Monday, January 3, 2011

မလေးရှားတွင် ကျင်းပသည့် ၂၂၆ နှစ်မြောက် ရခိုင် အချုပ်အခြာ အာဏာကျဆုံးနေ့ အခမ်းအနား တိုင်းရင်းသားများပါ တက်ရောက်

ထွန်းထွန်း

၂၂၆ နှစ်မြောက် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့ အောက်မေ့ ဖွယ် အခမ်းအနား ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Chiness Assembly Hall တွင် ဒီဇင်္ဘာလ ၃၁ ရက်နေ့က ကျင်းပရာ ရခိုင်အမျိုးသားများသာမက မြန်မာတိုင်းရင်းသားများပါ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းရင်းသားများမှာ မွန်၊ ကရင်၊ ချင်း၊ ကချင်နှင့် ရှမ်းတိုင်းရင်းသား များဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံမှ တိုင်းရင်းသားများ ၂၂၆ နှစ်မြောက် ရခိုင် အချုပ်အချာအာဏာကျဆုံးနေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် အပေါ် ဦးဆောင်ကျင်းပရာတွင် ပါဝင်သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ- မလေးရှား) အတွင်းရေးမှူး ကိုမျိုးခိုင်က ယခုကဲ့သို့ ပြောသည်။

" အခုလို တိုင်းရင်းသားတွေ စုံစုံညီညီနဲ့ ရခိုင်အချုပ်အချာအာဏာကျဆုံးနေ့ အခမ်းအနားကို တက်ရောက်လာကြတာဟာ အထူးကောင်းမွန်တဲ့ လက္ခဏာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ အနေနဲ့လည်း ရခိုင်အမျိုးသားတွေ သမိုင်းနဲ့ အတိတ်က ဖြစ်ရပ်တွေကို နားလည် သဘောပေါက်နိုင် သလို ရခိုင်အမျိုးသားတွေရဲ့ အရေးကို ထပ်တူ မျှဝေခံစားနိုင်ခဲ့ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်

အခမ်းအနားကို ရခိုင် မင်္ဂလာစည်တော်များ တီးခတ်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဖေါ်ထုတ်ခွင့် မရရှိခဲ့သော ယဉ်ကျေးမူ အနုပညာရပ်များကို ဖေါ်ထုတ်တင်ပြခဲ့ကြသည်ဟု သိရသည်။

" ကျွန်တော်တို့က ကိုယ့်ပြည်နယ်မှာ ရိုးရာ ယဉ်ကျေးမူကိုတောင်မှ ဖေါ်ထုတ်ခွင့်မရတဲ့ အတွက် ဒီလို အချုပ်အချာအာဏာကျဆုံးတဲ့နေ့တွေဆိုရင် ပိုပီးတောင် လုပ်လို့ မရပါဘူး။ ဒါကြောင့် ခုလို အခမ်းအနားတွေကို မလေးရှားမှာ ဖေါ်ထုတ်ခွင့်ရတဲ့ အတွက် မသိသေးတဲ့ ရခိုင်အမျိုးသားတွေက ကိုယ့်သမိုင်း၊ ကိုယ့်လူမျိုးတွေရဲ့ ဘ၀ကို သိရှိနားလည်ခွင့်ရသွားတယ်။ တချိန်တခါက ရခိုင်ဆိုတာ ခုလို ကြီးကျယ်ခန်းနားခဲ့တယ်ဆိုတာကို သိခွင့်ရသွားတဲ့ အတွက် ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်ကို ပိုပြီး ချစ်မြတ်နိုးစိတ်တွေ ပေါ်ပေါက်စေနိုင်ပါတယ်။ ဒါဟာ ခုလို အခမ်းအနားတွေကို ကျင်းပရတဲ့ အတွက် ရရှိခဲ့တဲ့ အကျိုးအမြတ်တွေ ဖြစ်ပါတယ်။" ဟု သူက ပြောသည်။

ယခုနှစ်မလေးရှားတွင် ကျင်းပသော ၂၂၆ နှစ်မြောက်ရခိုင်ပြည် အချုပ်အချာအာဏာ ကျဆုံးနေ့ကို မလေးရှားတွင်ရှိနေသော ရခိုင်အဖွဲ့အစည်းများက စုပေါင်း လုပ်ဆောင်နိုင်ခဲ့သဖြင့် အမျိုးသားညီညွတ်ရေး၏ ပထမ ခြေလှမ်းအဖြစ် ရှု့မြင်ကြောင်းသူက ပြောသည်။

" အခု အခမ်းအနားကို မလေးရှားမှာ ရောက်ရှိနေတဲ့ ရခိုင်နိုင်ငံရေး ပါတီ အဖွဲ့အစည်းတွေက စုပေါင်း လုပ်ဆောင်နိုင်ခဲ့ကြတဲ့ အတွက် ညီညွတ်ရေး အရ ကြည့်မယ်ဆိုရင် အထူးကောင်းမွန်တဲ့ လက္ခဏာ ဖြစ်ပါတယ်။ ခုလို နိုင်ငံရေး ပါတီတွေက တစုတလုံးတည်း လုပ်နိုင်ခဲ့တဲ့ အတွက် မလေးရှားမှာ ရောက်ရှိနေတဲ့ ရခိုင်အမျိုးသားတွေက ပိုမို အားတက်ခဲ့ကြပါတယ်။ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ပြည်သူဆိုတာက အမြဲတန်း ဆက်စပ်နေတဲ့ အတွက် ခုလို ညီညွတ်မူကြောင့် ပိုပြီးတော့ ပြည်သူတွေရဲ့ ထောက်ခံမူကို ရရှိလာနိုင်ပါတယ်" ဟု သူက ပြောသည်။

မလေးရှားတွင် ကျင်းပသော ၂၂၆ နှစ်မြောက် ရခိုင်ပြည် အချုပ်အချာ အာဏာ ကျဆုံးနေ့ကို ALP( မလေးရှားဌာနခွဲ)၊ ALD(မလေးရှား)၊ ARRC (ANC's လက်အောက်ခံ မလေးရှား)၊ ARRC (ပူချုန်း မလေးရှား)၊ AARC (ရခိုင်းက္ခသည်များ မဟာမိတ်ရုံး ပူဒူး မလေးရှား)နှင့် RPLC တို့မှ ပူးပေါင်း ကျင်းပခဲ့သည်။

အခမ်းအနားသို့ လူပေါင်း ၂၅၀ ကျော် တက်ရောက်ခဲ့ပြီး နေ့လည် ၁ နာရီမှ ညနေ ၄ နာရီခွဲထိ ကျင်းပခဲ့ကြောင်း သိရသည်။

No comments: