ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ယနေ့ကျင်းပသော (၆၃) နှစ်မြောက် အာဇာနည်နေ့၌ ပြည်တွင်းသတင်းထောက်များ၊ နိုင်ငံခြားသတင်းထောက်များကို ကန့်သတ်မှုများ ပြုလုပ်ခဲ့ကြောင်း ပြည်တွင်းအခြေစိုက် မီဒီယာများမှ သိရသည်။ပြည်တွင်းသတင်းဂျာနယ်တခုမှ သတင်းထောက်တဦးက “ကျနော်တို့ အာဇာနည်နေ့ တက်ချင်ပေမယ့် တက်ခွင့်မရဘူးဗျ၊ သူတို့က ကန့်သတ်ထားတာတဲ့၊ မနှစ်ကအတိုင်းပဲ လူတွေကိုခေါ်တာတဲ့။ ကျနော်တို့ မီဒီယာတွေကတော့ အာဇာနည်နေ့ကို တက်ရောက်သတင်းယူချင်ကြတာပဲလေ” ဟု ပြောသည်။
ယခုနှစ်တွင် ပြည်တွင်းသတင်းထောက်များကို (၁၀) ဦးသာ ဖိတ်ကြားခဲ့ကြောင်း ရန်ကုန်စည်ပင်အရာထမ်းတဦးက ပြောသည်။
မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းမှ ၀ါရင့်သတင်းထောက်တဦးက “ဖိတ်တော့ဖိတ်တယ်ဗျ၊ ဒါပေမယ့် ကျနော်သိရသလောက်တော့ တက်ချင်သူတွေ တက်ခွင့်မရဘူး၊ လူသစ်တွေ တက်ခွင့်မရဘူး၊ အမှန်တော့ ဘယ်သတင်းဌာနကို ဖိတ်ပါတယ်၊ အဲဒီက လူ (၂) ဦး၊ ဒါမှမဟုတ် (၃) ဦးကို သတင်းယူဖို့ ဖိတ်ပါတယ် ဆိုတာမျိုး ဖြစ်သင့်တာပေါ့” ဟု ပြောသည်။
ပြည်တွင်း သတင်းမီဒီယာများကမူ ထိုသို့ (၁၀) ဦးသာ သတင်းယူခွင့် ကန့်သတ်ဖိတ်ကြားသည့်အတွက် ကျေနပ်မှုမရှိကြကြောင်း သိရသည်။
“သတင်းဂျာနယ်ကို သတင်းယူဖို့ မဖိတ်ရင် ဘယ်သူ့ကို ဖိတ်ရဦးမှာလဲဗျာ၊ အခုလုပ်ပုံက အဓိပ္ပာယ်မရှိဘူး။ ကျနော်တို့လို သတင်းဂျာနယ်ကိုတော့ မဖိတ်ဘဲ နံနက်ခင်း၊ လျှပ်တပြက်၊ live news ၊ 7days ၊ weekly ၊ ရန်ကုန်တိုင်း၊ ပြည်မြန်မာ အဲဒီဂျာနယ် စုစုပေါင်း (၁၀) ခုကို ဖိတ်တယ်တဲ့။ ကျနော်တို့ကတော့ လုံးဝမကျေနပ်ဘူး။ ဘာပဲဖြစ်ဖြစ် ပြည်တွင်းမှာ ဂျာနယ်ပေါင်း (၁၇၀) လောက် ရှိတယ်ဗျာ၊ အခု (၁၀) ခုပဲ ဖိတ်တယ်ဆိုတာကတော့ စိတ်ပျက်စရာပဲ။ ဈေးကွက်ထဲမှာ အမှန်တကယ်ထွက်ပြီးတော့ ရောင်းနေရတဲ့သတင်းဂျာနယ်တောင် အစောင် (၅၀) ကျော် ပြေးမလွတ်ဘူးရှိတယ်။ ကျနော် တယောက်တည်းတော့ မဟုတ်ဘူး။ မတက်ရတဲ့ ဂျာနယ်တွေကလည်း မကျေနပ်ဘူး” ဟု ပြည်တွင်းသတင်းမီဒီယာသမား တဦးကလည်း ပြောဆိုသည်။
ရန်ကုန်မြို့တော်ဝန်သည် အာဇာနည်နေ့ကို ဦးစီးကျင်းပနေသည်မှာ ပြီးခဲ့သည့် (၆၀) နှစ်မြောက် အာဇာနည်နေ့ကပင်ဖြစ်သည်။
လွန်ခဲ့သော ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများသည် ရန်ကုန်မြို့ အတွင်းဝန်များရုံးအတွင်း အစည်းအဝေးပြုလုပ်နေစဉ် ဂဠုန်ဦးစောခေါင်းဆောင်သော မသမာသူများက လုပ်ကြံခဲ့သည့်အတွက် ကျဆုံးခဲ့ရခြင်းဖြစ်သည်။
ကျဆုံးခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီးများမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအဗ္ဗဒူရာဇတ်၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ စပ်စံထွန်း၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့ဖြစ်သည်။
ယခင်က အာဇာနည်နေ့သို့ မရောက်မီတွင် ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုတေးသီချင်းများ မြန်မာအသံမှ ထုတ်လွှင့်ခြင်း၊ အာဇာနည်နေ့တွင် ၀မ်းနည်းခြင်းအထိမ်းအမှတ် အလံတ၀က်လွှင့်ထူခြင်း၊ အာဇာနည်များကျဆုံးချိန်တွင် တနိုင်ငံလုံး ဥသြဆွဲ အလေးပြုခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ယခုစစ်အစိုးရလက်ထက်တွင် ယင်းသို့လုပ်ဆောင်ခြင်းများ မရှိတော့ပေ။
ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်တွင် အကျယ်ချုပ်ချထားခြင်းခံနေရပြီး အာဇာနည်နေ့သို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။
နအဖက ယခုနှစ် အာဇာနည်နေ့ အခမ်းအနားတွင် နိုင်ငံရေးပါတီများအား တက်ရောက်ခွင့်ပြုခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်မည်မဟုတ်ကြောင်း အတိအလင်းကြေညာကာ ပါတီမှတ်ပုံတင်ခြင်းလည်း မပြုလုပ်ခဲ့သည့်အတွက် ယနေ့ကျင်းပသော အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခွင့် ဖိတ်ကြားခြင်း မခံခဲ့ရပေ။
အာဇာနည်နေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment