Thursday, January 6, 2011

ကျပ် ၅၀၀၀ တန်အတုဖြင့် ရသေ့တောင်တွင် လူသုံးဦး ဖမ်းဆီးခံရ

နိရဉ္စရာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ကျပ် ၅၀၀၀ တန် အတုဖြင့် လူသုံးဦးဖမ်းဆီးခံရကြောင်း သတင်း ရရှိသည်။

ဖမ်းဆီးခံရသူများမှာ ကူတောင်ကျေးရွာမှ ဈေးဆိုင်ပိုင်ရှင် ဦးဆန်းဝင်းနှင့် ၎င်း၏ ဇနီး၊ နောက်တစ်ဦးမှာ ဆီရောင်းသူ မဆန်ထောင်ဆိုသူ အမျိုးသမီး တို့ဖြစ်ပြီး ဒီဇင်္ဘာလ ၂၂ ရက်နေ့က ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

ကူတောင်ကျေးရွာသား တစ်ဦးက “ ဦဆန်းဝင်းတို့ဆီက စုစုပေါင်း ၅၀၀၀ ကျပ်တန် အတု ၁၆ ရွက်ရပါတယ်။ ပထမတော့ ဆီရောင်းတဲ့ မဆန်ထောင် ဆီက သုံးရွက်ဖမ်းမိပါတယ်။ စစ်ဆေးတော့ ဦးဆန်းဝင်းဆီကဆိုတာနဲ့ သူဆိုင်ကို တက်မွှေတာနဲ့ ကျန်တဲ့ အတုတွေကိုပါ ရဲက ဖမ်းမိ သွားပါတယ်” ဟု ပြောသည်။

ဦးဆန်းဝင်းနှင့် အမျိုးသမီးများအား ယခုအခါ ရသေ့တောင်ရဲစခန်းတွင် ချုပ်နှောင်ထားပြီး ငွေတုနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းမူများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

“ ဦးဆန်ဝင်းက လုပ်တာတော့ မဟုတ်ပါဘူး။ သူက ဆန်စက်ပိုင်ရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူတို့က ပိုက်ဆံ အတုတွေကို ဘယ်လိုရတယ်ဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။ ခက်တာက သက်ဆိုင်ရာက မသင်္ကာတဲ့ အိမ်တွေကို ၀င်ရောက် ရှာဖွေမူတွေ ပြုလုပ်ပြီး ပိုက်ဆံ အစစ်တွေကိုလည်း အတုဆိုပြီး သိမ်းယူနေတဲ့ အတွက် လူတွေက ပိုက်ဆံတွေကို လက်ထဲမှာ မထားရဲဘဲ ဖြစ်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ ငွေစက္ကူ အတုများ ဖမ်းဆီးရမိပြီးနောက် ကူတောင်ကျေးရွာ တည်ရှိသော မူစဲကမ်းတွင် ငွေစက္ကူအတုများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြောင်း သတင်းများ ထွက်ပေါ်နေပြီး ရဲတပ်ဖွဲ့ဝင်များက စီးပွားရေးသမားများ၏ နေအိမ်နှင့် ဈေးဆိုင်များကို တအိမ်ဝင် တအိမ်ထွက် ၀င်ရောက်ရှာဖွေမူများ ပြုလုပ်နေကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်မှူး ဦးစီသော ရဲအဖွဲ့မှ ကူတောင် ဦးအေးကျော်ထံမှ ၅၀၀၀ ကျပ် တန် ၂၀ ရွက်း၊ အနောက်ပြင် ပိုက်ဆိပ်မှ နော်ဇီရာမောက်ထံမှ တစ်ထောင်တန် အရွက် ၄၀နဲ့ ၅၀၀၀ ထောင်တန် တရွက်၊ ရွှေလောင်းတင်ကျေးရွာ ဈေးဆိုင်တစ်ခုမှ ကျပ် ၃၀၀၀၀ ယူဆောင်သွားကြောင်း သိရသည်။

အဆိုပါ ငွေစက္ကူများမှာ အတု ဖြစ်နိုင်ကြောင်း စစ်ဆေးရမည်ဟု ဆိုကာ ယူဆောင်သွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ ယူဆောင်သွားသော ကျန်လူများမှ ငွေများမှာ အားလုံး အစစ်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

No comments: