Tuesday, July 13, 2010

မျိုးဆက်သစ်လို့ဆိုကြရာမှာ

ရဲဘော်ဖိုးသံချောင်း

နအဖအစိုးရဟာ ရွေးကောက်ပွဲလုပ်မယ့်ရက်ကိုတော့ မကြေညာ၊ ကန့်သတ်ချုပ်ချယ်မှုတွေပဲ တခုပြီးတခု ကြေညာနေပါတယ်။ တနေ့တုန်းကပဲ နအဖ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်အမှတ် (၂)” ဆိုတာကို ကြေညာလိုက်တော့ ရွေးကောက်ပွဲဝင်မယ်လို့ အားခဲထားသူတွေဆီက စိတ်ပျက်သံတွေစီကနဲ ထပ်ပေါ်ထွက်လာပါတယ်။ နအဖရဲ့ဝှက်ဖဲတွေက ကုန်-မကုန်နိုင်ဘူးလို့ ပြောရမလိုပါပဲ။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကပေးတဲ့ စပေ့စ်လေးကို လည်ပင်း ကိုးတောင်ကျော် မျှော်ကိုးနေသူတွေမှာ လည်ပင်းကို တပတ်ပြီးတပတ် မြွေပတ်ခံရသလို ဖြစ်နေပါတယ်။

ဒီလိုအခါမှာ နအဖရဲ့ပိုက်ဆံမပေးရတဲ့ ရှေ့နေတွေဟာ ဒီအချင်းအရာတွေကို မသိကျိုးကျွန်ပြုပြီး တခြားအကြောင်း အရာတွေကိုပဲ ပုံကြီးချဲ့ပြောဆိုနေကြပါတယ်။ အခုတလော သူတို့ပြောတဲ့အထဲမှာရော၊ တချို့အလားတူ “ပညာရှင်" များထဲကရော အတော်အပြောများလာတဲ့ အသုံးအနှုန်းသစ်တခုကို သတိထားမိပါတယ်။ အဲဒါကတော့ “မျိုးဆက်သစ်" ဆိုတာဖြစ်ပါတယ်။ မြန်မာ “နိုင်ငံရဲ့ကံကြမ္မာဟာ မျိုးဆက်သစ်တွေအပေါ် တည်နေတယ်” လို့ ပြောတဲ့ လေသံမျိုးတွေရဲ့ နောက်ကွယ်မှာ စဉ်းစားစရာတွေ အများကြီးရှိနေပါတယ်။

နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းကြီးဖြစ်ပြီဆိုရင် မျိုးဆက်သစ်ဆိုတဲ့ အသုံးအနှုန်းကို အတော်လေး ကြားလာရ တတ်ပါတယ်။ တော်တော်အသုံးတည့်တဲ့ ဝေါဟာရတခုပါပဲ။ ဒါပေမယ့်ေ၀၀ါးလှတယ်၊ ရှင်းဖို့လိုတယ်လို့ ထင်ပါတယ်။ မျိုးဆက်သစ်ဆိုတာ ဘယ်လိုလူတွေကို ရည်ညွှန်းတာလဲ။ နောက်ပြီး ဘယ်မျိုးဆက်ရဲ့မျိုးဆက်သစ်လဲ။ နအဖက မပြတ် မွေးမြူနေတဲ့ စစ်အာဏာရှင်စနစ်ရဲ့ မျိုးဆက်သစ်တွေကို ပြောတာလား။ ခေတ်အဆက်ဆက်မှာ ဖိနှိပ်မှုအမျိုးမျိုးနဲ့ စစ်အာဏာရှင်စနစ်တွေကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သူတွေနဲ့ လုံးဝမပတ်သက်တဲ့ အုတ်ကြားမြက်ပေါက် မျိုးဆက်သစ်လား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မပတ်သက်ဖူးတဲ့လူကို မျိုးဆက်သစ်လို့ ဆိုချင်တာလား။ အဲဒီလူတွေဆိုလိုတဲ့ မျိုးဆက်သစ်ဆိုတာက မြန်မာပြည်ရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အာဏာရှင်ဆန့်ကျင်ရေး အစဉ်အလာတွေကနေ ခွဲထွက်တဲ့၊ အဲဒီမျိုးဆက်တွေနဲ့ ကင်းလွတ်တဲ့ နအဖအုပ်စိုးမှုနဲ့ ရင်အုပ်မကွာ ကြီးပြင်းတဲ့ မျိုးဆက်ကို ပြောနေတာလို့ တွေးစရာဖြစ်နေပါတယ်။

ဒါဖြင့် သူတို့ရည်ညွှန်းတဲ့ မျိုးဆက်သစ်နဲ့မတူတဲ့ တခြားမျိုးဆက်ဆိုတာကကော ရှိပါသလား။ ဒီနေ့လို အခြေအနေမှာ ရှိနိုင်ပါသလားလို့ မေးကောင်းမေးလာပါမယ်။ ရှိပါတယ်။ တောက်လျှောက်ပေါ်နေမှာပါလို့ပဲ ဖြေရပါမယ်။ ဆရာဗန်းမော် တင်အောင်ပြောတဲ့ ခေတ်ကပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်မယ့် မျိုးဆက်သစ်ဆိုတာ ခေတ်ရဲ့လိုအပ်ချက်၊ တောင်းဆိုချက်အရ မုချ ပေါ်ကိုပေါ်နေမှာဖြစ်ပါတယ်။ နည်းတာ၊ နှေးတာတော့ ရှိကောင်းရှိပါမယ်။

မြန်မာပြည် ပြည်သူတွေရဲ့အရေးတော်ပုံဟာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးစဉ်ကြီးကို ရာစုနှစ်နဲ့ချီပြီး မျိုးဆက်တဆက်ကို နောက်တဆက်က ဆက်ခံပြီး တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ အင်္ဂလိပ်နယ်ချဲ့သမားကို မျိုးဆက်တဆက်ပြီးတဆက် ဆယ်စုနှစ်နဲ့ချီပြီး တွန်းလှန်ခဲ့ရသလို စစ်အာဏာရှင်တွေကိုလည်း ဆယ်စုနှစ်နဲ့ချီ တိုက်ပွဲဝင်နေကြပါတယ်။ ရှေ့မှာလည်း အဲဒီလိုပဲဆက်ပြီး တိုက်ချင်တိုက်ရဦးမှာ ဖြစ်ပါတယ်။ ဒီလိုတိုက်ပွဲဝင်ကြရာမှာ ရှေ့ကတိုက်ပွဲဝင်သွားသူတွေ၊ စွန့်လွှတ်မှုမျိုးစုံ ပြုသွားသူတွေနဲ့ အဆက်ဖြတ်လို့ဖြစ်ပါ့မလား။ အလွယ်လေးစဉ်းစားကြည့်ပါ။ ရှေ့ကတိုက်ပွဲဝင်ခဲ့တာတွေမရှိဘဲနဲ့ ဒီနေ့ တိုက်ပွဲတွေ ရှိနိုင်ပါ့မလား။ ရှစ်လေးလုံးအရေးတော်ပုံမရှိခဲ့ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၊ န၀တ-နအဖတို့ ရှိနိုင်ပါ့မလား။ ၁၉၇၄-၇၅-၇၆ တိုက်ပွဲတွေနဲ့ တခြားမြေအောက်-တောတွင်းလှုပ်ရှားမှုတွေမရှိရင် ရှစ်လေးလုံးအရေးတော်ပုံ ပေါ်ပေါက်နိုင်ပါ့မလား။ အကုန်လုံးဟာ ဆက်နေတာပါ။ သမိုင်းကြောင်းကို ဖြတ်တောက်ဖို့ ကြံစည်-ကြံဆတဲ့ အာဏာရှင်တွေ အနိုင်နိုင်ငံမှာ ပေါ်ခဲ့ဖူးပါတယ်။ တခြားမပြောနဲ့ ဗိုလ်နေ၀င်းကအစ ဗိုလ်သန်းရွှေအထိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းအခန်းကို ဖျောက်ဖျက်ဖို့ ကြိုးပမ်းခဲ့ကြတာ အသေအလဲပဲမဟုတ်လား။ ဒါပေမယ့် ဒင်းတို့ ဘယ်မှာ အောင်မြင်လို့လဲ။ အခုဆိုရင် နအဖဟာ ဒါကို လက်တောင်လျှော့လိုက်ရပြီမဟုတ်ပါလား။

ဒါကြောင့် နအဖနဲ့ သူတို့တပည့်လက်သားတွေနဲ့မတူဘဲ မျိုးဆက်သစ်လို့ ပြောနေကြသူတွေက ဒီမျိုးဆက်သစ်ဆိုတဲ့ အသုံးအနှုန်းကို ဒီလိုအဓိပ္ပာယ်ဖွင့်ပါတယ်။ အဓိကအားဖြင့် အရင်မျိုးဆက်ဟောင်းတွေဟာ အသက်အရွယ်ကြောင့် အပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်တိုက်ပွဲဝင်ရာမှာ အကန့်အသတ်အမျိုးမျိုး ရှိနေလို့ သူတို့ထက်ပိုပြီး ထက်ထက်မြက်မြက်လုပ်ကိုင်နိုင်မယ့် လွန်ခဲ့တဲ့ အရေးတော်ပုံတွေရဲ့အစဉ်အလာတွေ၊ ကောင်းမွန်ချက်တွေနဲ့ သင်ခန်း စာတွေကို ဆက်ခံထားတဲ့ မျိုးဆက်သစ်ကို ဆိုလိုတာဖြစ်ပါတယ်။ သမိုင်းပေးတာဝန်လို့ ပြောလေ့ရှိကြတဲ့ အရာဟာ ရှေ့ကသွားနှင့်သူတွေနဲ့ ပြည်သူလူထုတရပ်လုံးက ပေးတဲ့တာဝန်ကို ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေ လိုလားတဲ့ မျိုးဆက်သစ်ဆိုတာက ရှစ်လေးလုံးအရေးတော်ပုံနဲ့ ချက်ကြိုးပြတ်ပါတယ်လို့ အသားယူပြောနေတဲ့၊ (၇) ရက် ဇူလိုင် အရေးတော်ပုံနဲ့ ၁၉၇၄ အလုပ်သမားအရေးတော်ပုံ၊ ဦးသန့်ဈာပနတိုက်ပွဲ၊ ဆရာကြီးမှိုင်းရာပြည့် လှုပ်ရှားမှုတွေဟာ တောထဲက သွေးထိုးလှုံ့ဆော်လို့ ဖြစ်ပေါ်တာလို့ သခင်အားရကျွန်ပါးဝပြောနေတဲ့ “မျိုးဆက်သစ်” မျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ အဲဒီဟာတွေက ခေတ်အဆက်ဆက်လက်နက်ချတွေရဲ့ ဆိုးမွေနဲ့အစဉ်အလာကိုဆက်ခံထားကြတဲ့ အလိုတော်ရိ မျိုးဆက်သစ်တွေသာ ဖြစ်ပါတယ်။

ဒီသမိုင်းအကွေ့မှာ လူငယ်တွေကို ဘယ်လိုမျိုးဆက်သစ်လဲလို့ စမ်းသပ်မယ့် အဓိကမှတ်ကျောက်ကတော့ နအဖရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ဘယ်လိုသဘောထားသလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အဲဒီတနိုင်ငံလုံး မျိုးဆက်ပေါင်းများစွာ စစ်ကျွန်ဖြစ်စေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုက်ဖျက်မလား၊ ဒါကြီးကိုမှီပြီး ကိုယ့်တကိုယ် ကောင်းစားမယ့်လမ်းကို ရှာမလားဆိုတာဟာ နိုင်ငံရေးအင်အားစုတွေ အားလုံးအတွက် ဓာတုဗေဒစမ်းသပ်ခန်းထဲက လစ်တ်မတ်စ်ပေပါ ပါပဲ။ ဗိုလ်သန်းရွှေတို့ နအဖစစ်အုပ်စုရဲ့ အရေးတော်ပုံကိုဆက်ခံမယ့် မျိုးဆက်သစ်လား၊ အာဇာနည်သူရဲကောင်းအထောင် အသောင်းရဲ့အရေးတော်ပုံကိုဆက်ခံမယ့် မျိုးဆက်သစ်လားဆိုတာ ကိုယ့်အခန်းကိုယ် ရွေးချယ်ဆုံးဖြတ်ရမှာပါ။

ပြန်ကြည့်လိုက်ရင် မြန်မာပြည်ရဲ့သမိုင်းမှာ ဖွဲ့စည်းပုံတွေဟာ ဖြိုဖျက်လို့ပြိုပျက်ရတာတွေချည်းပါပဲ။ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေဟာ ဗိုလ်နေ၀င်းတို့ခြေနဲ့ဖျက်လို့ ပျက်သွားတာဖြစ်ပြီး မဆလစစ်အစိုးရရဲ့ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ မျိုးဆက်သစ်တွေက တိုက်ဖျက်လိုက်လို့ ပျက်သုဉ်းသွားတာ ဖြစ်ပါတယ်။ ၁၉၃၅ ခုနှစ်မှာ အင်္ဂလိပ်ကိုလိုနီ အစိုးရက ချမှတ်ခဲ့တဲ့ မြန်မာပြည်ရဲ့ ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေလို့ဆိုရမယ့် ဥပဒေဟာလည်း (ကမ္ဘာစစ်ကြီးကိုကျော်ပြီးနောက်) ၁၉၄၆ ခုနှစ်မှာ ပျက်သွားခဲ့ပါတယ်။ အဲဒီလိုပျက်စေခဲ့တာမှာ အဲဒီတုန်းက မျိုးဆက်သစ် နိုင်ငံရေသမားတွေလို့ပြောရမယ့် သခင်အောင်ဆန်း၊ သခင်သန်းထွန်း စသူတွေ ဦးဆောင်တိုက်ပွဲဝင်ခဲ့လို့ ဖြစ်ပါတယ်။ အခုနအဖရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းဖို့တာဝန်ဟာ မျိုးဆက်သစ်တွေရဲ့ခေါင်းပေါ်ကို ရောက်လာပါပြီ။

မြန်မာပြည်လိုနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာ မဖျက်ရင်မပျက်ပါဘူးဆိုတာ ရှင်းနေပါတယ်။ နအဖက လှံစွပ်နဲ့ ရေးထားတဲ့ ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ပြည်သူတွေဟာ ညီညွတ်မှုအင်အားနဲ့တိုက်ဖျက်ရပါလိမ့်မယ်။ ဒီတာဝန်ဟာ ပြည်သူတရပ်လုံးမှာသာမက အထူးသဖြင့် မျိုးဆက်သစ်တွေရဲ့ ပခုံးပေါ်မှာ အထင်အရှားကျရောက်နေပါတယ်။


No comments: