ဝီရ / ၁၉ ဇူလိုင် ၂၀၁၀
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူတို့ပိုင်ဆိုင်သည့် သစ်တောများကို သစ်တောဦးစီးဌာနက အကြောင်းပြချက်မပေးဘဲ တိုင်းတာမှုများ ပြုလုပ်နေသည့်အတွက် ပိုင်ဆိုင်မှုများ ဆုံးရှုံးမည်ကို ရွာသားများက စိုးရိမ်နေကြသည်။
“သစ်တော ဦးစီးဌာနက တောအုပ် ဦးတင်တင်ဝင်းဇော် ကိုယ်တိုင်လာပြီး ဒီဒေသတဝိုက်က သစ်တောတွေကို လာတိုင်းနေတယ်။ ဘာအတွက်လဲဆိုတာ ထုတ်မပြောတော့ မြေယာတွေ အသိမ်းခံရမှာကို ရွာသားတွေ ကြောက်နေကြတာပေါ့” ဟု နမ့်ခမ်းမြို့နယ်ရှိ ကောင်းဝိုင်း ကျေးရွာအုပ်စုမှ ရွာသားတဦးက ပြောကြားသည်။
အဆိုပါ ဒေသတဝိုက်သည် ပလောင် ခေါ် တအာင်း တိုင်းရင်းသားများ နေထိုင်ရာဒေသ ဖြစ်ပြီး နမ့်ခမ်းမြို့နယ်ရှိ အွယ်လောကျေးရွာအုပ်စုနှင့် ကောင်းဝိုင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများ ပိုင်ဆိုင်သည့်သစ်တောမြေများကို ဇူလိုင်လ (၇) ရက်နေ့ကစတင်၍ တပတ်အကြာ လာရောက်တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ တိုင်းတာမှုနှင့်စပ်လျဉ်း၍ မြန်မာစစ်အစိုးရက တရုတ်ပြည်သို့သွယ်တန်းမည့် ဂက်စ်ပိုက်လိုင်း လမ်းကြောင်းကို ထိုဒေသမှဖြတ်၍ ဖောက်လုပ်နိုင်ကြောင်း တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံးက ဆိုသည်။
“ကျနော်တို့ လေ့လာချက်တွေအရ တရုတ်ကို သွယ်မယ့် ဒီဂက်စ်ပိုက်လိုင်းက လားရှိုးဘက်ကိုမဝင်ဘဲ နောင်ချို၊ ပြင်ဦးလွင်၊ သီပေါ၊ နမ့်ခမ်းဘက်က ဖြတ်ဖို့ လုပ်နေတဲ့ အထောက်အထားတွေ တွေ့ရတယ်။ အခု လာတိုင်းတာ ဘာ့အတွက်ဆိုတာ ရွာဥက္ကဋ္ဌတွေကိုလည်း အသိပေးတာမဟုတ်ဘူး။ အခု လာတိုင်းတဲ့ နမ့်ခမ်းနဲ့ ရွှေလီက (၁၇) မိုင်လောက်ပဲ ဝေးတယ်။ လားရှိုးဘက်က ဖြတ်မယ့်အစား လွယ်လောမ်၊ ကောင်းဝိုင်း၊ မန်ကန်၊ မန်ကောင်း၊ မန်စပ်ကျေးရွာ စတဲ့ ကျေးရွာတွေကနေ ဖြတ်ရင် လမ်းကြောင်း ပိုနီးတယ်လေ။ ဒါကြောင့် ဒီစီမံကိန်းအတွက် လာတိုင်းတာ ဖြစ်နိုင်တယ်” ဟု တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကိုက ပြောကြားသည်။
သစ်တောဦးစီးဌာနက အကျယ်အဝန်းအလိုက် မဟုတ်ဘဲ ဖြတ်မျဉ်းသာ အရှေ့ဘက်ဆီသို့ လာရောက်တိုင်းတာသည့်အတွက် ဂက်စ်ပိုက်လိုင်းအတွက်သာ ဖြစ်နိုင်ကြောင်း ရွာသားများကလည်း ယူဆကြသည်။
အဆိုပါ ဂက်စ်ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှစ၍ မကွေး၊ ကျောက်ပန်းတောင်၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ရှမ်းပြည် မြောက်ပိုင်းမှတဆင့် တရုတ်နိုင်ငံအတွင်းပိုင်းသို့ သွယ်တန်းသွားရန် မြန်မာနှင့် တရုတ် အစိုးရအကြား သဘောတူညီထားပြီး ၂၀၁၀ ခုနှစ်ဆန်းပိုင်းမှစ၍ စီမံကိန်းကို စတင် အကောင်အထည်ဖော်ဆောင်လျက်ရှိသည်။
ယင်းဒေသကို ဖြတ်သန်း၍ ဂက်စ်ပိုက်လိုင်း သွယ်တန်းမည်ဆိုပါက မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည်မှာ မလွဲနိုင်ကြောင်း မိုင်းအောင်ကိုက ပြောဆိုသည်။
၎င်းက “ဒီဒေသကို ဖြတ်သွားရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေတော့ ရှိလာမှာပဲလေ။ လုံခြုံရေးအတွက် စစ်တပ် ရောက်လာမယ်။ မြေယာတွေ သိမ်းမယ်။ ပြီးတော့ ဒီကရှိတဲ့ သစ်တောတွေ ခုတ်ရောင်းတာတို့ လုပ်လာမယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတွေ များလာနိုင်မယ်” ဟု ပြောကြားသည်။
ယင်းကဲ့သို့ သစ်တောဦးစီးဌာနက လာရောက်တိုင်းတာပြီးနောက်ပိုင်း ဆုံးရှုံးမည်စိုး၍ ရွာသားတချို့က မိမိပိုင် သစ်တောများတွင် ရှိသောသစ်တို့အား ခုတ်လှဲုမှု များပြားလာကြောင်း မိုင်းအောင်ကိုက ပြောသည်။
No comments:
Post a Comment