနေဖြင့် တာဝန်ယူ ၀င်ရောက်ဖြေရှင်းရန် လိုအပ်နေ သည်ကို ပြသနေကြောင်း၊ ဒေသတွင်း တည်ငြိမ်ပြီး သာယာဝပြောရေးအတွက် တရုတ်ပြည်အနေဖြင့် တာဝန်သိသိ ဆောင်ရွက်ရန် လည်း မစ္စတာ ဂျင်မ်ဝက်ဘ်က ပြောဆိုကြောင်း သိရသည်။


No comments: