NEJ / ၁၉ ဇူလိုင် ၂၀၁၀
နိုင်ငံပိုင် သတင်းစာများတွင် တရားဝင် ထုတ်ပြန်ကြေညာခြင်းမပြုဘဲ အဆိုပြုလွှာတင်ကာ အစိုးရမှ ရောင်းချမည့် အဆောက်အအုံနှင့် မြေကွက်စာရင်းများ ပြည်တွင်းလုပ်ငန်းရှင်များအတွင်း ပျံ့နှံ့လျက်ရှိသည်ဟု သိရသည်။
ထိုသို့ အစိုးရမှ ရောင်းချမည့် စာရင်းတွင် ရန်ကုန်မြို့၏ အထင်ကရ မြေနေရာ (၄၀) ခန့် ပါဝင်နေသည်ဟု အင်ပို့ အိတ်စ်ပို့ လုပ်နေသည့် လုပ်ငန်းရှင်တဦးက ပြောကြားသည်။
၎င်းက “အရင် လေလံတွေက နေပြည်တော် ရုံးအမှတ် (၃၂) အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှာ တင်ပြကြရတယ်။ ခု စာရင်းတွေက အစိုးရနဲ့နီးစပ်တဲ့ တပ်မတော် အတွင်းစည်းထဲကနေ ထွက်လာတာ။ စစ်ထောက်ချုပ်ရုံးက ကိုင်ထားတဲ့ မြေကွက်စာရင်းတွေလည်း ပါတယ်။ အရောင်းအ၀ယ်အတွက် လှုပ်ရှားနေတာတွေကလည်း တပ်မတော် အရာရှိဟောင်းတွေပဲ” ဟု ပြောသည်။
အဆိုပါစာရင်းတွင် (၁၂၀.၇၁၆) ဧကရှိ လှိုင်မြို့နယ် ဘုရင့်နောင် ကုန်စည်ဒိုင်၊ အဆောက်အအုံ (၂၉) လုံးပါ (၁၄.၀၃၉) ဧကရှိ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ လူငယ်သင်တန်းကျောင်း၊ အဆောက်အအုံ (၈) လုံးပါ (၂၁၀.၆) ဧကရှိ ဥက္ကလာပ ဂေါက်ကွင်း၊ (၂.၅၀၉) ဧကရှိ ပန်းဘဲတန်းမြို့နယ် (၂၇) လမ်းရှိ အောင်ဘာလေထီရုံး စသည့် ရန်ကုန်မြို့၏ အထင်ကရ မြေနေရာများ ပါဝင်သည်။
ထို့ပြင် အဆောက်အအုံ (၇) လုံးပါ (၂၀၈) ဧကရှိ မင်္ဂလာဒုံ တပ်မတော်ဂေါက်ကွင်း၊ အဆောက်အအုံ (၅) လုံးပါ (၈.၇၂၄) ဧကရှိ ဒဂုံမြို့နယ် စစ်သမိုင်းပြတိုက်၊ ဧက (၄၀) ရှိ (၉) မိုင် (ယခင်) တပ်မတော် ထောက်လှမ်းရေး (၆) မြေနေရာ၊ ရန်ကင်းမြို့နယ် ကျောက်ကုန်းရှိ တပ်မတော် မှတ်တမ်းရုံးနှင့် ၎င်းရှေ့ ဘောလုံးကွင်း၊ ရန်ကုန်-ပြည် လမ်းမပေါ်ရှိ တပ်မတော် ငွေစာရင်းရုံး (CMA) တို့ကိုမူ တပ်မတော် စစ်ထောက်ချုပ်ရုံးနှင့် ဆက်သွယ်ကာ စုံစမ်းဝယ်ယူနိုင်သည်ဟု အဆိုပါရုံး၏ အရာရှိဟောင်းတို့ထံမှ စုံစမ်းသိရှိရသည်။
ယခု စာရင်းပါ အစိုးရပိုင် အဆောက်အအုံနှင့် မြေနေရာများကို တရားဝင် လေလံဖွင့်၊ ဈေးဖွင့် ရောင်းခြင်းမျိုးမဟုတ်ဘဲ စစ်ထောက်ချုပ်ရုံး သို့မဟုတ် အမျိုးသားစီမံကိန်းဝန်ကြီးဌာနသို့ လျှောက်လွာတင်ကာ ဈေးဖွင့်ရခြင်းဖြစ်ကြောင်း၊ ကားလေလံ အင်းလေလံများကဲ့သို့ အများဖြင့် လေလံဆွဲရခြင်းမဟုတ်ဘဲ ဌာနဆိုင်ရာလူကြီးများနှင့် ၀ယ်မည့်လူ သီးသန့်ဈေးဖွင့်ကာ လက်သိပ်ထိုးရောင်းခြင်းဖြစ်ကြောင်း အိပ်စ်ပို့ အင်ပို့လုပ်နေသူ လုပ်ငန်းရှင်တဦးက ပြောသည်။
နေပြည်တော်ရုံးအမှတ် (၃၂) အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနသည် နိုင်ငံပိုင် သိမ်းဆည်းထားသော ပစ္စည်းများ စီမံခန့်ခွဲမှုကော်မတီ၊ နိုင်ငံပိုင် အဆောက်အအုံများ ရောင်းချရေးကော်မတီ၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင် စသည့် ခေါင်းစဉ် အမျိုးမျိုးတပ်ကာ အဆောက်အအုံ၊ မြေကွက်များကို အကြိမ်များစွာ လေလံခေါ်ယူ ရောင်းချခဲ့သည်။
ယင်းသို့ လေလံခေါ်ယူခဲ့သော်လည်း စက်သုံးဆီ အရောင်းဆိုင်များလွဲ၍ အလုပ်မဖြစ်လှကြောင်း လေလံဝင်ဆွဲဖူးသူတဦးက ပြောသည်။
၎င်းက “စက်မှု (၁၊ ၂) စက်ရုံတွေဆိုလည်း အများစု အရောင်းအ၀ယ် မဖြစ်သေးပါဘူး။ အစိုရ ကြမ်းခင်းဈေး မမီတာရယ်၊ အစိုးရက နှစ် (၃၀) နဲ့ငှားမယ်။ ပုဂ္ဂလိကတွေက ၀ယ်ချင်တယ်။ တချို့က ငှားချင်တယ်။ အစိုးရက ရောင်းမယ်။ အဲလို ဟာတွေကြောင့် လေလံအားလုံးနီးပါး မအောင်ကြပါဘူး။ ပြည်သူ စိတ်ဝင်စားမှုနည်းတာလည်း ပါပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံ မြေယာကော်မတီဥက္ကဋ္ဌသည် စစ်ထောက်ချုပ် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးဖြစ်ပြီး အတွင်းရေးမှူးမှာ အမျိုးသား စီမံကိန်းဝန်ကြီး ဦးစိုးသာ ဖြစ်သည်ဟု သိရသည်။
လေလံ မအောင်ခဲ့သူ လုပ်ငန်းရှင် တဦးကလည်း “လက်ရှိ ပိုင်ဆိုင်မှု ငွေစာရင်း (Bank Account) ပြရတယ်။ နိုင်ငံသားဖြစ်ကြောင်း အထောက်အထား လိုတယ်။ ပုဂ္ဂလိက လေလံဈေး ဖွင့်ပေးရတယ်။ ဒါမှမဟုတ် အစိုးရ ကြမ်းခင်းဈေးအပေါ် ညှိနှိုင်းလိုတယ်ဆိုရင် အမျိုးသားစီမံကိန်း သို့မဟုတ် စစ်ထောက်ချုပ်ရုံးကို အဆိုပြုလွှာ တင်ရမယ်” ဟု ရှင်းပြသည်။
စီးပွားရေးပညာရှင်တဦးကမူ “ပုဂ္ဂလိကပိုင် ပြုလုပ်တယ်ဆိုတာ ပိုင်ရှင်ဟောင်းကို ပြန်ပေးတာရှိတယ်။ တင်ဒါစနစ် ခေါ်တာရှိတယ်။ အခု B.O.T ပေါ့။ တည်ဆောက်တယ်။ Operate လုပ်တယ်။ Transfer လုပ်တယ်။ ဒါတွေဟာ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းရဲ့ အစိတ်အပိုင်းတခုပဲ။ အဲဒီမှာ ပုဂ္ဂလိကပိုင် ပြုလုပ်လို့မရတာတွေရှိတယ်။ ဥပမာ- မီးရထား၊ လျှပ်စစ်လိုဟာမျိုး ပုဂ္ဂလိကပိုင် လုပ်လိုက်ရင် တိုင်းပြည်နစ်နာမယ်။ အခြေအနေအရ အုပ်ချုပ်ရေးအပိုင်း ခဏပေးလို့ရတယ်။ အခု ဓာတ်ဆီဆိုင်တို့၊ ဘဏ်တို့။ တည်ဆဲအစိုးရသည် လုပ်ပိုင်ခွင့် ရှိတယ်။ အဲဒီမှာ (၂) ပိုင်းရှိတယ်။ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းသည် Level Ground ဖြစ်ရင် ကျနော်တို့ ကြိုဆိုတယ်။ ဒါပေမယ့် အစိုးရ လက်ဝါးကြီးအုပ်ကနေ ပုဂ္ဂလိက လက်ဝါးကြီးအုပ်အသွင် ဖြစ်သွားမှာကိုတော့ လုံးဝလက်မခံဘူး” ဟု သုံးသပ်ပြောဆိုသည်။
No comments:
Post a Comment