Saturday, February 26, 2011

ဘိန်းခင်းကာကွယ်ရန် BGF က မြန်မာစစ်သားပိုချဖို့တောင်းဆို

KNG

မြန်မာစစ်တပ်လက်အောက်ခံ ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ယခုနယ်ခြားစောင့်တပ် BGF (Border Guard Force) က ဘိန်းခင်းများကာကွယ်နိုင်ရန် ၎င်းတို့ဒေသသို့ မြန်မာစစ်အစိုးရ စစ်တပ်ပိုမိုချထားဖို့ တောင်းဆိုနေကြောင်း BGF နှင့် နီးစပ်သူများက ဆိုသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ထံ မြန်မာစစ်တပ်သားတိုးချထားဖို့ တောင်းဆိုသည့်စာ မကြာခင်က ပေးပို့ခဲ့ကြောင်း BGF အရာရှိများပြောသည်။

BGF ထိန်းချုပ်ဧရိယာအတွင်းမှ ဘိန်းခင်းများကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မူးယစ်တိုက်ဖျက်ရေးအဖွဲ့၏ ဖျက်ဆီးခြင်းမှ အကာအကွယ်ရလို၍ ယခုကဲ့သို့တောင်းဆိုခြင်းဖြစ်ကြောင်း KIO ဗဟိုမူးယစ်တိုက်ဖျက်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ နော်ဘူ ပြောသည်။


၂၀၀၄ ခုနှစ်ကတည်းက ယခု BGF တပ် ထိန်းချုပ်သည့် ၀ိုင်းမော်မြို့နယ် ဆဒုံးဒေသသည် ကချင်ပြည်နယ်တွင် ဘိန်းအများဆုံးစိုက်ပျိုးသည့်ဒေသ ဖြစ်လာသည်။

မြန်မာစစ်တပ် ဒေသကွပ်ကဲရေးနှင့်စစ်ဆင်ရေး-တနိုင်း (ဒကစ-တနိုင်း) ထိန်းချုပ်မှုအောက်မှ တနိုင်းနယ်မြေခံတပ်ရင်း ခလရ ၂၃၈ နှင့် ရှထူးဇွပ်နယ်မြေခံတပ်ရင်း ခလရ ၂၉၇ တို့သည် ယခု BGF ထိန်းချုပ်ဧရိယာထဲ ရောက်ရှိနေသည်ဟု ဒေသခံများပြောသည်။

BGF ထိန်းချုပ်ဧရိယာထဲဝင်ရောက်ပြီး ဘိန်းခင်းဖျက်ဆီးနေမှုကို ရပ်တန့်ရန် BGF တပ်က ယခု ဆဒုံးတွင် ဘိန်းခင်းဖျက်ဆီးနေသော KIO စစ်ကြောင်းသို့ စာဖြင့်အကြောင်းကြားခြင်းရှိခဲ့သည်ဟု KIO အရာရှိများပြောသည်။

BGF ၏ တောင်းဆိုချက်ကို လျစ်လျူရှုကာ KIO က အထူးသဖြင့် ၎င်းတို့နယ်နိမိတ်နှင့်နီးစပ်သည့် BGF ထိန်းချုပ်ဧရိယာအတွင်းမှ ဘိန်းခင်းများကို ဆက်လက်ဖျက်ဆီးနေသည်ဟု ဆက်ပြောသည်။

NDA-K နယ်ခြားစောင့်တပ်မပြောင်းခင် ၂၀၀၉ ခုနှစ်မတိုင်ခင်က KIO သည် NDA-K ထိန်းချုပ်ဧရိယာထဲဝင်ရောက်ပြီး ဘိန်းခင်းဖျက်ဆီးခြင်းမရှိခဲ့ပါ။ သို့သော် ယခုအခါ NDA-K သည် မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အသွင်ပြောင်းသွားသည့်အတွက် ၎င်းတို့ထိန်းချုပ်နယ်မြေထဲမှ ဘိန်းခင်းများကို ၀င်ရောက်ဖျက်ဆီးရခြင်းဖြစ်ကြောင်း KIO အရာရှိများပြောသည်။

ယခု ဆဒုံးတွင် ရောက်ရှိနေသော မြန်မာစစ်တပ်များနှင့် အစိုးရမူးယစ်တိုက်ဖျက်ရေးအဖွဲ့သည် ဒေသခံများကို KIO ၏ ဘိန်ခင်းဖျက်ဆီးခြင်း အန္တရာယ်ကနေ ကာကွယ်ပေးမည်ဟု ဆိုပြီး ငွေတောင်းနေသည်ဟု နော်ဘူပြောသည်။

၂၀၁၀ အောက်တိုဘာ မှစပြီး KIO က ၎င်းတို့ထိန်းချုပ်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများ လက်တွေ့ပြုလုပ်လာသည်။

စစ်အစိုးရထိန်းချုပ်သော ကချင်ပြည်နယ်အခြားဒေသများဖြစ်သည့် မိုးညှင်းခရိုင်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ ပူတာအိုခရိုင် နှင့် ဆွာပရာဘွမ်မြို့နယ် များတွင်လည်း နှစ်စဉ် ဘိန်းခင်းများပိုမိုတိုးလာသည်ဟု ဒေသခံများပြောသည်။

No comments: