Monday, January 3, 2011

ဘိုဘိုကျော်ငြိမ်းသို့ ထပ်ဆင့်တုံ့ပြန်ချက်

ဝင်းတင့်ထွန်း

ဘိုဘိုကျော်ငြိမ်းက ဆရာကြီးလေသံနဲ့ ကျနော့်ကို စတင်ထိုးနှက်ရေးသားလာတဲ့အတွက်၊ ဘိုဘိုကျော်ငြိမ်းနဲ့ စကားမပြောချင်၊ အငြင်းအခုန် မလုပ်ချင်တဲ့ ကြားထဲကနေ၊ မလွှဲမကင်းသာ သင့်တင့်လျောက်ပတ်စွာနဲ့ပဲ ပထမဆုံး အကြိမ်အဖြစ် ‘ဘိုဘိုကျော်ငြိမ်းသို့ တုံ့ပြန်ချက်’ ကို ပြန်လည်ရေးသား ရှင်းလင်းပြခဲ့ပြီးပါပြီ၊၊ ဒါလောက်ဆိုရင် လုံလောက်ပြီလို့လဲ ဖေါ်ပြခဲ့ပါတယ်။ ဟိုလူနဲ့ ပြဿနာ ဖေါ်လိုက်၊ ဒီလူနဲ့ ပြဿနာ ဖန်တီးလိုက်- ဖြစ်နေတဲ့ ဘိုဘိုကျော်ငြိမ်းရဲ့ တကယ့်ရည်ရွယ်ချက်နဲ့ ပကတိရုပ်ပုံမှန်ကို အတိုင်းသား မြင်မိတွေ့မိနေလို့ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က ဘာလို့အောင်ပွဲခံနိုင်ခဲ့ကြသလဲ ဆိုတာကို ပြောသလိုလိုနဲ့ အဖေဖြစ်သူ ဦးကျော်ငြိမ်းကို အရောင်တင် ပေါလစ်တိုက်ပေးရင်း၊ ကျနော့်ကိုပါ လှမ်းပြီး ထိကပါး ရိကပါး ထိုးနှက်လာခဲ့တာ တွေ့ရပါတယ်။ အဲဒီ သူ့ဆောင်းပါးကို ဖတ်မိလိုက်သူတွေလဲ သိလိုက်ကြမှာပါ။

ကျနော်က ယဉ်ကျေးစွာနဲ့ပဲ၊ ဦးပေါ်ဦး လျှောက်ထုံးထဲကလို - ကျွန်းကို ပါစေချင်တဲ့ ဦးပေါ်ဦးက ‘ပိတောက်လဲ ကောင်းပါတယ် - ကျွန်းလဲ ကောင်းပါတယ်’၊ ‘ပျဉ်းကတိုးလဲ ကောင်းပါတယ် - ကျွန်းလဲ ကောင်းပါတယ်’ လို့ချည်း လျှောက်တင်နေတာကို အမှတ်ရချင်စရာပဲလို့ ပြောခဲ့ပါတယ်၊၊ တကယ်က ‘ဗိုလ်ချုပ်အောင်ဆန်း တော်ပါတယ် - ကျုပ်အဖေ ဦးကျော်ငြိမ်းလဲ တော်ပါတယ်’၊ ‘ဦးနုကြီးတို့ ဦးရာရှစ်တို့လဲ တော်ပါတယ် - ကျုပ်အဖေ ဦးကျော်ငြိမ်းလဲ တော်ပါတယ်’ လို့ ပြောချင်နေတာကို အယဉ်ကျေးဆုံး ပမာခိုင်းပြီး ပြောခဲ့ပါတယ်။ ဘိုဘိုကျော်ငြိမ်း ဖေါ်ထုတ်ပြောဆိုလာတဲ့၊ ကျနော်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အချက် ၃ ချက်ကိုလဲ ကျနော့်ဘက်က ပြန်လည်ရှင်းလင်းပြခဲ့ပါတယ်။

ဟော အခုတခါ - ဘိုဘိုကျော်ငြိမ်းက ထပ်လုပ်လာပြန်ပါတယ်။ ကျနော့်ရဲ့ တုံ့ပြန်ချက်အပြီး တပတ်အကြာမှာပဲ၊ မဇ္ဈိမထဲမှာပဲ - ‘ဦးကျော်ငြိမ်းနှင့် တိုင်း ၆ ’ - တဲ့။

ရွှေမန်းတင်မောင်ရဲ့ ပြဇာတ်၊ ဓာတ်ပြားတောင် သွင်းထားပြီး ကျနော်တို့ တောသူတောင်သား ကျေးလက်နေ ပြည်သူလူထု အများစုကြီးကြားမှာ နားရည်ကို တော်တော်ဝနေရတဲ့ ဇာတ်လမ်း၊ ‘ရွဲကုန်သည် ဇာတ်’ ကို သတိရချင်စရာလို့ပဲ ပြောရဦးမှာပါပဲ။ မတော်လောဘကြီးလှတဲ့ ‘ရွဲ ကုန်သည်’ ရဲ့  “မပေး ပေးပေး - ငါ့ရွှေခွက်ပေး၊ မပေးပေးပေး - ငါ့ရွှေခွက်ပေး ” ဆိုပြီး၊ ဟစ် ဟစ် ပြီး ငိုလိုက်ဆိုလိုက် တောင်းဆိုလိုက်တဲ့ အသံကို ကြားဖူးကြမှာပါ။ အခုလဲ - ‘မပေး ပေးပေး - ငါ့ရွှေခွက်ပေး၊ မပေးပေးပေး- ငါ့ရွှေခွက်ပေး’ ဆိုသလို၊ ‘ မသွား သွားသွား - တိုင်း ၆ နိုင်ငံရေးမှူး’၊ ‘ မသွား သွားသွား - တိုင်း ၆ နိုင်ငံရေးမှူး’ လို့ချည်း အတင်းကို ပြောဆိုနေတော့တာပါပဲ။

ဘိုဘိုကျော်ငြိမ်းက ‘အချက်အလက် - အချက်အလက်’ ဆိုတာကို တွင်တွင်ပြောပြီး၊ ဖက်ဆစ်တော်လှန်ရေးမှာ ဦးကျော်ငြိမ်းက တိုင်း ၆ နိုင်ငံရေးမှူးဆိုတာကို အရှင်ရရ အသေရရ ကျားပိန်တွယ် တွယ် တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဘိုဘိုကျော်ငြိမ်း ပြောနေတဲ့ အချက်အလက် (facts) ဆိုတာက အစည်းအဝေးမှာ တိုင်းတာဝန်တွေ ခွဲကြစဉ်က သဘောတူစာရင်းပါ အချက်အလက်ကိုပဲ အချက်အလက်လို့ ပြောနေတာ ဖြစ်ပါတယ်။ ဟုတ်ကဲ့ -ကျနော်ကလဲ အချက်အလက်နဲ့ပဲ အတိုချုပ်အဖြစ်နဲ့ ရေးပါတယ်။ ကျနော်ရေးတဲ့ အချက်အလက်က အဖြစ်မှန် အချက်အလက် (တကယ့် အမှန်တကယ် လက်တွေ့အချက်အလက်) နဲ့ပဲ သမိုင်းမှန်အဖြစ် ရေးပါတယ်။ ဦးကျော်ငြိမ်းဟာ ဘယ်တိုင်းမှကို သွားခြင်း မရှိတဲ့အတွက် ဘယ်တိုင်းရဲ့ နိုင်ငံရေးမှူးအဖြစ်နဲ့မှ မဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါ တကယ့်သမိုင်းမှန် လက်တွေ့အချက်အလက် ဖြစ်ပါတယ်။

လက်တွေ့အရ - တိုင်း ၆ နိုင်ငံရေးမှူးအဖြစ်က ဦးကျော်ငြိမ်း မသွားတဲ့အတွက်၊ တိုင်း ၆ နိုင်ငံရေးမှူးအဖြစ် ဖြစ်သွားရတာက - သခင်တင်ထွန်း (ကွန်မြူနစ်) ဖြစ်သွားရပါတယ်။ ဒါဖြင့် - ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းကို ဘာလို့ ရန်ကုန်တာဝန်ခံလို့ ရေးရတာလဲ။ ဗိုလ်ချုပ်ကျော်ဇောကလဲ ပြောင်းပြီး ရေးခဲ့တာ မဟုတ်ပါ။ ဗိုလ်ချုပ်ကျော်ဇောရဲ့ ရေးသားချက်တွေကို အလေးထားပြီး ကိုးကားရေးသားခဲ့တဲ့ ကျနော်(ဝင်းတင့်ထွန်း)ကလဲ မလိုတမာ ပြောင်းပြီး ရေးခဲ့တာ မဟုတ်ပါ။ ဗိုလ်ချုပ်ကျော်ဇောက သူ့ရဲ့ ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိ စာမျက်နှာ ၈ဝ မှာ - မှတ်ချက် ၂ ဆိုတာမှာ ရေးထားတာက “တိုင်း ၆ တာဝန်ကျသော ဦးကျော်ငြိမ်းကို တိုင်း ၆ သို့ မပို့တော့ဘဲ ရန်ကုန်တွင် ကိုဗဆွေနဲ့ တွဲဖက်တာဝန်ပေးသည်” လို့ ရေးပါတယ်။

အဲဒါကို (သခင်တင်မြ၏ တိုင်းကြီး ၁ဝ တိုင်း၊ နှာ ၄၄) လို့လဲ ဖေါ်ပြပါတယ်။ အဲဒီတော့ သခင်တင်မြရဲ့ တိုင်းကြီး ၁ဝ တိုင်းကို အင်မတန်မှ ဖတ်ထားသယောင် ပြောဆိုနေတဲ့ ဘိုဘိုကျော်ငြိမ်းပဲ ပြန်ရှာ ပြန်ဖတ်ကြည့်စေချင်ပါတယ်။ ကျနော်ကတော့ ကျနော့်စာအုပ် ပြုစုရေးသားစဉ်က အဲဒီစာအုပ်ကို ကိုးကားခဲ့ခြင်း မရှိတော့၊ ရိုးရိုးသားသားပဲ အဲဒီသခင်တင်မြရဲ့ တိုင်းကြီး ၁ဝ တိုင်းကို မကိုးကားခဲ့ပါလို့ ပြောခဲ့ပါတယ်၊၊ ကျနော့်ရဲ့ ကိုးကားစာအုပ်စာရင်းမှာလဲ ထည့်ထားခြင်း မရှိခဲ့ပါ၊၊ မကိုးကားခဲ့တာကို မကိုးကားခဲ့ဘူး - ပြောတာဟာ ဘိုဘိုကျော်ငြိမ်း ဆွဲချပြော ကောက်ချက်ချသလို - ကိုယ့်ဟာကိုယ် ဆင်ဆာလုပ်ခဲ့တာလဲ မဟုတ်ပါ။ ကျနော် သခင်တင်မြကို နိုင်ငံရေးအရ မကြိုက်ပေမယ့်၊ သခင်တင်မြ ရေးတာတွေကိုလဲ၊ ကျနော် အဆင်ပြေသလို ဖတ်တာ ရှိပါတယ်။ ဘိုဘိုကျော်ငြိမ်းပဲ အတွင်းသိဖြစ်လို့ သခင်တင်မြရဲ့ စာအုပ်ကို ဖတ်ရမယ်လို့ ပြောနေတော့၊ ဖတ်ကြည့်လိုက်ပါဦး။

ဗိုလ်ချုပ်ကျော်ဇောရဲ့ မှတ်ချက် ၂ ဆိုတာဟာလဲ၊ အဲဒီသခင်တင်မြရဲ့ တိုင်းကြီး ၁ဝ တိုင်းထဲက အောက်ခြေမှတ်စု ၂ နဲ့ အတူတူပါပဲ။ သခင်တင်မြရဲ့ တိုင်းကြီး ၁ဝ တိုင်း အောက်ခြေမှတ်စု ၂ မှာက - ‘တိုင်း ၆ တွင် တာဝန်ကျသော ဦးကျော်ငြိမ်းကို တိုင်း ၆ သို့ မပို့တော့ဘဲ ရန်ကုန်တွင် ကိုဗဆွေနှင့် တွဲဖက်တာဝန်ပေးသည်။ တိုင်း ၆ နိုင်ငံရေးမှူးအဖြစ် သခင်တင်ထွန်း (ယခု တောခိုကွန်မြူနစ်) ကို တာဝန်ပေးသည်။ (စာရေးသူ) - တဲ့။ အဲဒါ - သခင်တင်မြရဲ့ “ဖက်ဆစ်တော်လှန်ရေး ဌာနချုပ်နှင့် တိုင်း ၁ဝ တိုင်း” စာအုပ် စာမျက်နှာ ၆၂ မှာ ရေးထားတာ တွေ့ရပါတယ်။ ကျနော့်ဆီက စာအုပ်ကတော့ - ကျုံပျော်စာအုပ်တိုက်က ထုတ်တဲ့၊ ‘၂၃ ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အတွက်’ ဆိုပြီး ထုတ်တဲ့ ၁၉၆၈၊ ဇူလိုင် - သြဂုတ်လ ဒုတိယအကြိမ် အုပ်ရေ ၃ဝဝဝ ထုတ် စာအုပ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကျော်ဇော ယူတာက ဘယ်အကြိမ်ထုတ်လဲ မသိပါ။ ဒါကြောင့် - အဲဒီအချက်ပါ စာမျက်နှာနံပါတ်တော့ ကွဲနေတာ တွေ့ရပါမယ်။ အဲဒီမှာ - (ဦးဗဆွေက ရန်ကုန်တာဝန်ခံအဖြစ် ဆောင်ရွက်ရန်) လို့ ဖေါ်ပြထားလေတော့၊ ဦးဗဆွေနဲ့ တွဲဖက်တာဝန်ပေးလိုက်တဲ့ ဦးကျော်ငြိမ်းကို - ကျနော်က ‘ရန်ကုန်တာဝန်ခံ’ လို့ ဖေါ်ပြကာ ‘ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းက ရန်ကုန်တာဝန်ခံ ဖြစ်ပါတယ်’ လို့ ရေးတာဟာ ဘယ်မှာ မှားပါသလဲ၊ ဦးဗဆွေက ရန်ကုန်တာဝန်ခံ - ဦးကျော်ငြိမ်းက ရန်ကုန်တွဲဖက်တာဝန်ခံလို့ ဖေါ်ပြပေးရမှာလား။ ကျနော် မလိုတမာစိတ်နဲ့ ရေးသားခဲ့တာ မဟုတ်ဘဲ၊ သမိုင်းအမှန်အတိုင်း - သမိုင်း လက်တွေ့အချက်အလက် အစစ်အမှန်အတိုင်း ရေးသားခဲ့တာ ဖြစ်ပါတယ်။

သမိုင်းကို ရေးကြတဲ့အခါမှာ စာရင်းပါ အထောက်အထားထက်၊ လက်တွေ့ အစစ်အမှန် အထောက်အထားကိုပါ ကြည့်ရှုပြီး စိစစ်ဝေဖန်မှုပါပါ အမြင်နဲ့ ရေးသားနိုင်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဘိုဘိုကျော်ငြိမ်းရဲ့ အဖေ - ဦးကျော်ငြိမ်းကိုယ်တိုင် ဝိဓူရသခင်ချစ်မောင်နဲ့ ပတ်သက်ပြီး ဟောဒီလို ရေးသားခဲ့တာတောင် ရှိတယ်မဟုတ်လား။

“(အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ) အတ္တုပ္ပတ္တိစာအုပ် စာမျက်နှာ ၃၁၄ တွင် ထိုခေတ် သာယာဝတီခရိုင် မြေအောက် တော်လှန်ရေးအဖွဲ့တွင် ခေါင်းဆောင်တဦးဖြစ်သည်ဟု ဝိဓူရသခင်ချစ်မောင်က ရေးသားထားသော်လည်း၊ ထိုတော်လှန်ရေးအချိန်၌ သူ့ကို မတွေ့ရပါ။ သူပါသည်ဟုလည်း မကြားဖူးပါ။ ဗိုလ်ချုပ်နေဝင်း အသိဖြစ်သည်။ (ဤအချက်ကို ဖေါ်ပြသည်မှာ သမိုင်းမှန်အတိုင်း ဖြစ်စေလို၍ ဖြစ်သည်။ အာဃာတ ရှိ၍ မဟုတ်ပါ။) တဲ့။ အဲဒါ ဦးကျော်ငြိမ်းက ဦးကျော်ငြိမ်းရဲ့ ‘(၁၉၃၆ - ၁၉၄၅) မြေအောက် သူပုန်အဖွဲ့ဆိုင်ရာ မှတ်စု’ စာမျက်နှာ ၈ မှာ ရေးသားထားချက် ဖြစ်ပါတယ်။ ဝိဓူရသခင်ချစ်မောင်ဟာ သခင်မြခေါင်းဆောင်တဲ့ ဗဟိုမြေအောက် တော်လှန်ရေးအဖွဲ့ကနေ မြေအောက် တော်လှန်ရေးအဖွဲ့ခွဲတွေအဖြစ် ခရိုင် ၂ဝ အဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ရာမှာ အမှတ် ၁ဝ ဖြစ်တဲ့ သာယာဝတီခရိုင်အဖွဲ့ရဲ့ အဖွဲ့ဝင်စာရင်းမှာ အဖွဲ့ဝင်အဖြစ် ပါပါတယ်။

ဒါပေမဲ့ လက်တွေ့ ပါဝင်လှုပ်ရှားခဲ့တာ မတွေ့ရတဲ့အတွက်၊ ဦးကျော်ငြိမ်းက သမိုင်းမှန် ဖြစ်စေရေးအတွက် အထက်မှာ ဖေါ်ပြထားသလို အတိအလင်း ရေးသားထားတာ ရှိပါတယ်။ ဘိုဘိုကျော်ငြိမ်း သိမှာပါ။ အဲဒီတော့ - အခုလဲ ကျနော်က ဦးကျော်ငြိမ်းက စာရင်းမှာသာ ပါပေမယ့်၊ ဘယ်တိုင်းကိုမှ နိုင်ငံရေးမှူးအဖြစ် သွားရောက်ခဲ့ဖူးတာ လက်တွေ့အားဖြင့် မရှိတဲ့အတွက်၊ သမိုင်းဖြစ်ရပ်မှန်အတိုင်း ရေးသားခဲ့တာ ဘာမှ နာလိုခံခက်ဖြစ်စရာ မလိုပါဘူး။ ဒါဟာ သမိုင်းမှန်ပဲလေ။ ဘိုဘိုကျော်ငြိမ်းအနေနဲ့ ဓမ္မဓိဌာန်ကျကျ စဉ်းစားသုံးသပ် ပြောဆိုသင့်ပါတယ်။

ဘိုဘိုကျော်ငြိမ်းက “-- ဗိုလ်ချုပ်အောင်ဆန်းက စစ်တိုင်း ၁ တာဝန်ကို ဗိုလ်မောင်မောင်ကို လွှဲပေးလိုက်တဲ့အခါ နိုင်ငံရေးမှူး ကိုဗဟိန်းလဲ တာဝန်ကျရာတိုင်းကို ရောက်မလာတော့ဘူး။ ဒါဆို ကိုဗဟိန်းရော သူရဲဘောနည်းတာလား -စသည် စသည်ဖြင့် တွေးမယ်၊ မေးမယ်၊ ခရစ်တီကယ် တွေးခေါ်မှု ရှိခဲ့ရင်ပေါ့။’ လို့ သရော်တော်တော် ဖေါ်ပြထားရင်း၊ ဦးကျော်ငြိမ်း - တာဝန်ကျတိုင်း ၆ ကို မသွားတာနဲ့ သခင်ဗဟိန်း - တာဝန်ကျ တိုင်း ၁ မသွားခဲ့တာကို အတူတူပါပဲ သဘောမျိုး၊ ညီမျှခြင်းထိုး ပြထားတာလဲ မှတ်မှတ်ထင်ထင် တွေ့ရပါတယ်။ မသိသား ဆိုးဝါးလှချည်လား -ဘိုဘိုကျော်ငြိမ်း။ ဘိုဘိုကျော်ငြိမ်းအဖေ ဦးကျော်ငြိမ်း တာဝန်ကျတိုင်းကို ရောက်အောင်မသွားခဲ့တာနဲ့ သခင်ဗဟိန်း -တိုင်း ၁ ကို မသွားခဲ့တာဟာ နိုင်ငံရေးသဘောအရရော လက်တွေ့ဖြစ်စဉ်အရပါ လုံးဝ လုံးဝကို မတူညီဘူး။ အဲဒီဟာကို ညီမျှခြင်း ထိုးပြဖို့ ကြိုးစားရင်၊ အတူတူပဲလို့ ထင်ရင်၊ လူရယ်စရာ ဖြစ်သွားလိမ့်မယ်။

သခင်ဗဟိန်း တိုင်း ၁ ကို မသွားတော့တာက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပြောင်းလဲပေးလိုက်တာ။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်လဲ အခြေအနေအရ တိုင်း ၁ ကို မသွားတော့ဘဲ၊ စစ်ဦးစီးချုပ်ရုံးကို ကွပ်ကဲပြီး၊ တိုင်း ၇ နယ်မြေထဲမှာ အခြေစိုက်ရင်း တိုင်းအသီးသီးရဲ့ တိုက်ပွဲတွေကို ရှေ့ဆောင်သွားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။ ဖြူးမြို့နယ်ထဲကို အစောကြီးကတည်းက ရောက်နေတဲ့ သခင်ဗဟိန်းကိုလဲ ရန်ကုန်ကို လာရန်မလိုတော့ဘဲ ဖြူးမှာပဲ ဆက်လက်နေထိုင်ပြီး၊ တောင်ငူခရိုင်ထဲက ‘ရဲခေါင်ပြောက်ကျား’ တွေကို ဦးစီးသွားစေဖို့ ပြောင်းလဲတာဝန်ပေးလိုက်တာ ဖြစ်တယ်။ အချက်အလက် အထောက်အထားတွေကို သိချင်တယ်ဆိုရင်တော့ ‘ရဲဘော်မြ’ ရဲ့ ‘ဖက်ဆစ်တော်လှန်ရေး ပြည်သူ့ရဲခေါင် ပြောက်ကျား’ ဆိုတဲ့ စာအုပ် စာမျက်နှာ ၁၃၅ ထဲမှာလဲ ရှိပါတယ်။ မယုံရင် ဘိုဘိုကျော်ငြိမ်း ဘာသာ ရှာဖတ်နိုင်ပါတယ်။ စာတွေကို အပိုဒ်လိုက် ချရေးပြနေရရင် မပြီးနိုင် မစီးနိုင် ဖြစ်နေမှာ စိုးလို့။

သခင်ဗဟိန်းဟာ ဖက်ဆစ်တော်လှန်ရေးမစခင် အစောကြီး (၁၉၄၄ သြဂုတ်) ကတည်းက၊ ပဲခူးစံပြတပ်ရင်းက ဗိုလ်ချုပ်ကျော်ဇောရဲ့ အိမ်မှာ ဗိုလ်ချုပ်အောင်ဆန်းရယ်၊ သခင်စိုး၊ သခင်သန်းထွန်းတို့ ၃ ဦးတည်းပဲ ဘယ်သူမှ မသိအောင် လျှို့ဝှက်တွေ့ဆုံကြပြီး နောက်ပိုင်းကတည်းက အဲဒီ ဖြူးဒေသထဲသွားပြီး ပြောက်ကျားစစ်အတွက် အစီအစဉ်ရှိရှိ တာဝန်ယူ ပြင်ဆင်နေခဲ့တာ ဖြစ်တယ်။ သွားလိုက် ပြန်လိုက်နဲ့ လျှို့ဝှက်စည်းရုံးရေးတွေလုပ်၊ သင်တန်းတွေပေး၊ ပြောက်ကျားစစ် နည်းသစ်တွေကို ရေးသားပြုစုပြင်ဆင်ပေးနဲ့ အခြေခံစခန်းဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ပျိုးထောင်တည်ဆောက်ထားခဲ့ပြီးသား ဖြစ်တယ်။ ပြောရရင် အစောကြီးကတည်းက သခင်ဗဟိန်းရဲ့ အခြေခံစခန်းဟာ ဖြူးနယ်ထဲမှာ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ တည်ဆောက်ထားခဲ့ပြီးသား ဖြစ်တယ်။

ဒါကို အဓိကအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုးတို့လောက်ပဲ လူအနည်းစုလောက်ပဲ သိထားကြတယ်။ တရုံး တဌာနတည်း အတူတူနေနေတဲ့ သခင်နု (ဦးနု) တောင် မသိသလို၊ ဦးကျော်ငြိမ်းလဲ မသိပါဘူး။ ဒါကြောင့်လဲ ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲခါနီးအချိန် နီးနေပြီဖြစ်တဲ့အခါမှာ ဖြူးမှာ ရောက်နေတဲ့ သခင်ဗဟိန်းကို ရန်ကုန်ကို တက်မလာစေတော့ဘဲ၊ ဖြူးနယ်ထဲမှာနေဖို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောင်းလဲပေးလိုက်တာ ဖြစ်တယ်။ ပြောင်းလဲလာတဲ့ အခြေအနေတွေအရ၊ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က အစီအစဉ်တွေကို ပြောင်းလဲသတ်မှတ်ပေးခဲ့တာ ဖြစ်တယ်။ ဒါ့ကြောင့် မသွားတာ ဖြစ်တယ်။

တကယ် ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲကြပြီ ဆိုတော့လဲ သခင်ဗဟိန်းဟာ ကိုယ်တိုင် ကာဘိုင်လွယ်ပြီး၊ လက်တွေ့ စစ်မြေပြင်မှာ လက်တွေ့တိုက်ပွဲဝင်ခဲ့သူမျိုး ဖြစ်တယ်။ ဦးကျော်ငြိမ်းနဲ့ ဘာမှမဆိုင်ဘူး၊ မတူဘူး။ ဖက်ဆစ်တော်လှန်ရေး အတွင်းမှာ သခင်ဗဟိန်း ခေါင်းဆောင်တဲ့ တောင်ငူခရိုင်အတွင်းက ရဲခေါင် ပြောက်ကျားတွေရဲ့ ရွပ်ရွပ်ချွံချွံ တိုက်ပြခဲ့ကြတဲ့ တိုက်စွမ်းအားဟာလဲ ဘယ်လောက်ကြီးမားခဲ့သလဲဆိုရင်၊ ကြိုက်တဲ့ စစ်တိုင်းတွေနဲ့ ယှဉ်ကြည့်လိုက် -ထိပ်တန်းက ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

သြဂုတ်လ ၁၄ ရက်နေ့အထိ တိုက်ပွဲစာရင်းချုပ်အရ - ရန်သူ ဖက်ဆစ်ဂျပန်ပေါင်း ၇၁၅၉ ယောက် ကျဆုံးစေခဲ့ပြီး၊ ရန်သူဒဏ်ရာရ ၂၇၇၃ ယောက်၊ သုံ့ပန်းအဖြစ်နဲ့က ၅၃၈ ယောက်တောင် ရှိခဲ့တယ်။ ဖက်ဆစ်ရန်သူ ၅၃၈ ယောက်အထိ သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့တယ်ဆိုတာဟာ အင်မတန်ကို ထူးခြားတဲ့ တိုက်စွမ်းရည်ပါပဲ။ တခြားလူမျိုးတွေနဲ့ စစ်တိုက်ရတဲ့အခါ သုံ့ပန်းအဖြစ် ရဖို့ လွယ်ပေမယ့် ဂျပန်ကို သုံ့ပန်းရဖို့ဆိုတာ မလွယ်ဘူး။ ဒီအချက်ကို မဟာမိတ်တွေ ကိုယ်တိုင်ကတောင် အသိအမှတ်ပြုကြတယ်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖေါ်ထုတ်ပြောဆိုခဲ့ရတယ်။ ဒီအချက်တွေဟာ သခင်တင်မြရဲ့ တိုင်းကြီး ၁ဝ တိုင်းစာအုပ် စာမျက်နှာ ၂၆၈ မှာလဲ ပါသလို၊ ‘ဖက်ဆစ်တော်လှန်ရေး ရဲခေါင်ပြောက်ကျား’ ဆိုတဲ့ စာအုပ် စာမျက်နှာ ၃၃၆ မှာလဲ ပါပါတယ်။

အဲဒီ တောင်ငူ ရဲခေါင်ပြောက်ကျားတွေကို ဦးစီးပြီး ခေါင်းဆောင်တိုက်ပွဲဝင်ခဲ့တာဟာ သခင်ဗဟိန်းနဲ့ သခင်သန်းဖေပါပဲ။ အဓိက နံပါတ်တစ် ခေါင်းဆောင်က သခင်ဗဟိန်းပါပဲ။ ဖက်ဆစ်တော်လှန်ရေးကာလအတွင်း ဦးကျော်ငြိမ်း ဘာလုပ်နေခဲ့သလဲ။ လက်တွေ့အားဖြင့် ဘာလုပ်နေခဲ့သလဲ။ တိုင်း ၆ ကိုလဲ မသွားဘဲ ဘာတွေ လုပ်နေခဲ့သလဲ။ ဖက်ဆစ်တော်လှန်ရေးအတွက် မတ်လ ၂၅ ရက်နေ့လို့ ပထမ ရက်ချိန်းသတ်မှတ်ခဲ့ကြတယ်။ နောက် ဧပြီ ၂ ရက်နေ့လို့ သတ်မှတ်တယ်။ အဲဒီလို သတ်မှတ်ချက်အရ၊ မတ်လ ၁၇ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းက ရွှေတိဂုံဘုရားအနီး (ယခု - တော်လှန်ရေးပန်းခြံ) မှာ တပ်မတော်စစ်ရေးပြ အခမ်းအနားလုပ်ပြီး ‘ရန်သူကို အနိုင်တိုက်ကြ’ ဆိုတဲ့ စစ်ထွက်မိန့်ခွန်းတိုတို ပြောပြီး စစ်ထွက်အခမ်းအနားကို လုပ်လိုက်တယ်။ မတ်လ ၁၈ ရက်နေ့မှာ သခင်သန်းထွန်းက စစ်တရားဟောဖို့ဆိုတာ အကြောင်းပြပြီး သူစီစဉ်ပြင်ဆင်ထားတဲ့ လျှို့ဝှက်စခန်းရှိရာ ဖြူး-တောင်ငူဘက်ကို ထွက်သွားတယ်။ မတ်လ ၂၃ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တော်လှန်ရေးအတွက် ရန်ကုန်ကနေ ပြည်-ရွှေတောင်ဘက်ကို ထွက်သွားတယ်။ ဦးဗဆွေကတော့ ရန်ကုန်တာဝန်ခံမို့ ရန်ကုန်မှာပဲ ရှိနေတယ်။ ဦးဗဆွေ အဖမ်းမခံရသေးပါ။

အဲဒီအချိန်မှာ ကိုယ်တာဝန်ကျရာ စစ်တိုင်းစစ်နယ်မြေဒေသတွေကို နည်းလမ်းမျိုးစုံနဲ့ အသီးသီး ထွက်သွားနေကြတာကိုလဲ ဦးကျော်ငြိမ်း သိနေပါလျက် - ဦးကျော်ငြိမ်းက တာဝန်ကျ တိုင်း ၆ ရှိရာ ပျဉ်းမနားကို မသွားဘဲ ရန်ကုန်မှာပဲ ဆက်ရှိနေတယ်။ ကိုယ်သွားရမှာကို မသွားဘဲ ဦးကျော်ငြိမ်း ဘာလုပ်နေတာလဲ။ ဦးကျော်ငြိမ်း အကြောင်းပြတာကတော့ - ‘ဒေါက်တာဗမော်နဲ့ သစ္စာရှိ ဟန်ဆောင်နေရမယ့် သခင်မြကို ဂျပန်က မယုံဘဲ သတ်မှာ များတယ်။ ဒါကြောင့် သခင်နု၊ ကိုလှမောင်နဲ့ သူ (ဦးကျော်ငြိမ်း) တို့ဟာ တောမခိုသင့်တော့လို့ စဉ်းစားပြီး၊ အားလုံး ညီညီညွတ်ညွတ်နဲ့ သခင်မြနဲ့အတူ ဂျပန်အလိုတော်ရိ ဟန်ဆောင်ပြီး နေသင့်တယ်ဆိုတာကို ဦးလှမောင်နဲ့ ဦးကျော်ငြိမ်းက သခင်နုကို ဆွေးနွေးပြီး ဦးနုကလဲ သဘောတူလိုက်တဲ့အတွက် နေလိုက်တာလို့ ဆိုပါတယ်။

အဲဒီအချက်အလက်တွေဟာ ဦးကျော်ငြိမ်းရဲ့ ‘မြေအောက် သူပုန်အဖွဲ့ဆိုင်ရာ မှတ်စု’ မှတ်တမ်းထဲမှာ ပါပါတယ်။ အဲဒီနေ့ဟာလဲ မတ်လ ၂၃ ရက်နေ့ပါပဲ။ အဲဒီရက်ပိုင်းတွေ အတောအတွင်းမှာပဲ ‘တပြည်လုံးအတွက် တော်လှန်ရေးရက်ကို ဧပြီ ၂ ရက်နေ့ အဖြစ်ကနေ မတ်လ ၂၇ ရက်နေ့လို့ ပြောင်းလဲသတ်မှတ်လိုက်တာကိုလဲ ဦးကျော်ငြိမ်း သိပါတယ်။ ဦးဗဆွေ ဂျပန်ကင်ပေတိုင်ရဲ့ အဖမ်းကို ခံရတာက၊ ဦးကျော်ငြိမ်းရဲ့ အဲဒီမှတ်တမ်းအရ မတ်လ ၂၉ ရက်နေ့မှ ဖြစ်တဲ့အတွက်၊ ဦးကျော်ငြိမ်း အဲဒီနေ့အထိ တိုင်း ၆ ကို မသွားဘဲ နေနေတာဟာ ဦးဗဆွေ လွတ်မြောက်ရေးအတွက် မဟုတ်ဘဲ၊ သခင်မြအတွက်ပဲ ဖြစ်နေတာ ထင်ရှားပါတယ်။

တကယ်က ဦးဗဆွေ လွတ်မြောက်ရေးအတွက် ရန်ကုန်မှာ နေနေတာ- ဆိုတဲ့ ဖေါ်ပြချက်ကိုက မှားယွင်းနေပါတယ်။ ဒေါက်တာမောင်မောင်တို့၊ သခင်တင်မြတို့ရဲ့ စာအုပ်ပါ အချက်အလက်ကိုက ဦးကျော်ငြိမ်းအတွက် ဖာဖာထေးထေး ဖေါ်ပြပေးထားရဘိသကဲ့သို့ ဖြစ်နေပါတယ်။ ဂျပန်ကင်ပေတိုင်က ဦးကျော်ငြိမ်းအိမ်ကို လာမေးလို့ ဦးကျော်ငြိမ်း နောက်ဖေးပေါက်ကနေ ထွက်ပြေးရပြီး သခင်မြအိမ် သွားပုန်းနေရတဲ့ နေ့ဟာ မတ်လ ၂၇ ရက်နေ့ ဖြစ်ပါတယ်။ ဗိုလ်ကျော်ဇောတို့ တိုင်း ၄ ရှိရာ ပဲခူးဘက်နဲ့ တပြည်လုံး နေရာတော်တော်များများမှာ ဖက်ဆစ်တော်လှန်ရေးကို မတ်လ ၂၇ ရက်နေ့မှာပဲ စတင်ဆင်နွဲနေကြပြီဖြစ်ပါတယ်။ အဲဒီတော့ ဦးကျော်ငြိမ်း ဘာလုပ်ပါသလဲ။

ဦးကျော်ငြိမ်း ကိုယ်တိုင်ရေး ‘မြေအောက် သူပုန်အဖွဲ့ဆိုင်ရာ မှတ်စု’ မှာ - ‘မတ်လ ၂၈ ရက် ကင်ပေတိုင်လာရာ ကိစ္စအတွက် သခင်မြကတဆင့် အဓိပတိထံ အကူအညီတောင်းသည်။ ဂျပန်ပြည်သို့ အတူအလည်သွားစဉ်က ခင်မင်ရင်းနှီးလာသော ဗိုလ်ချုပ်ကလေး အီချီဒါကိုလဲ တယ်လီဖုန်းဆက် အကူအညီတောင်းရာ၊ မကြာမီ မေဂျာဂျင်နရယ်က မစိုးရိမ်ပါနှင့်၊ သူအကာအကွယ်ပေးမည်ဟု အဓိပတိ၏ စကားပြန် ‘ဆိုင်တို’ ထံမှ စကားပြန်လာပါသည်။ မတ်လ ၂၉ ရက် ထိုနေ့နံနက် ကိုဗဆွေနှင့် ကိုတင်ညွန့်ကို ဂျပန်က ဖမ်းသွားသည်။ တော်လှန်ရေးလုပ်ရန် အချိန်ကျပြီ၊ တော်လှန်ရေးနေ့မှာ ဧပြီ ၂ ရက်နေ့မဟုတ်၊ မတ်လ ၂၇ ရက် ဖြစ်သည်။ ပဲခူးနှင့် တပြည်လုံးတွင် ၂၇ ရက်နေ့က ထချနေကြပြီ။ ပဲခူးသခင်ချစ်ထံမှ ဆက်သားလာသည်။ ခင်ဗျား ယနေ့ ပုန်းတော့မှ ဖြစ်မည်ဟု ကိုကျော်ညွန့်က ကိုဗဆွေကိုပြောပြီး အိမ်ပေါ်မှ ဆင်းလာပြီးချိန်၌ ကိုဗဆွေကို ဂျပန်က တက်ဖမ်းသည်ဟု နောင်မှ ကိုကျော်ညွန့် ပြောပြ၍ သိရသည်။’ - တဲ့။

ဦးဗဆွေ အဖမ်းခံရပြီးနောက် ဦးဗဆွေ လွတ်မြောက်ရေးအတွက် ဦးကျော်ငြိမ်း ဘာတွေများ ဆောင်ရွက်ခဲ့ပါသလဲ။ မတ်လ ၂၉ ရက်ကနေ - ဧပြီလ ၂၂ ရက်နေ့အထိ (ဂျပန်တွေ ရန်ကုန်က ဧပြီ ၂၃ ရက်နေ့မှာ ဆုတ်ခွါမှာ ဖြစ်တဲ့အတွက်- မဆုတ်ခွါခင် တရက်အလိုအထိအတွင်း) ဦးဗဆွေ လွတ်မြောက်ရေးအတွက် ဦးကျော်ငြိမ်း ဘာတွေများ ဆောင်ရွက်ခဲ့ပါသလဲ။ ဘာတခုမှ မတွေ့ရပါ။ ဒါဖြင့် ဦးကျော်ငြိမ်း ရန်ကုန်မှာ ဘာတွေလုပ်နေသလဲ။ ဦးကျော်ငြိမ်းရဲ့ ကိုယ်တိုင်ရေး မှတ်စုထဲက အတိုင်းပဲ ရေးထားချက်အတိုင်းပဲ ကြည့်ကြရအောင် ဂျပန်ကင်ပေတိုင်က လာရှာတဲ့ မတ်လ ၂၇ ရက်နေ့ကစပြီး ဟောဒီလို ရေးထားပါတယ်။

[ကျနော်သည် မတ်လ ၂၇ ရက်နေ့မှစ၍ မိမိအိမ်သို့ မပြန်တော့ဘဲ ဂိုးဒင်းဘီဘီလမ်း နိုင်ငံခြားရေးရုံး၌သာ နေတော့သည်။ ညအခါ စားပွဲပေါ်၌ အိပ်သည်။ အိမ်သားများကိုလည်း တိုးကြောင်ကြီးရွာသို့ ပို့ထားသည်။ ညအချိန်တွင် ရန်ကုန်တမြို့လုံးမှာ စစ်ကား ထရပ်ကားကြီးများစွာ ဥဒဟိုသွားလာနေသည်ကိုထောက်၍ မိတ္တီလာ စစ်မျက်နှာဘက်၌ အဘယ်မျှ စစ်အရေးကြီးနေသည်ကို သိသာသည်။ နိုင်ငံခြားရေးရုံးမှာရှိသော ရေဒီယိုမှာလည်း နိုင်ငံခြားသတင်းကို ခိုးနားထောင်ရာတွင် မကြားတချက်ကြားတချက် ဖြစ်နေသည်။ ညအချိန်၌ ရုံးရှေ့ ဖြတ်သွားနေသော ဂျပန်စစ်ကားကြီးများကို ကြည့်၍ ဘယ်ကားသည် ဂျပန်ကင်ပေတိုင် မောင်းလာပြီး ငါ့ကို ဖမ်းမည်နည်းဟု တထိတ်ထိတ်ဖြစ်နေရသည်။ စစ်ရှုံးခါနီးတွင် ဂျပန်စစ်တပ်က မရမ်းကားဘူးဟု မည်သူ ပြောနိုင်မည်နည်း။ ဂျပန်လက်တွင်း၌ အကျယ်ချုပ်မိနေသော ကျနော်တို့ ဖက်ဆစ်တော်လှန်ရေးသမားတို့က စိတ်သောကရောက်၍ ကြောက်နေကြသော်လည်း မြို့သူမြို့သားတို့က အသွားအလာပျက်ဟန် မတူကြချေ။ ထိုနှစ် ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ မဟာသင်္ကြန်ပွဲတွင် ရန်ကုန်မြို့သူမြို့သားများသည် မြန်မာအမျိုးသမီးများကို စော်ကားဖျက်ဆီးကြသည့် ဂျပန်များကို သရော်ကြသည်။

အမေနိုးပါ့မယ် မာစတာရဲ့၊ ယော်ရောရှိ ယောရောရှိ
ဘီးကျိုးပါ့မယ် မာစတာရဲ့၊ ယော်ရောရှိ ယောရောရှိ
ကြမ်းကျိုးပါ့မယ် မာစတာရဲ့၊ ယော်ရောရှိ ယောရောရှိ

မြို့သူမြို့သားပေါင်းများစွာတို့က ဤသံချပ်ကို ထိုးကြသဖြင့် ဂျပန်ကင်ပေတိုင်တို့လည်း ဘယ်သူ့ကို ဘာမျှ အရေးယူ၍ မရတော့ချေ။ ဘယ်သူ့လက်ချက်ဟု တရားခံဖေါ်၍ မရချေ။ ဤနည်းဖြင့် ရက်တွေကုန်ခဲ့ပြီးနောက် ၁၉၄၅ ဧပြီ ၂၂ ရက်နေ့တွင် နံနက် ၉ နာရီလောက်၊ ဂျပန်တပ်များ ရန်ကုန်မြို့မှ နောက်တနေ့တွင် ထွက်ခွါရတော့မည်။ ဝန်ကြီးအဖွဲ့ကလည်း ဂျပန်နှင့် မော်လမြိုင်သို့ လိုက်ရတော့မည့် ဝန်ကြီးအဖွဲ့ ချက်ချင်းစည်းဝေးတော့မည်ဟု သခင်နုထံမှ ကျနော် သိရသည်။ သူက နိုင်ငံခြားရေးဝန်ကြီး၊ ကျနော်က နိုင်ငံခြားရေးအတွင်းဝန် ဖြစ်သည်။ ထိုနေ့ နံနက်တွင် ကိုလှမောင် (သံအမတ်ကြီးဟောင်း) နှင့် ကျနော်တို့ စိတ်အပူကြဆုံးမှာ ကိုဗဆွေကိစ္စ ဖြစ်သည်။ ဝန်ကြီးအဖွဲ့ မော်လမြိုင် မပြောင်းမီ ဂျပန်ဖမ်းထားသော ကိုဗဆွေကို လွတ်အောင် မလုပ်နိုင်လျှင် ဂျပန်အသတ်ခံရမှာ သေချာသည်။ ကိုဗဆွေကို ဝန်ကြီးအဖွဲ့နှင့် ခေါ်သွားနိုင်ခွင့် ဂျပန်ကို တောင်းရမည်ဖြစ်သည်။ ထိုကိစ္စကို ခေါင်းဆောင်ရန် ကိုလှမောင်နှင့် ကျနော်တို့ သခင်မြကို ချဉ်းကပ်ရာ သခင်မြက ပျော့ညံ့ညံ့ဖြစ်နေသည်။ ဂျပန်ကို သူ မပြောရဲသလို ဖြစ်နေသည်။

ထို့ကြောင့် ကျနော်တို့နှစ်ယောက် သခင်နုထံ ပြေးကြရသည်။ သခင်နုက ဤကိစ္စမျိုးတွင် ရဲဘော်စိတ် အပြည့်ရှိသည်။ တက်ကြွမှုအပြည့်ဖြင့် ကျနော်တို့နှစ်ယောက်ကို ချက်ချင်း ဒေါက်တာဗမော်ထံ ခေါ်သွား၍ ကိုဗဆွေအတွက် ဂျပန်ကို ပြောပေးရန် ပူဆာသည်။ ဒေါက်တာဗမော် သဘောတူသည်။] - တဲ့။ ဦးကျော်ငြိမ်းရဲ့ မှတ်စုအရဆိုရင် - ၂၃ ရက်နေ့ ဂျပန်တွေ ရန်ကုန်က ဆုတ်ခွါအပြီး တရက်နှစ်ရက်လောက်အတွင်း ဦးဗဆွေ လွတ်လာခဲ့တဲ့အတွက် ဧပြီ ၂၄ ဝန်းကျင်ခန့်မှာ ဦးဗဆွေ လွတ်လာခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ အဲဒီတော့ ဦးဗဆွေ လွတ်မြောက်ရေးအတွက် ရန်ကုန်မှာ နေခဲ့ရတယ်ဆိုတဲ့ ဦးကျော်ငြိမ်းဟာ ဦးဗဆွေအတွက် ဘာတွေများ လုပ်ဆောင်ပေးနေခဲ့ရလို့ပါလဲ။ ဦးဗဆွေ အဖမ်းခံရတာက မတ်လ ၂၉ ရက်နေ့မှ၊ အဲဒီမတ်လ ၂၉ ရက်နေ့က ဧပြီ ၂၂ အကြား ဦးကျော်ငြိမ်း ဘာတွေလုပ်နေပါသလဲ။ တကယ်က ဖက်ဆစ်တော်လှန်ရေးအတွက် နောက်ဆုံးရက် သတ်မှတ်လိုက်တာက မတ်လ ၂၇ ရက်။ မတ်လ ၂၇ အကြား တာဝန်ကျ တိုင်း ၆ ကို သွားရမှာက ဦးကျော်ငြိမ်း။ မသွားဘဲ ပထမတော့ သခင်မြအတွက် ဂျပန်အလိုတော်ရိ ဟန်ဆောင်ပြီး နေခဲ့တယ်လို့ ဆိုတယ်။ ဦးဗဆွေ ၂၉ ရက်နေ့ အဖမ်းခံရပြီးတော့ နောက်ဆုံးမှာ ဦးဗဆွေ လွတ်မြောက်ရေးအတွက်လို့ ဖြစ်လာခဲ့ရတယ်။ အဲဒီမတ်လ ၂၉ နဲ့ ဧပြီလကြားမှာ ဦးဗဆွေ လွတ်မြောက်ရေးအတွက် မယ်မယ်ရရ ဘာမှလဲ လုပ်ခဲ့တာ မတွေ့ရဘဲ၊ ဂျပန်ဆုတ်ခါနီး တရက်အလိုမှ သခင်နုအကူအညီ- ဒေါက်တာဗမော်အကူအညီ ယူခဲ့တာဖြစ်ကြောင်း တွေ့နေရပါတယ်။ ဒီကြားထဲကပဲ သမိုင်းကြောင်းရေးသူ သခင်တင်မြ၊ ဒေါက်တာမောင်မောင်- စတဲ့ စတဲ့ ပုဂ္ဂိုလ်တွေက ဦးကျော်ငြိမ်းဟာ ဦးဗဆွေ လွတ်မြောက်ရေးအတွက် ရန်ကုန်မှာနေခဲ့ရတယ်၊ တိုင်း ၆ ကို မသွား၊ ရန်ကုန်မှာ ဦးဗဆွေနဲ့ တွဲဖက်တာဝန်ပေး - စသဖြင့် စသဖြင့် အတိုချုပ် ရေးသားဖေါ်ပြ မှတ်တမ်းတင်ပေးထားကြတာတွေဟာ အဖြစ်မှန်နဲ့ဆိုရင် တော်တော်လေးကို မြှင့်တင်ပေးထားဘိသကဲ့သို့တောင် ဖြစ်နေပါသေးတယ်။ ထားပါတော့။ ကျနော်က အဲဒီလို အချက်အလက်တွေအရ ဦးကျော်ငြိမ်းကို ဦးဗဆွေနဲ့တွဲပြီး ရန်ကုန်တာဝန်ခံများ ဖြစ်ကြတယ်လို့ ရေးခဲ့တာဟာ ဘာများ မှားပါသလဲ။ လုံးဝ လုံးဝကို မမှားပါ။

အဲဒီလိုတွေကြားထဲကပဲ ဘိုဘိုကျော်ငြိမ်းဟာ မကျေနိုင် မချမ်းနိုင် ကပ်သပ်ပြောနေတာဟာ ဘာရည်ရွယ်ချက်ပါလဲ။ ခရစ်တီကယ် တွေးခေါ်မှု ရှိခဲ့ရင်ပေါ့ - ဆိုပြီး၊ ဦးကျော်ငြိမ်း - တိုင်း ၆ မသွားတာကို၊ သခင်ဗဟိန်း - တိုင်း ၁ မသွားတာနဲ့ပါ ယှဉ်ထိုးပြီး ညီမျှခြင်းချ ပြသလို လုပ်လာတာကတော့ ကမ်းကုန်အောင် မသိသားဆိုးဝါးမှုပါပဲ။ ဦးပုညရဲ့ အဆိုမျိုးနဲ့ ပြောရရင် - ‘မိုးကြိုးနဲ့ အီးသံလို ခရီးမှန် ကွာလွန်းလှလေး - ’ လို့ပဲ ပြောရတော့မှာပါ။

ဒုတိယတချက်ဖြစ်တဲ့ ဖက်ဆစ်တော်လှန်ရေးတုန်းက စစ်တိုင်းနိုင်ငံရေးမှူးတွေဟာ ကွန်မြူနစ်တွေချည်း ဖြစ်ကြတယ်-ဆိုတဲ့ အတိုချုပ် ရေးသားချက်အပေါ် မကျေနိုင် မနပ်နို ဖြစ်နေရတာကလဲ အနှစ်သာရအားဖြင့်တော့ - သူ့အဖေ ဦးကျော်ငြိမ်းအတွက် အသေအလဲ ကာကွယ်နေတဲ့သဘောပဲ ဖြစ်ပါတယ်။ ဦးကျော်ငြိမ်းက ပြည်သူ့အရေးတော်ပုံပါတီက ဖြစ်နေတော့ တန်းတူထပ်မျှ လုပ်ချင်နေတဲ့ သဘောပါပဲ။ ဘိုဘိုကျော်ငြိမ်းက - ‘ထိုကြောင့် အချက်အလက်အမှန်က ပြည်သူ့အရေးတော်ပုံပါတီက ဦးကျော်ငြိမ်းသည် တိုင်း ၆ နိုင်ငံရေးတာဝန်ခံ၊ ပြည်သူ့အရေးတော်ပုံပါတီက သခင်ချစ်က တိုင်း ၄ နိုင်ငံရေးတာဝန်ခံ၊ ပြည်သူ့အရေးတော်ပုံပါတီက ဦးဗဆွေကြီးက ရန်ကုန် နိုင်ငံရေးတာဝန်ခံ၊ ထို့ကြောင့် ဝင်းတင့်ထွန်းရေးတဲ့ တိုင်းနိုင်ငံရေးမှူးများမှာ ကွန်မြူနစ်ပါတီမှချည်း ဖြစ်ကြသည်ဆိုသည့်အချက် မမှန်၊ အဓိပ္ပာယ်မရှိပါ။’ လို့ တွင်တွင်အော်နေရှာခြင်း ဖြစ်ပါတယ်။ ‘ပြည်သူ့အရေးတော်ပုံပါတီ’ ပြည်သူ့အရေးတော်ပုံပါတီလို့ တွင်တွင်အော်နေတဲ့အပေါ် ကျနော်က ထပ်ပြီး ပြောလိုက်ပါဦးမယ်။ ပြည်သူ့အရေးတော်ပုံပါတီက ဦးကျော်ငြိမ်းက ဖက်ဆစ်တော်လှန်ရေးမှာ ဘယ်မှမသွား၊ ဦးဗဆွေက မတ်လ ၂၉ ကတည်းက ဂျပန်အဖမ်းခံထားလိုက်ရတာကြောင့် ဂျပန် ရန်ကုန်က ဆုတ်သွားမှသာ ပြန်လွတ်လာ၊ တပြည်လုံး အကြီးအကျယ် ချနေကြစဉ်တလျှောက် မပါနိုင်။ ဒါကြောင့် သခင်ချစ်တယောက်ပဲပါ။ သခင်ချစ်တယောက်တောင် ‘ပြည်သူ့အရေးတော်ပုံပါတီ’ က ဆိုတာ ဆိုင်းဘုတ်သဘောမျှသာပါ။

အနှစ်သာရကျကျ ပြောရလျှင် - ကွန်မြူနစ် ဖြစ်နေခဲ့ပြီလို့တောင် ဆိုနိုင်၊ ဒါကြောင့် တကယ်တိုက်နေကြတဲ့ တကယ့် ဖက်ဆစ်တော်လှန်ရေးကြီးအတွင်းမှာ စစ်တိုင်းနိုင်ငံရေးမှူးတွေဟာ ကွန်မြူနစ်ပါတီကချည်းလို့ အတိုချုပ်ချုပ်ပြီး ရေးလိုက်တာဟာ အမှားလို့  မဆိုနိုင်။ တကယ်လို့ နောင်မှာ ကျနော်ကိုယ်တိုင်က သည့်ထက်သည် ရှင်းရှင်းလင်းလင်း ရှိအောင် ဖြည့်စွက်ချင်တယ်ဆိုပါက ‘ကွန်မြူနစ်ပါတီကချည်းလိုလို ဖြစ်တယ်’ ဆိုပြီး ‘လိုလို’ နှစ်လုံးတည်းပဲ ထည့်ပြီး ပြင်နိုင်ပါတယ်။ ကျနော့်ရဲ့ စာအုပ်မှာ ‘ရည်စူး ပန်ကြား အမှာစကား’ မှာ နောင်မှာ ပိုမိုပြည့်စုံအောင် ဖြည့်ဆည်းသွားပါ့မယ်-လို့ ကြိုတင်ဖေါ်ပြထားပြီး ဖြစ်ပါတယ်။

တကယ်က ပြည်သူ့အရေးတော်ပုံပါတီ-ဆိုကာက အခုချိန်အထိ ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။ ဒါကြောင့် - သခင်မြနဲ့ အရင်းနှီးဆုံး ရဲဘော်လဲဖြစ်၊ အာဇာနည်နေ့တိုင်း - သခင်မြအတွက် အထိမ်းအမှတ်အဖြစ် နိုင်ငံရေးသမား ဟောင်းကြီးတွေကို ဖိတ်ကြားပြီး နှစ်စဉ်နှစ်တိုင်း သူ့အိမ်မှာ ဆွမ်းကျွေးလုပ်လေ့ရှိတဲ့ သခင်ခင်အောင် (သာယာဝတီ) ကိုယ်တိုင်က သခင်မြရဲ့ ရာပြည့်အထိမ်းအမှတ်အဖြစ် ၁၉၉၇ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ ကျင်းပပွဲမှာ ‘ပြည်သူ့အရေးတော်ပုံပါတီကို သခင်မြက ဖွဲ့ခဲ့တာလား’ ဆိုတဲ့ တစုံတဦးရဲ့ အမေးကို ‘အဲဒီကိစ္စက ရှုပ်ထွေးနေတယ်၊ ဘာမှ အတိအကျပြောလို့ မရဘူး၊ ဂျပန်ခေတ်တုန်းက ဘယ်သူမှ ဘာမှ ထင်ထင်ရှားရှား ပြောခွင့် လုပ်ခွင့် ရတာမဟုတ်ဘူးဗျ’ လို့ ဖြေခဲ့ရဖူးတာ ရှိပါတယ်။ ၁၉၉၇၊ ဒီဇင်ဘာ၊ မိုးဂျာနယ် - တက္ကသိုလ်စိန်တင်ရဲ့ အာဇာနည် ခေါင်းဆောင်ကြီး သခင်မြ နှစ်တရာပြည့် ဆောင်းပါးမှာ ပါပါတယ်။

အဲဒီ သခင်ခင်အောင်ဟာ ဦးကျော်ငြိမ်းရဲ့ မြေအောက်သူပုန်အဖွဲ့ဆိုင်ရာ မှတ်စုထဲမှာ ပါတဲ့ - သခင်ခင်အောင်ပါပဲ။ မတ်လ ၂ဝ ရက်နေ့ခန့်မှာ သခင်မြအိမ်မှာနေတဲ့၊ သခင်မြရဲ့ အတွင်းဝန်ကလေးဖြစ်တဲ့ သခင်ခင်အောင်ဟာ သူ့အဖေ ကာလဝမ်းရောဂါဆန်ဆန် ဖြစ်နေလို့ သာယာဝတီကို ချက်ချင်းသွားရမယ်ဆိုပြီး၊ သခင်သန်းထွန်းရဲ့ လျှို့ဝှက်တာဝန်ပေးထားချက်အရ၊ သာယာဝတီဘက်ကို လေထီးဆင်းကြမယ့် သူတွေအတွက် အစီအစဉ်လုပ်ဖို့ သခင်မြဘေးကနေ သခင်မြကို ထားခဲ့ပြီး တော်လှန်ရေးတာဝန် ထမ်းဆောင်ဖို့ ပြေးသွားခဲ့တဲ့ သူဟာ ဒီသခင်ခင်အောင်ပါပဲ။ သခင်ခင်အောင်ဟာ ခေတ်တိုင်းခေတ်တိုင်း အဖမ်းမခံ ထောင်မကျခဲ့ရဖူးတာ မရှိခဲ့ပါဘူး။ ကိုကိုးကျွန်းလဲ အပို့ခံခဲ့ရဖူးပြီး၊ နဝတ-နအဖ ခေတ်မှာလဲ ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့မှာ တဦးအပါအဝင် ဖြစ်ခဲ့ရင်း အသက် ၉ဝ ကျော်မှ ဆုံးသွားခဲ့သူ ဖြစ်ပါတယ်။ နဝတ ဗိုလ်ခင်ညွန့်က ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ထံ သခင်ဗသိန်းတင်ရဲ့ ပေးစာကို ပို့ခဲ့သူလို့လဲ အပြောခံခဲ့ရသူ ဖြစ်ပါတယ်။ သခင်မြခေါင်းဆောင်တဲ့ မြေအောက် လက်နက်ကိုင်အဖွဲ့ ခရိုင်အဖွဲ့ခွဲ ၂ဝ မှာ သာယာဝတီခရိုင်ရဲ့ နံပါတ်တစ်ခေါင်းဆောင် တာဝန်ယူခဲ့သူလဲ ဖြစ်ပါတယ်။

ဆိုလိုတာက မြေအောက်အဖွဲ့မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ သခင်ခင်အောင်ကတောင် ပြည်သူ့အရေးတော်ပုံပါတီ ပေါ်ပေါက်လာမှုဟာ ရှုပ်ထွေးမှုတွေ ရှိနေတယ်လို့ ပြောခဲ့ရပါတယ်။ ကွန်မြူနစ်ပါတီဘက်က ပြောမယ်ဆိုရင် - လျှို့ဝှက်ရပ်တည်နေရတဲ့ ကွန်မြူနစ်ပါတီနဲ့ တရားဝင် ရပ်တည်နေတဲ့ တို့ဗမာအစည်းအရုံးကြားမှာ တော်လှန်တက်ကြွတဲ့ သူတွေကို စုစည်းဖို့ ‘ပြည်သူ့အရေးတော်ပုံပါတီ’ ကို ဖွဲ့လိုက်တာပဲ။ ဒါကြောင့် -ကွန်မြူနစ်ပါတီမှာလဲ အထွေထွေအတွင်းရေးမှူး၊ တို့ဗမာအစည်းအရုံးမှာလဲ အထွေထွေအတွင်းရေးမှူးလုပ်နေတဲ့ သခင်အောင်ဆန်းဟာ အရေးတော်ပုံပါတီမှာလဲ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူလိုက်တာ ဖြစ်သလို၊ သခင်ဗဟိန်းတို့ အာအီးတီ ဦးကျော်ငြိမ်းတို့လို ကွန်မြူနစ်တွေလဲ စတင်ဖွဲ့စည်းစဉ်က ပါနေတာဖြစ်တယ်။ အင်္ဂလိပ်ကိုလိုနီခေတ်က အိန္ဒိယရော၊ ဗမာပြည်မှာပါ ကွန်မြူနစ်ပါတီကို ကိုယ့်ဟာကိုယ် တရားဝင် ထောင်လို့မရဘူး။ အဲဒီခေတ်က ဂရိတ်ဗြိတိန် ကွန်မြူနစ်ပါတီ (CPB) ပါတီက ကမကထပြုဖွဲ့မှ တတိယကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ စည်းမျဉ်းအရ ကွန်မြူနစ်ပါတီ ဖြစ်နိုင်တယ်။ အဲဒီတော့ CPB က တရားမဝင်ပါတီ။ ဗမာပြည်မှာ တရားဝင်ပါတီက တို့ဗမာအစည်းအရုံး၊ CPB နဲ့ တို့ဗမာအစည်းအရုံးကြားမှာ တက်ကြွတဲ့သူတွေကို စုစည်းဖို့ အရေးတော်ပုံပါတီကို ဖွဲ့လိုက်တဲ့အခါမှာ ကွန်မြူနစ်တွေရော၊ ကွန်မြူနစ်မဟုတ်သူတွေပါ ပါလာတယ်။ မာ့က်စ်ဝါဒသမားရော၊ မာ့က်စ်ဝါဒ ဆန့်ကျင်သူတွေပါ ပါလာတယ်။ ဆရာချစ်က မာ့က်စ်ဝါဒယုံကြည်သူအဖြစ် ပါလာတယ်။ ဦးကျော်ငြိမ်းက မာ့က်စ်ဝါဒ ဆန့်ကျင်သူအဖြစ်နဲ့ ပါလာတယ်။ အရေးတော်ပုံပါတီကတော့ အရေးတော်ပုံပါတီပဲ။

၁၉၄၄ အောက်တိုဘာ လဆန်းထဲမှာ သခင်ချစ်အပါ - ပြည်သူ့အရေးတော်ပုံ ခေါင်းဆောင်တချို့ဟာ ဒေးဒရဲနယ်မှာ ခိုနေတဲ့ ကွန်မြူနစ်သခင်စိုးဆီ သွားတွေ့ကြပြီး၊ ၁၉၄၄ ခု အောက်တိုဘာ ၃ ရက်နေ့ နေ့စွဲနဲ့ ‘တော်လှန်ရေးတပ်ဦး’ ဆိုတာ ဖွဲ့စည်းလိုက်ကြတဲ့အခါ၊ ပြည်သူ့အရေးတော်ပုံပါတီဆိုတဲ့ နာမည်ကိုတောင် ဖျက်လိုက်ပြီး တပါတီတည်းအဖြစ်၊ ‘ကွန်မြူနစ်ပါတီ (ဗမာပြည်)’ ဆိုတဲ့ နာမည်ကို ခံယူလိုက်ကြကြောင်း ကျေညာချက်တောင် ထုတ်ခဲ့ကြဖူးပါတယ်။ အဲဒီအခေါက်မှာ ခေါင်းဆောင်သွားခဲ့သူဟာ ဆရာချစ် (သခင်ချစ်) ပါပဲ။ အဲဒီလို တပါတီတည်းလုပ်ရေးကို သဘောတူခဲ့ကြတာအပေါ် ဦးကျော်ငြိမ်းတောင် တအံ့တသြ ဖြစ်သွားခဲ့ရတယ်လို့ ဆိုတယ်။ ဦးကျော်ငြိမ်းရဲ့ မှတ်စုထဲမှာ - စာမျက်နှာ ၁၄ မှာ - ‘ကျနော်တို့သည် သခင်ချစ်၊ ဗိုလ်မောင်၊ ဗိုလ်အောင်ကြီးတို့အုပ်စုက မိမိတို့အဖွဲ့ကြီး (ပြည်သူ့အရေးတော်ပုံအဖွဲ့) ကို ဖျက်သိမ်းသည်အထိ သဘောတူခဲ့သည်ကို အံ့သြမိသည်။’ လို့တောင် ရေးထားပါတယ်။

နောက်ပိုင်းမှ သခင်စိုးရဲ့ မိုက်လုံးကြီးမှုနဲ့ ဒီဇင်ဘာမှာ ဒီသဘောတူညီချက်ကိုလဲ ဖျက်သိမ်းပစ်ခဲ့တာဟာ ကိစ္စတခုဖြစ်ပါတယ်။ သခင်ချစ်ဟာ မာ့က်စ်ဝါဒီလဲဖြစ်တာကြောင့်၊ အဲဒီကာလကတည်းက ဆိုင်းဘုတ်ကသာ ပြည်သူ့အရေးတော်ပုံနဲ့ ဆက်ကျန်နေပြီး သူ့အသွေးအသားက ကွန်မြူနစ်ဖြစ်နေပြီလို့ ကျနော့်အနေနဲ့ ယူဆတယ်။ ဒါကြောင့်လဲ ကွန်မြူနစ်ပါတီ ဆိုင်းဘုတ် တရားဝင် ထွက်ပေါ်လာတာနဲ့ ကွန်မြူနစ်ပါတီဘက်ကို လုံးဝ ရောက်ရှိလာခဲ့တာ ဖြစ်တယ်။ စာဖတ်သူများ စဉ်းစားကြည့်နိုင်ကြဖို့ ဖြစ်ပါတယ်။

ဘိုဘိုကျော်ငြိမ်းက ကျားကုတ်ကျားခဲပြောနေတဲ့ နောက်ဆုံးတချက်က သခင်ဗဟိန်းနဲ့ သခင်တင်မြ ကိစ္စပါ။ ဘိုဘိုကျော်ငြိမ်းက - ‘သခင်တင်မြ ပြဿနာကို ကြည့်ရင်လဲ ကျနော့်အယူအဆကတော့ တယောက်ယောက်က ဝင်းတင့်ထွန်းလို အစောကြီး ပြောင်းရေးလိုက်တယ်လို့ သံသယရှိတယ်’ တဲ့။ ကြည့်စမ်း ဘယ့်လောက် အောက်တန်းကျလိုက်တဲ့ စွပ်စွဲချက်ပါလဲ။ ဘိုဘိုကျော်ငြိမ်းရဲ့ စွပ်စွဲချက်နဲ့ တန်အောင်သာ တုံ့ပြန်ရမယ်ဆိုရင်တော့၊ အဲဒီလို အောက်တန်းကျကျ လုပ်တတ်တာ ဘိုဘိုကျော်ငြိမ်းအဖေ ဦးကျော်ငြိမ်းပဲ ရှိလိမ့်မယ်-လို့။ သူ့များဒိုင်ယာရီကို သူများ ရေချိုးသွားနေတုန်း ခိုးဖတ်တာ၊ ဗိုလ်နေဝင်းကို ကာကွယ်ရေးဝန်ကြီးပေးဖို့ ဦးနုကို မျက်ရည်ထွက်ပြီး ငိုပြတာ၊ ဗိုလ်ဇေယျနဲ့ ဗိုလ်နေဝင်းကြား တို့မီးရှို့မီးလုပ်ပြီး ‘အောင်ပြီ အောင်ပြီ’ လို့ အော်ပြီး ဝမ်းသာအူမြူးဖြစ်ခဲ့တာ - ဦးနုရဲ့ တာတေစနေသားကိုပဲ ပြန်ဖတ်ကြည့်ကြပါ။

ဘိုဘိုကျော်ငြိမ်းက သူ့အတ္တနောမတိနဲ့ မကိုက်တော့ - ကျနော် ကိုးကားရှင်းလင်းပြခဲ့တဲ့ တို့ဗမာအစည်းအရုံး သမိုင်းစာအုပ်ကြီးထဲက အချက်အလက်တွေကိုတောင် ကရောကမယ်ဖြစ်အောင် လုပ်ချင်တယ်။ သခင်ကြီးတွေ ရာနဲ့ချီ ရေးသားပြုစုထားတဲ့ စာအုပ်ကြီးကိုတောင် စာမျက်နှာ ၅၇၇ နောက်ပိုင်းကစပြီး - ‘စာစီစာကုံးဆန်ဆန် ရေးသားခြင်းသာ ဖြစ်တယ်’ တို့ ‘ရဲရဲဝံ့ဝံ့ ရေးသားထားတဲ့ လေသံမရှိ’ တို့ ဆိုပြီး လုပ်တော့တာပါပဲ။ ပြီးတော့ ကျနော် ရေးတာကိုတောင် သေချာဖတ်ဟန်မတူပါ။ ‘ဖတပလဖွဲ့တော့ သခင်သိန်းဖေက အိန္ဒိယမှာပါ။ သခင်ကြီးတွေကော ဒီအစည်းအဝေးမှာ ရှိလို့လား’ တဲ့။ လက်ရှိ ဝါရင့်နိုင်ငံရေးသမားကြီးများ အဖွဲ့က သခင်သိန်းဖေတို့လဲ ပါတယ်ဆိုတာ၊ မေးကြည့်ချင် မေးကြည့်နိုင်ဖို့ ပြောတာကို၊ ထိုးနှက်ချင်ဇောအားနဲ့ ဘာကိုမှ ခွဲခွဲခြားခြား မသိနိုင်တော့သလိုပါပဲ။ ဦးမြဟန်ရဲ့ သမိုင်းအဘိဓာန်စာအုပ်ကိုပါ ပူးတွဲဖေါ်ပြပေးလိုက်ပြန်တော့လဲ ‘ဦးမြဟန်ရဲ့ သုတေသနပြုမှု မည်မျှ သေချာတိကျတယ်ကို ကျနော်မသိပါ’ လို့ လုပ်ချလိုက်ပြန်တယ်။ စာတွေကို တော်တော်ကို ဖတ်သယောင်ယောင် ပြောပြီး အဲဒီအချက်အလက်တွေကိုတောင် မသိဘူး ဖြစ်နေတာက ဘိုဘိုကျော်ငြိမ်းပါ။ သခင်ကြီးတွေ ယူထားတာက ‘သခင်တင်မြ’ မပါခင်၊ အရင်ဆုံး ပထမဆုံးကျတဲ့ ‘ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်’ ဖွဲ့စည်းတည်ထောင်လိုက်တဲ့ အစည်းအဝေးပါ စာရင်းပါ။ ဒါကြောင့် သခင်ကြီးတွေက ပထမဆုံးလို့ ပြောတာပါ။ ၁၉၄၄ ခုနှစ် သြဂုတ် ၂၃ ရက်နေ့၊ ဗိုလ်ချုပ်အိမ် အစည်းအဝေးက ဖွဲ့စည်းတည်ထောင်လိုက်တဲ့ စာရင်းပါ။ သခင်တင်မြရဲ့ တိုင်းကြီး ၁ဝ တိုင်းပါ စာရင်းက တော်တော်နောက်ကျပါတယ်။ ၁၉၄၅ မတ်လ ၁ ရက်ကနေ ၃ ရက်နေ့အထိ ကျင်းပတဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ‘ဦးစီးအဖွဲ့’ စာရင်းပါ။ နေရာကတော့ ဦးထွန်းမြတ်လမ်းဒေါင့်က ဗိုလ်ချုပ်အိမ်မှာပါပဲ။ ပထမဆုံးဟာ ၂၃-၈-၁၉၄၄ အစည်းအဝေးစာရင်း ဖြစ်တဲ့အတွက် သခင်ကြီးတွေကလဲ အဲဒါကိုပဲ အဓိက ပထမဆုံးအဖြစ် ယူခဲ့တာဖြစ်သလို၊ သူ့စာအုပ်ကို ၅ နှစ်ကြာ သုတေသနပြုပြီးမှ ရေးသားထားတဲ့ ဦးမြဟန်ကလဲ အဲဒီအတိုင်း ယူခဲ့တာ ဖြစ်ပါတယ်။ ဝင်းတင့်ထွန်းကလဲ အဲဒီအတိုင်း ယူခဲ့တာ ဖြစ်ပါတယ်။ ဘိုဘိုကျော်ငြိမ်း - ထိကပါး ရိကပါးပြုပြီး စွပ်စွဲနေသလို၊ မသိသားဆိုးဝါး မိုက်မဲလွန်းလှစွာ တဖက်သတ် စွပ်စွဲပြောဆိုနေသလို မဟုတ်ကြောင်း ရှင်းလောက်ပြီလို့ ထင်ပါတယ်။ အကိုးအကားအဖြစ် ကြည့်ချင်သေးတယ်ဆိုရင်တော့၊ ၂ဝဝ၄ စာပေဗိမာန်ကထုတ်တဲ့ ‘ဖိုးအောင်လေး’ ရဲ့ “မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ရက်စဉ်သမိုင်း” ဆိုတဲ့ စာအုပ်ထဲမှာ ရှာကြည့်လိုက်ပါ။

ကျမ်းကိုးဆိုတာ ဘယ်လို၊ သုတေသနဆိုတာ ဘယ်လို - ဆိုပြီး ကိုယ့်ဆန္ဒနဲ့ကိုယ် ကိုယ့်အတ္တနောမတိနဲ့ကိုယ် -ပြောချင်ရာတွေ ပြောနေတာကိုလဲ စာတွေ ရှည်နေပြီဖြစ်တဲ့အတွက် စာဖတ်သူတွေကို အားနာလှပြီဖြစ်တဲ့အတွက် အသေးစိတ် မတုံ့ပြန်လိုတော့ပါဘူး။ သမိုင်းတွေ ရေးတဲ့အခါမှာ အကယ်ဒမစ်ဆန်ဆန် ရေးမယ်ဆိုရင်ဖြင့် အောက်ခြေမှတ်စု (Foot note) ၊ ကျမ်းဆုံးမှတ်စု (End note) ၊ နံဘေးမှတ်စု (Marginal note) တွေ ပါကို ပါရပါမယ်။ ကျမ်းတွေ - သမိုင်းတွေမှမဟုတ်၊ လိုအပ်တဲ့ စာတမ်းတွေ ဆောင်းပါးတွေမှာ အဲဒီလို မှတ်စုတွေပါ သုံးနိုင်ရင်တော့ ကောင်းတယ်ဆိုတာ ငြင်းစရာမလိုပါ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အခက်အခဲမျိုးစုံကြောင့် -အဲဒီလို ကိုးကားမှတ်စု (Note) တွေကို မထည့်နိုင်ဘဲ အဆုံးကျမှ ကျမ်းကိုးစာရင်း၊ ရည်ညွှန်းကိုးကားစာရင်းတွေပဲ ထည့်သွင်းပြုစု ထုတ်ဝေနေရတာတွေလဲ - ဗမာပြည်မှာ အများကြီး ရှိပါတယ်။ ဆရာဗန်းမော်တင်အောင်ရဲ့ ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်းတို့၊ ဦးမြဟန်ရဲ့ ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်တို့ဟာ နောက်ဆုံးမှ ကျမ်းကိုးစာရင်း ထည့်ပြီး ထုတ်ဝေခဲ့ရတာတွေပါ။ ဘိုဘိုကျော်ငြိမ်း ရမ်းရမ်းကားကား ပြောသလို ဘာအဓိပ္ပာယ်မှ မရှိဆိုတာ မဟုတ်ပါဘူး။

အဲဒီတော့ အခုနောက်ဆုံး ပြောပါတော့မယ်။ ဘိုဘိုကျော်ငြိမ်းနဲ့ ပတ်သက်ပြီး၊ ‘အရေးထား တုံ့ပြန်မနေပါနဲ့ဗျာ’ ‘သူက အခုလိုပြောနိုင်ဖို့တမင် စင်ရှာနေတာမှာ၊ သူ့ရည်ရွယ်ချက် အထမြောက်အောင်၊ တန်းထားပြီး တုံ့ပြန်မနေပါနဲ့’ လို့ အသီးသီး ပြောကြဆိုကြ စေတနာနဲ့ သတိပေးကြတာတွေလဲ ရှိပါတယ်။ ထိုင်း၊ ဂျပန်၊ အမေရိကန် - စတဲ့ စတဲ့ ပြည်ပတွေကနေ ပြောကြတာလဲ ရှိသလို၊ အနီးအနားကနေ ပြောကြတာတွေလဲ ရှိပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကို ကျနော် ကတိပေးလိုက်ပြီးသား ဖြစ်သလို ကျနော်ကလဲ ဘိုဘိုကျော်ငြိမ်းရဲ့ ပကတိရုပ်ပုံမှန်ကို အတိုင်းသား မြင်နေရပြီးသား ဖြစ်တာကြောင့်တကြောင်း၊ ကျနော်ကိုယ်တိုင် ပထမတုံ့ပြန်ချက်တုန်းကတည်းက ပြောထားပြီးသား - ကနေ့လို ကာလကြီးမှာ ‘အဓိက ပျောက်’ ‘ဘုံရန်သူ ပျောက်’ ဖြစ်စေပြီး ‘ပလုံစီ အမြှုပ်ထရမယ့် ကိစ္စတွေကို တကယ်ကို မလုပ်ချင်တာကြောင့်ပါ၊ ကျနော်ဟာ ဘိုဘိုကျော်ငြိမ်းကို တန်းထားတုံ့ပြန်ဖို့ သဘောထား မရှိတော့ပါ။ အခု နောက်ဆုံး တုံ့ပြန်ချက်အဖြစ် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

စာရှုသူများကိုလဲ တော်တော်ကို အားနာမိပါတယ်။ ဒါဟာ ဘိုဘိုကျော်ငြိမ်းနဲ့ အပြန်အလှန် နောက်ဆုံး တုံ့ပြန်ချက်ပါပဲ။ အဲဒီတော့ - ဘိုဘိုကျော်ငြိမ်းကို နောက်ဆုံးပြောချင်တာက ဒါလောက် တတ်တယ် သိတယ် နားလည်တယ် လုပ်နေမယ့်အစား၊ စာတအုပ် ပေတအုပ်ဖြစ်အောင် အရင်ဆုံး ရေးသားထုတ်ဝေကြည့်ပါဦး။ ပထမဆုံးအနေနဲ့ ဘိုဘိုကျော်ငြိမ်းရဲ့ အဖေ ဦးကျော်ငြိမ်းရဲ့ ‘ကိုယ်ရေးမှတ်တမ်း’ တို့ ‘၁၉၃၆ - ၁၉၄၅ မြေအောက် သူပုန်အဖွဲ့ဆိုင်ရာ မှတ်စု’ တို့ကိုပဲ စာအုပ်အဖြစ်၊ လူတွေကြား ကျယ်ကျယ်ပြန့်ပြန့် ချထား ထုတ်ဝေလိုက်ပါလို့လဲ ပြောချင်ပါတယ်။ ဘိုဘိုကျော်ငြိမ်းက ပြောထားတယ် - ‘ဦးကျော်ငြိမ်းကို (မုန်း) လို့ ရပါတယ်။ (မုန်း) ခွင့် ရှိပါတယ်။ သို့သော် ဦးကျော်ငြိမ်းကို (မုန်း)တာနဲ့ ရာဇဝင်ထဲက ဆွဲနှုတ်ဖို့ မလုပ်ကောင်းပါ’ ဆိုတာကိုလဲ နောက်ဆုံး ပြောလိုက်ချင်ပါတယ်။ စိတ်ချ - စိတ်ချ - ဘိုဘိုကျော်ငြိမ်း။ ဦးကျော်ငြိမ်းကို ရာဇဝင်ထဲက ဆွဲမနှုတ်ပါ။ ရာဇဝင်ထဲကို ထားခဲ့မှာပါ။ သမိုင်းဧည့်ခန်းဆောင်ထဲမှာ ဖြစ်မလား၊ သမိုင်းပြတိုက်ထဲမှာ ဖြစ်မလား၊ သမိုင်းအမှိုက်ခြင်းတောင်းထဲမှာ ဖြစ်မလား -ဆိုတာကတော့၊ ပြည်သူလူထုကြီးကပဲ ရွေးချယ်သတ်မှတ်ပေးကြမှာပါ။ သမိုင်းကြောင်းကို အမှန်အတိုင်း သိမြင်ကြမယ့် နောင်မျိုးဆက်သစ် လူငယ်တွေကပဲ ကောင်းကောင်းကြီး နေရာရွေးချယ် သတ်မှတ်ပေးကြမှာပါ။

ဒါ - နောက်ဆုံး တုံ့ပြန်ချက်ပါပဲ။

1 comment:

Maung Too said...

ဖတ်ရလို့ အထူး ကျေးဇူးတင်ပါတယ်။