Thursday, January 6, 2011

လော်ဘီတို့ တော်ပြီဗျို့

မမခင်

များမကြာမီ သတင်းပတ်တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ ငါးမင်းဆွေဆိုလား-ဖားမင်းဆွေဆိုလား။ ပေါကြောင်ကြာင်လူတယောက်က စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ရမ်းရမ်းကားကားလာ ရောက်ပြောဆိုသွားတယ်လို့ သိရတယ်။ သူဟာ အမေရိကန်လူပေါ ယက်ထောပြီးရင် ဒေါ်အောင်ဆန်းစုကြည်ကိုလာပြီး အကြောင်းမဲ့လာနှောက်ယှက်တဲ့ ဒုတိယမြောက် လူပေါတယောက်လို့ ပြောရမယ်ထင်ပါတယ်။ နာမည်က ငါးမင်းဆွေဆိုပေမဲ့ စစ်အစိုးရကို ဖားတဲ့ ဖားဆောင်းပါးတွေ ရေးနေသူမို့ ပြည်သူလူထုကတော့ သူ့ကို ဖားမင်းဆွေလို့ ခေါ်ကြတယ်။ ငါးမင်းဆွေ-ဖားမင်းဆွေဆိုပြီး နာမည်က နှစ်မျိုးရနေတော့ ဖားတပိုင်း ငါးတပိုင်းမင်းဆွေလို့ ခေါ်ရင်ပိုပြီး အဆင်ပြေမယ် ထင်တယ်။

သူက အမေရိကန်တို့ အီးယူတို့က စစ်အစိုးရအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တာကို ဒေါ်အောင်ဆန်းစုကြည်ကဘဲ လုပ်နေသလိုလို။ ဒီကိစ္စကို မလုပ်ဘို့ လာရောက်ပြောဆိုခဲ့တာပါ။ သူမှ မဟုတ်ပါဘူးလေ။ စစ်အစိုးရ လက်ပါးစေတော်တော်များများက ဒီလိုဘဲ စွပ်စွဲပြောဆိုနေကြတာပါ။ ပြီးတော့ ပြည်သူတွေ စီးပွားရေးကြပ်တည်းနေတာတွေဟာ စီးပွားရေးပိတ်ဆို့မှုကြောင့်လို့လဲ ပြောကြပြန်တယ်။ ဒါဟာ တော်တော် အဓိပ္ပါယ်မဲ့တဲ့ ပြောဆိုမှုပါ။ တကယ်တော့ မြန်မာပြည်သူတွေ စီးပွားရေးအရ လိုတာထက်ပိုပြီး ရုန်းကန်နေရတာဟာ အခုမှ မဟုတ်ပါဘူး။ စစ်တပ်က အာဏာစယူခဲ့တဲ့ ၁၉၆၂ ခုနှစ် ကတဲကပါ။ အဲဒီအချိန်ကတဲက ဆိုရှယ်လစ်စီးပွားရေးစနစ်နဲ့ အကြီးစားလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်း။ အလယ်အလတ်နဲ့ အသေးစားလုပ်ငန်းတွေလည်း တားဖြစ်ချုပ်ကိုင်ခံခဲ့ကြရနဲ့။ တိုင်းပြည်ထဲမှာ ဆန်ရှား၊ ဆီရှား၊ ဆားရှား၊ ဆေးရှား ဘာမဆိုအကုန်ရှား ဖြစ်ကုန်ခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။ ကုန်ပစ္စည်းမှန်သမျှ မှောင်ခိုခေတ်။ အဲဒီခေတ်က အမျိုးသမီးကြီးတယောက် မန္တလေးမြို့ကနေ ဇာတိအညာမြို့ကလေးတမြို့ကိုအပြန် မိဘဆွေမျိုးတွေကို ကန်တော့ဘို့၊ လက်ဆောင်ပေးဘို့ ကျားဝတ်ပုဆိုး ငါးထည်သယ်လာတာ လမ်းမှာ ဆိုရှယ်လစ်စီးပွားရေးပုဒ်မနဲ့ အရေးယူအဖမ်းခံ အချုပ်ကျခဲ့ဘူးပါတယ်။ စာရေးဆရာနိုင်ဝင်းဆွေရဲ့ (မသိန်းရှင်ဆီပို့ပေးပါ) ဆိုတဲ့ နာမည်ကြီး ဘ၀သရုပ်ဖေါ်ဝတ္ထုထဲက ညှိညှိရဲ့ ထန်းလျက်မှောင်ခိုသည်ဘ၀ဟာ စိတ်ကူးယဉ် မဟုတ်ပါဘူး။ လက်တွေ့ မြန်မာပြည်သူတွေ ကြုံတွေ့ခဲ့ရတဲ့ ခက်ခဲပင်ပန်းမှုတွေပါဘဲ။ ကွယ်လွန်သူ စစ်အာဏာရှင်ကြီး ဦးနေ၀င်းရဲ့ မရေမရာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အောက်မှာ ပြည်သူတွေရင်ဆိုင်ခံစားခဲ့ရတာ ဆရာနိုင်ဝင်းဆွေ ၀တ္ထုထဲကထက်ဆိုးတဲ့ ဘ၀တွေတောင်ရှိခဲ့သေးတယ်ဆိုတာ ဆိုရှယ်လစ် စီးပွားရေးစနစ်ခေတ်ကို မှီလိုက်သူတိုင်း သိကြပါတယ်။

အဲဒီအချိန်က ဘာစီးပွားရေးပိတ်ဆို့မှုမှ မရှိခဲ့ပါဘူး။ စစ်ဗိုလ်တွေ အာဏာယူပြီး တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးတွေကို အမှန်တကယ် နားမလည်ဘဲ လေဖမ်းဝရမ်းချီ -သူများဆိုရှယ်လစ်ဆိုလို့ ဆိုရှယ်လစ်ပြီး တောင်လုပ်မြောက်လုပ် အရူးအီးအီးပမ်းလုပ်ခဲ့ကြတဲ့ဒဏ် ပြည်သူလူထုခံခဲ့ကြရတာပါ။

ဒီလိုအခြေအနေဆိုးကြီးနဲ့ ၂၆ နှစ် ဖြတ်သန်းလာခဲ့ရတဲ့ ပြည်သူလူထုက ၁၉၈၈ ခုနှစ်မှာတော့ တပြည်လုံးအတိုင်းအတာနဲ့ အုံကြွတော်လှန်ခဲ့ကြတယ်။ ဒါကြောင့် စစ်တပ်အစိုးရတွေဟာ ၁၉၈၈ ခုနောက်ပိုင်းနှစ်တွေမှာ ဈေးကွက်စီးပွားရေးစနစ်ကို စတင်လုပ်ဆောင်ပေးခဲ့ရတယ်။ ဒါပေမဲ့လည်း စစ်အစိုးရတွေလုပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ဆိုတာ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့နဲ့ အလွှမ်းသင့်စီးပွားရေးသမားတွေသာ လက်ဝါးကြီးအုပ်စနစ်မို့ ပြည်သူလူထုကတော့ သူတို့ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေရှိလာလို့ မဆလခေတ်လောက် ကုန်ပစ္စည်းမရှားတာ တခုကလွဲရင် တခြားတခြား ဘ၀ပြဿနာတွေကတော့ ပိုမိုကောင်းမွန်လာတာမရှိဘဲ တိုးပြီးရင်ဆိုင်နေရဆဲပါ။

တကယ်တော့ မြန်မာပြည်လို သယံဇာတပေါကြွယ်ဝပြီး လူဦးရေလည်း သိပ်ကြီးမများလှတဲ့ တိုင်းပြည်တခုမှာ စားဘို့၊ ၀တ်ဘို့၊ နေဘို့ ဆိုတာလောက်ကတော့ ဘယ်သူဘဲ အစိုးရလုပ်လုပ် အထိုက်အလျောက်တော့ နေနိုင်၊ စားနိုင်၊ ၀တ်နိုင်ကြတာချည်းပါဘဲ။ မြန်မာပြည်မှာ နေထိုင်နေသူအားလုံး အစိုးရဖိနှိပ်မှု တစုံတရာသာ မရှိဘူးဆိုရင် နေရေးလည်း အထိုက်အလျောက်တော့ ရနိုင်တယ်။ စားရေးလည်း အထိုက်အလျောက်တော့ ရနိုင်တယ်။ ၀တ်ရေးလည်း အထိုက်အလျောက် ရနိုင်ကြပါတယ်။ မြန်မာပြည်ကပြည်သူတွေဟာ လူတဦးခြင်း မိသားစုတခုခြင်း ရင်ဆိုင်ဖြေရှင်းရမဲ့ ပြဿနာလောက်ကို ဖြေရှင်းနိုင်ကြပါတယ်။ အိမ်တအိမ်မှာ အိမ်ထောင်ဦးစီးတယောက် အလုပ်အကိုင်ကောင်းကောင်းတခုရှိရင်တောင် မြန်မာပြည်အနေအထားက အထိုက်အလျောက်နေလို့ရတဲ့ ကာလတွေရှိခဲ့ဘူးပါတယ်။
စစ်အစိုးရလက်အောက်မှာ ပြည်သူလူထု ရင်ဆိုင်ခံစားနေရတာက စစ်အစိုးရရဲ့ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေ၊ လောဘဇောတိုက်မှုတွေကြောင့် ဖြစ်ပေါ်နေတဲ့ (ဘ၀ မလုံခြုံမှု ပြဿနာ)လို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်။

ဘယ်တိုင်းပြည်က ပြည်သူဘဲဖြစ်ဖြစ် ပြည်သူပြည်သားတွေရဲ့ ဘ၀လုံခြုံဘို့
(၁) လူတဦးခြင်း (သို့) မိသားစုတခုခြင်းက ကြိုးစားရုန်းကန်ဖြေရှင်း ဆောင်ရွက်ရတဲ့ အပိုင်း
(၂) အုပ်ချုပ်သူအစိုးရက ပြည်သူလူထုအတွက် ဦးဆောင်ကြိုးစားဖြေရှင်းပေးရတဲ့ အပိုင်း ဆိုပြီး နှစ်ပိုင်းရှိပါတယ်။
မြန်မာပြည်သူတွေဟာ နံပတ်တစ် လူတဦးခြင်း၊ မိသားစုတခုခြင်း ဖြေရှင်းဆောင်ရွက်ရမဲ့ အပိုင်းတွေကို အရင်ကရော အခုရော လုပ်ကိုင်နိုင်စွမ်းရှိပါတယ်။ ကိုယ့်အိမ်၊ ကိုယ့်ခြံ ကိုယ့်ဝန်းကို သူခိုးသူဝှက်မ၀င်အောင် လုံခြုံအောင် ကာရံဘို့၊ ခြံခတ်ဘို့၊ သံဆူးကြိုးကာဘို့၊ သံပန်းတပ်ဆင်ဘို့ကို ကိုယ်အတိုင်းအတာနဲ့ကိုယ် လုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ တတိုင်းတပြည်လုံး တရားဥပဒေစိုးမိုးဘို့ဆိုတာကိုတော့ အစိုးရက ဦးဆောင်ဦးရွက်ပြု တာဝန်ယူမှသာ ရနိုင်မှာ ဖြစ်ပါတယ်။ အိမ်တအိမ်မှာ၊ မိသားစုတခုမှာ အချိန်အတိုင်းအတာတခုနဲ့ လျှပ်စစ်မီးရရှိနိုင်ဘို့ သင့်တော်တဲ့ မီးစက်၊ အင်ဗာတာ၊ အသေးစားဘက်ထရီမီးချောင်း၊ မီးတိုင်ဆိုတာမျိုးရရှိဘို့ လူတိုင်းအိမ်တိုင်း မိသားစုတိုင်း လုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံး ၂၄ နာရီ မီးလင်းဘို့ ဆိုတာကတော့ အစိုးရကလုပ်မှသာ ရနိုင်ပါမယ်။ တိုင်းသူပြည်သားတယောက် နှာစေးချောင်းဆိုးဖြစ်တာ တုတ်ကွေးဖြစ်မျိုး အသေးစား ကျန်းမာရေးပြဿနာမျိုးကို လူတဦးခြင်း မိသားစုတခုခြင်းက ဖြေရှင်းလို့ ရပေမဲ့ကင်ဆာလို အေအိုင်ဒီအက်(စ်)လို၊ ဒါမှမဟုတ် ခွဲစိတ်ကုသရမဲ့ ရောဂါမျိုး အကြီးစားကျန်းမာရေးပြဿနာများအတွက်တော့ အုပ်ချုပ်သူအစိုးရတရပ်ရဲ့ ကောင်းမွန်တဲ့ ကျန်းမာရေး အစီအစဉ်တွေရှိမှသာ အဆင်ပြေနိုင်မှာပါ။

မိသားစုတခုက ကလေးတယောက် စာရေးတတ်ဖတ်တတ်ဘို့ လောကဓါတ်စာသင်ကျောင်းကို ပို့ရင်ပို့။ မပို့နိုင်ရင်တောင် ဘုန်းတော်ကြီး ပညာသင်ကျောင်းကိုပို့ပြီး စာတတ်အောင်လုပ်လို့ရပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံတကာအဆင့် ပညာရေးစနစ် ကောင်းမွန်ဘို့ကတော့ အစိုးရရဲ့တာဝန်ပါ။

စစ်အစိုးရဟာ အစိုးရဆိုတဲ့ အုပ်ချုပ်သူတို့ ထမ်းဆောင်အပ်တဲ့ အထက်ကပြောခဲ့တဲ့ကိစ္စမျိုးတွေကို တာဝန်ခံ လုပ်ကိုင်ဘို့ ပျက်ကွက်ခဲ့ပါတယ်။ ဒီတာဝန်တွေကို မလုပ်နိုင်တာလား၊ မလုပ်ချင်တာလား၊ လုပ်နိုင်လောက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး မပြည့်မီတာလားဆိုရင်တော့ အချက်သုံးချက်လုံးဘဲ ဖြစ်နိုင်ပါတယ်။ ပြည်သူလူထု လက်တွေ့ဘ၀မှာ ကြုံတွေ့ခံစာနေရတာက နိုင်ငံတနိုင်ငံမှာ လျှပ်စစ်မီး (၂၄) နာရီလင်းအောင် အစိုးရက လုပ်သင့်တယ်။ မလုပ်တော့ လူဦးချင်း မိသားစုတခုခြင်းက ကိုယ့်မိသားစုကလေး မီးလင်းနိုင်ဘို့ မီးစက်ဝယ်ဘို့ ရုန်းကန်ရတယ်။ အင်ဗာတာလို မီးအားမြှင့်စက်လို ပစ္စည်းတွေဝယ်ဘို့ အနိမ့်ဆုံးအဆင့် တရုတ်မီးတိုင်ကလေးဝယ်ဘို့ ကြံစည်ရတယ်။ မိမိရဲ့မိသားစု အဆင့်အတန်းအလိုက် သိန်းနဲ့ချီတဲ့ ငွေကို အပိုသုံးရှာဖွေနေကြရတယ်။ ဆင်းရဲသားမိသားစုတွေ ကျေးလက်တွေမှာ ဘက်ထရီမီးကလေးထွန်းနိုင်ဘို့ စားသောက်ရေးထဲကဖဲ့ပြီး ကုန်ကျရတယ်။

ကျန်းမာရေးဘက်မှာ ဆိုရင်ကော။ သာမာန်အားဖြင့် တပြည်လုံးအတိုင်းအတာနဲ့ ကလေးမီးဖွားဘို့၊ အရေးပေါ်ခွဲစိတ်ကုသဘို့၊ အေအိုင်ဒီအက်စ်လို ကပ်ရောဂါဘေးတွေအတွက် အစိုးရရဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးအစီအစဉ်တွေ ပျက်ယွင်းနေတဲ့အခါ မိသားစုတခုမှာ ကြီးကြီးမားမား ကျန်းမာရေးပြဿနာမျိုး ကြုံလိုက်တာနဲ့ တသက်လုံး စုဆောင်းလာသမျှ ငွေကို ထုတ်ပြီး သုံးစွဲရတော့တယ်။ မိသားစုတခုမှာ လူတယောက် မကျန်းမာပြီဆိုရင် ကျန်မိသားစုဝင်တွေက တသက်လုံး စုဆောင်းလာတဲ့ ရွှေပြောင် ငွေပြောင်နဲ့ လူမွဲစာရင်းဝင်သွားတယ်။ နောက်ထပ် မိသားစုဝင်တယောက် မကျန်းမာရင် ကုသစရာ ငွေမရှိတော့တဲ့အထိ ဖြစ်နေကြရတယ်။

နောက်တခု ပညာရေး ဘယ်ကစပြီး ဘယ်လိုပျက်စီးအောင်လုပ်ပြစ်မှန်းမသိတဲ့ ပညာရေးစနစ်အောက်မှာ ပြည်သူလူထုဟာ မိမိတို့ရဲ့သားသမီးကလေးတွေ ပညာတတ်ဘို့ ကျူရှင်စရိတ် ဂိုက်ငှားစရိတ်တွေအတွက် လုံးပမ်းနေကြရတယ်။ ပြည်တွင်းတက္ကသိုလ်တွေက အသက်မွေးဝမ်းကြောင်းပညာတတ်မြောက်ဘို့ သင်နည်းအထောက်အကူပစ္စည်းတွေ မပြည့်စုံဘူး။ မတတ်ဘူး။ ဒီတော့ ကိုယ့်သားသမီးသူများနည်းတူ လူတလုံး သူတလုံးဖြစ်ဘို့ နိုင်ငံရပ်ခြားသွားပြီး ပညာသင်ဘို့ အားထုတ်ကြရတယ်။ ဒီလိုနဲ့ ပြည်သူတွေမှာ မပင်ပန်းသင့်ဘဲ ပင်ပန်းနေကြရတာ လက်တွေ့ပါဘဲ။

ပြီးတော့ စစ်အစိုးရဟာ သူကိုယ်တိုင်က ပြည်သူ့လိုအပ်ချက်တွေကို ရောင်းသူ ကုန်သည်လုပ်နေတယ်။ ကုန်သည်မှ မတရားအမြတ်ကြီးစား ကုန်သည်။ ကုန်ပစ္စည်းတွေကို ရှားပါးအောင် လုပ်ထားတယ်။ ပြီးတော့ သစ္စာခံမှုအပေါ် မူတည်ပြီး ပါမစ်ချစနစ်နဲ့ မတရားရောင်းကုန် ဖြစ်စေတယ်။ ဂျပန်နိုင်ငံ ကားသချိုင်းတွေက ကားအစုတ် တသိန်းတန်ကို မြန်မာပြည်မှာ ပါမစ်ဈေးသိန်းရာကျော်ဖြစ်ပြီး လူထုကို ပြန်ရောင်းစားတယ်။ မြန်မာပြည်မှာ သိန်း ၃၀၀-၄၀၀ လောက်ဖြစ်နေတဲ့ ဂျပန်ကားတွေဟာ ဂျပန်မှာ ကုမ္ပဏီထုတ်အသစ်စက်စက်မှ ဒေါ်လာ ၃၀၀၀-၄၀၀၀ ၀န်းကျင်ဘဲ ရှိတယ်။ မြန်မာပြည်မှာသာ ဖက်စပ်ထုတ်ရင် ဒေါ်လာ ၂၅၀၀-၃၀၀၀ လောက်နဲ့ ထုတ်လုပ်နိုင်လောက်တယ်။ ဒီလိုသာ ထုတ်လုပ်နိုင်ရင် ကားအသစ်တစီးမှ သိန်း ၃၀ ၀န်းကျင်ဘဲကျမယ်။ ကားတစီးတန်ဘိုးက မူလတန်ဘိုးထက် ဆယ်ဆလောက်မြှင့်နေတာ စစ်ဗိုလ်တွေ မတရားလုပ်စားနေတာ မဟုတ်ဘူးလား။

မြန်မာပြည်မှာ ဖက်စပ်လာလုပ်တဲ့ ဂျပန်စူဇူကီးကုမ္ပဏီရဲ့ အစီရင်ခံစာတခုမှာ သူတို့ကုမ္ပဏီအနေနဲ့ နှစ်စဉ်ကားစီးရေတိုးပြီး ထုတ်လုပ်ချင်တယ်။ ဒီအကြောင်းကို မြန်မာစစ်အာဏာပိုင်တွေကို ဘယ်လိုပင်တင်ပြသော်လဲ အဘယ်အကြောင်းကြောင့် တိုးပြီးထုတ်လုပ်ခွင့် မပြုသည်ကို စဉ်းစား၍ မရနိုင်အောင်ဖြစ်ရသည်လို့ ဖတ်ခဲ့ရဘူးပါတယ်။ အဲဒါ ဘာမှမဟုတ်ပါ။ ဂျပန်ကုမ္ပဏီက ကားတွေထုတ်ပြီး ထုတ်လုပ်မှုစရိတ် +အမြတ် တန်ဘိုးလောက်နဲ့သာ ပြည်သူတွေကို ရောင်းချလိုက်ရင် သူတို့ ပါမစ်နဲ့လုပ်စား၊ ရိုက်စား ဈေးကွက်ပျက်မှာစိုးလို့ပါဘဲ။

ပြီးတော့ လူထုအတွက် လိုအပ်တဲ့ဆက်သွယ်ရေးကိရိယာ တယ်လီဖုံးတမျိုးနဲ့တင် လူထုအပေါ်က ခေါင်းပုံဖြတ်စားသွားတာ ငွေတွေ မနဲပါ။ ထောင်ဂဏန်း သောင်းဂဏန်းလောက်နဲ့ ပေါပေါများများချပေးရင် ရနိုင်ပါလျက် ရှားကုန်လုပ်။ သစ္စာခံမှုနဲ့ ပါမစ်ထုတ် ရောင်းစားတာကို ပြည်သူတွေက လက်ကိုင်ဖုံးတလုံးကို တန်ဘိုး (၄၅ သိန်း) လောက်အထိ ပေးပြီး ၀ယ်သုံးခဲ့ကြရတယ်။ အခုထိ ၅ သိန်းတန်ဖုံး ၆ သိန်းတန်ဖုံးစသဖြင့် တိုင်းသူပြည်သားတွေကို နင်တို့ ဘယ်လောက်ပေးနိုင်သေးသလဲ။ ပေးနိုင်သလောက်ပေးပြီး ၀ယ်လိုက်ကြဦး။ ရှိတဲ့ငွေလေး ထုတ်၊ တယ်လီဖုံးတွေ ၀ယ်သုံးကြဦးနဲ့ လုပ်စားနေတာ။ နောင်ကျရင် တသောင်းတန်ဖုံးအထိ လာမယ်။ တောရောမြို့ပါမကျန် မိသားစုတိုင်းဆီက ရှိသမျှငွေတွေ ခြစ်ချုပ်ယူသွားတယ်လို့ဘဲ ပြောရမှာပါဘဲ။ ဈေးကွက် စီးပွားရေးက စစ်အသိုင်းအ၀န်း ဈေးကွက်ဖြစ်နေတာလေ။

နောက်တခုက အခွန်အကောက်။ နေရာအနှံ့မှာ ကြီးလေးတဲ့ အခွန်အကောက်တွေနဲ့ ပြည်သူတွေမှာ ၀န်ပိနေတယ်။ အခွန်အကောက်သက်သာခွင့် ရသင့်တဲ့ ပြင်ပပညာရေး ကျန်းမာရေးလုပ်ငန်းခွင်တွေနဲ့ အသေးစားလုပ်ငန်းရှင်တွေအပေါ်မှာတော့ အခွန်တွေ တိုးကောက်တယ်။ တိုင်းသူပြည်သား လူငယ်ကလေးတွေ မင်္ဂလာဦးဇနီးမောင်နှံရဲ့ မင်္ဂလာပွဲ ကြွေးမွေးဧည့်ခံစရိတ် ၅ သိန်းကျရင် အခွန်က ၅ သောင်း ဆောင်ပေးရပေမဲ့ တရားမ၀င်လုပ်ငန်း ဘောလုံးဒိုင်တွေ၊ ချဲဒိုင်တွေ၊ နှစ်လုံးဒိုင်တွေဆီက သိန်းကုဋေနဲ့ ချီတဲ့ နေ့စဉ်လည်ပတ်ငွေတွေကတော့ တရားဝင်အခွန်အဖြစ်က ကင်းလွတ်နေပြီး တရားမ၀င်ဆက်ကြေးတွေအဖြစ် အာဏာပိုင်စစ်ဗိုလ်ကတော်တွေရဲ့ ချိတ်ထမီဘိုးနဲ့ စိန်ဘိုးဖြစ်သွားတယ်။

နောက်ပြီးတော့ တိုင်းပြည်ရဲ့သယံဇာတတွေ ရောင်းချထားတဲ့ ငွေတွေကို အလကား အရေမရအဖတ်မရ ကြပ်ပြေးမှာ မလိုအပ်သေးတဲ့ အဆောက်အဦးတွေဆောက်၊ မြို့သစ်တည်၊ မြေအောက်လှိုဏ်ဂူတွေကို ဒေါ်လာဘီလျံနဲ့ချီ အကုန်ခံတူးလားတူးရဲ့။ အနုမြူဗုံးလုပ်ဘို့ ကြံလိုကြံ၊ ဘာတွေလဲ မသိဘူး။ လုပ်သမျှ လူထုအတွက် လုံးဝမပါ။ မရောင်ဆီလူး အလုပ်တွေနဲ့ တိုင်းပြည်ငွေတွေ ကုန်ခမ်းနေတာလေ။
အခုဆိုရင် တိုင်းပြည်ရဲ့ ၀င်ငွေ ထွက်ငွေ ဘဏ္ဍာရေးစာရင်းရှင်းတမ်း မကြေငြာတာ ဘယ်လောက်ကြပြီလဲ။ Accountability and transparency ပျက်နေတာ ဘယ်မျှကြာပြီလဲ။ တိုင်းပြည်ဝင်ငွေ ဘယ်က ဘယ်လောက်ဝင်ပြီး ဘယ်မှာ ဘယ်လောက်သုံးသလဲ။ ဘယ်လိုသုံးခဲ့သလဲ ဘဂျက်ရှင်းတမ်း မကြေငြာတာ နှစ်ဘယ်လောက်ကြာနေပြီလဲ။

အမှန်စင်စစ် တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေတွေက စစ်တပ်ကဗိုလ်တွေ တိုင်းရင်းသားဒေသတွေမှာ ရွာတွေဝင်တော့ ရွာသားတွေက စစ်တပ်လာပြီဆိုတာနဲ့ ထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာထဲကို စစ်တပ်ရောက်တော့ ရိက္ခာမပါတဲ့စစ်တပ်ဟာ ရွာသူရွာသားတွေရဲ့ စပါးကျည်ထဲက စပါးဆွဲ၊ ပြောင်းဆွဲ၊ လူးဆွဲ၊ ကြက်တွေ့တော့ ကြက်ဆွဲ သတ်စား၊ ၀က်တွေ့တော့ ၀က်ဆွဲ သတ်စား၊ နွားတွေ့တေ့ နွားဆွဲ သတ်စားရာကနေ ရာထူးတက်ပြီး အာဏာဖင်ထိုင်ခုံတွေနဲ့ မြို့ပြရောက်လာတော့ ကားဆွဲ၊ တိုက်ဆွဲ၊ ခြံဆွဲ တိုင်းပြည်ဘဏ္ဍာလည်း ကိုင်ခွင့်ရရော။ ပြည်သူ့ဘဏ္ဍာ သူတို့ဘဏ္ဍာ ဥစ္စာမှတ်ပြီး သူတို့ငွေစားရင်းထဲ ဆွဲသွင်းလိုက်ကြတာကစတဲ့ အဓမ္မဇာတ်လမ်းတွေကြောင့်သာ မတော်မတရား မကြားကောင်း မနာသာတွေဖြစ်ပြီး ပြည်သူတွေ ဒုက္ခရောက်နေရတာပါ။

ပြောရတာ အတော်ခက်ပါတယ်။ အဂတိလိုက်စားမှုတွေနဲ့ စစ်ဗိုလ်ချုပ်တွေ တယောက်နဲ့တယောက် မေးထိုးပြီးသူက အိမ်ရပြီ။ ငါလဲ အိမ်ရမှ။ သူက မော်တော်ကား ဘယ်လောက်တန် ဘယ်နှစ်စီးရပြီ။ ငါက ဘယ်နှစ်စီးဘဲ ရသေးတယ်။ ရှာလိုက်ဦးမှ။ ပြည်သူ့ဘဏ္ဍာထဲက နှိုက်လိုက်ဦးမှ။ မိုက်ကြေး ခွဲလိုက်ဦးမှ။ သူ့သားကတော့ ဘာကုမ္ပဏီ ထောင်ပြီးပြီ။ ငါ့သားက ဘာကုမ္ပဏီ ထောင်လိုက်မှ။ အမယ်လေး…..လေး။ အိမ်အလုံး ၁၀၀ နဲ့လည်း မကျေနပ်။ အလုံး ၂၀၀ လည်း မကျေနပ်။ ရှန်ဟိုင်းအထိ အိမ်တက်ဝယ်ကြ။ ကိုယ့်သားကိုယ့်သမီး ကိုယ့်မြေးအတွက်တင် မကဘူး။ ဗိုလ်ချုပ်အဘကြီးတွေရဲ့ ကီးပင်း (keeping) မော်ဒယ် စမောလေးအတွက်ပါ။

တက္ကသိုလ်ရိပ်သာလမ်း၊ အင်းယားလမ်းမှာ အိမ်နဲ့ခြံ ၀ယ်ပေးဦးမှ လုပ်နေကြတာလေ။ ဒါတင်မက ပြည်သူ့ငွေ ကဲ့ထုတ်ပြီး ကိုယ့်ဘဏ်စာရင်းထဲ မြန်မာငွေနဲ့ မြန်မာဘဏ်ထဲငွေစုတာ ခေတ်မစားတော့။ နိုင်ငံခြားဘဏ်မှာ ဒေါ်လာနဲ့ထား။ စပွန်ဆာ အဘဗိုလ်ချုပ်ကြီးတွေကောင်းလို့ မော်ဒယ်သမီးတွေတောင် ဒေါ်လာသိန်းဂဏန်းနဲ့ ရှော့ပင်း (shopping) ထွက်နေနိုင်ကြတယ်။ ဒါပေမဲ့ စစ်အစိုးရလုပ်တဲ့ စီးပွားရေး စီမံကိန်းတွေထဲမှာ သာမန်ပြည်သူလူထု အကျိုးစီးပွားအတွက် ဘာများလုပ်ခဲ့ပါသလဲ။

သာမန်ပြည်သူထဲက အမှန်တကယ် တက္ကစီမောင်းစားသူ လူတယောက် တက္ကစီတစီးပိုင်ခွင့်ရဘို့ လုပ်ပေးခဲ့ဘူးပါသလား။ ဆိုက္ကားနင်းစားရသူ သာမန်လူတယောက် ဆိုက္ကားပိုင်ဆိုင်ဘို့ စီမံကိန်းချခဲ့ဘူးပါသလား။ ငွေကျပ် ၁၀၀ ချေးတိုင်း ၁၀ ကျပ်က ၅၀ ကျပ် အတိုးနှုန်းလောက်ပေးပြီး ရုန်းကန်နေကြရတဲ့ လက်လုပ်လက်စားတွေအတွက် အသေးစားချေးငွေ အစီအစဉ်မျိုး လုပ်ပေးခဲ့ဘူးပါသလား။ စစ်တပ်သစ္စာခံ ဗိုလ်မှူးတွေ ဗိုလ်မှူးကြီးတွေသာ ပါရမီတက္ကစီ စီးရေအများကြီးပိုင်တဲ့ တက္ကစီအုံနာ အကြီးစားကြီးတွေ ဖြစ်သွားတယ်။ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏ်ီကသာ မော်တော်ကားလိုင်းထောင်စားတဲ့အထိ လုပ်နေကြတယ်။ အခု နောက်ပိုင်း ပြည်သူတွေကြားမှာ ပြောဆိုနေကြတာက ဗိုလ်ချုပ်မှူးကြီးသန်းရွေရဲ့သားမက်လို့ သတ်မတ်ထားတဲ့ ကိုတေဇက ကွန်းယာဆိုင်ထောင်ပြီး စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ဆိုက္ကားထောင်တော့မယ်တဲ့။

ဒီလိုနဲ့ ပြည်သူအများစုက လုပ်စားစရာ အကွက်အကွင်းမရှိသလောက်ဖြစ်ပြီး ဒုက္ခရောက်နေကြရတာပါ။
ဒါကို စစ်ဗိုလ်တွေအကြိုက် အောင်သွယ်လား။ လော်ဘီလား။ လောဘစ်လား။ အနောက်နိုင်ငံတွေက စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို တားဆီးတဲ့အနေနဲ့ စီးပွားရေးပိတ်ဆို့ထားတာကြောင့် ပြည်သူတွေ အထိနာပါတယ်လို့ အမေရိကန်လွှတ်တော်သွားပြီး ရွေနားတော်သွင်းသူက သွင်း၊ ပြည်တွင်းဂျာနယ်တွေမှာ အေးချင်းရေးသူက ရေး၊ အနောက်တိုင်းရဲ့ ဒဏ်ခတ်မှုတွေ လျော့ကျစေဘို့ စစ်ဗိုလ်ချုပ်တွေဘက်က ပြည်သူ့အပေါ် ရက်စက်မှုတွေကို တရစ်လောက်လျှော့ချဘို့တော့ တလုံးတပါးမှ ပါးစပ်မဟကြဘဲ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ပြောဆိုနေတာကတော့ တဖက်သတ်ဆန်လွန်းပါတယ်။ ငါ့စကားနွားရနိုင်လွန်းလှပါတယ်။

ကိုလော်ဘီတို့ကို မေးကြည့်ချင်တာက ဘယ်စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းစေချင်တာလဲ။

General sanction ဆိုတဲ့ အထွေထွေစီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုကိုလား။ target sanction ဆိုတဲ့ ဗိုလ်ချုပ်တွေနဲ့ အလွမ်းသင့် စီးပွားရေးသမားတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကိုလား။

General sanction ဆိုတဲ့ပိတ်ဆို့မှုကို ဖွင့်ပေးလိုက်ရင် ပြည်သူတွေပိုကောင်းလာမလား။
ဟင့်အင်း မထင်မိပေါင်၊ ဝေးပါသေး။ အခုလဲ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက မြန်မာစစ်အစိုးရနဲ့ စီးပွားရေးဆက်ဆံမှု မလုပ်ကြဘူးဆိုပေမဲ့ အာစီယံတို့ တရုတ်တို့ အိန္ဒိယတို့လို နိုင်ငံတွေက စစ်အစိုးရနဲ့ စီးပွားရေးလုပ်နေကြတာပါဘဲ။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဂရုမစိုက်ဘဲ လောဘဇောတိုက်နေတဲ့ အစိုးရအချင်းချင်း ကုန်သွယ်နေတဲ့ စီးပွားရေးကို လိင်တူဆက်ဆံရေး ကုန်သွယ်မှုလို့ နာမည်ပေးရင် ကောင်းမယ်ထင်တယ်။ တကယ်တော့ ဒီနိုင်ငံတွေနဲ့ လုပ်နေတဲ့ ကုန်သွယ်မှု တန်ဘိုးနဲ့တင် မြန်မာပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးချင်ရင် ရနိုင်ပါတယ်။

ဒါပေမဲ့ လက်တွေ့အခြေအနေမှာ ဘယ်လိုဖြစ်နေသလဲဆိုရင် ဥပမာ- မြန်မာပြည်မှာ အထည်ချုပ်လုပ်ငန်းတွေက နှစ်စဉ် ဒေါ်လာငွေ သန်း ၄၀၀ လောက် အမြတ်အစွန်းရနေတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း လုပ်အားစိုက်ထုတ် လုပ်ကိုင်နေကြရတဲ့ အထည်ချုပ်စက်ရုံက အလုပ်သမလေးတွေရဲ့လုပ်အားခကတော့ ဘ၀၀မ်းစာဖူလုံအောင် မရရှိကြပါဘူး။ ဘာလို့လဲဆိုတာ့ ဒီလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရရှိနိုင်ဘို့ ဗိုလ်ချုပ်တွေကို တရားဝင်ရော တရားမ၀င်ရော (over table – under table) ပေးနေရာတာတွေကြောင့် အောက်ခြေက အလုပ်သမားလူတန်းစားဆီ (လုံးဝ လုံးဝ) မရောက်နိုင်တော့ လို့ပါဘဲ။

ပြောတာတွေလဲ သိပ်ကိုများသွားပြီ။ ဒီထက်မက ပြောချင်ပါသေးတယ်။ ပြောချင်တာမှ လက်တွေ့အခြေအနေမှန်တွေကို တကမ္ဘာလုံးကိုသိအောင် ခြေလျင်ပတ်ပြီး ပြောချင်တယ်။ စစ်အစိုးရနဲ့ ပုလင်းတူဘူးဆို နိုင်ငံခြားအစိုးရတွေရဲ့ရုံးတွေရှေ့ ငုတ်တုတ်ထိုင်ပြီး ပြောချင်တယ်။

နောက်ဆုံးအနေနဲ့ လိုရင်းအနှစ်ချုပ် ပြောချင်တာကတော့ စစ်အစိုးရဘက်က ပြည်သူအပေါ် ရက်စက်မှုနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးထားတာမျိုး အထွေထွေတားမြစ်ထားမှု (sanction) တွေ တခုမှမလျှော့ပေးသေးဘဲနဲ့တော့ အနောက်တိုင်းရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု sanction တွေလည်း လျှော့ပေးစရာ မလိုသေးဘူး။ ပြည်သူ့မျက်နှာတကယ် ငဲ့ကြည့်တယ်ဆိုရင် ဆက်လက်ထားရှိနေသင့်သေးတယ်။ စီးပွားရေးပိတ်ဆို့မှုကို ပြန်ဖွင့်ပေးဘို့ ပြောဆိုနေကြတဲ့ ကြားပွဲစား အောင်သွယ်တော် ကိုလော်ဘီတွေရဲ့အသံတွေ ကြားရ၊ ဆောင်းပါးတွေဖတ်ရတာလည်း ပြည်သူလူထုက နားကလောတယ်။ မျက်စိ နောက်တယ်။ တော်လောက်ကြပါပြီ ဆိုတာပါဘဲ။

မင်္ဂလာနိုင်ငံသစ်ကို ကြိုဆိုလျက် နိုင်ငံသားအားလုံးကို လေးစားသော

No comments: