Tuesday, February 22, 2011

ဝန်ထမ်းမဟုတ်တဲ့ လူထုတွေရဲ့ပြဿနာက ပိုမိုအရေးမကြီးဘူးလား…

ကယားထဲ

အခန်းတွေက ဆယ်ပေပတ်လည် အုတ်တိုက်အိပ်ခန်းတစ်ခန်း၊ ရှေ့မှာ ပစ္စည်းထားဖို့နဲ့ ဟင်းချက်ဖို့ နေရာအဖြစ် (၈) ပေပတ်လည် ဧည့်ခန်းတစ်ခန်းစီရှိတဲ့ ၀န်ထမ်းအိမ်ရာ မိသားစုအဆောင်မှာ အဖြူအစိမ်းယူနီဖောင်းတွေကို သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ကျောင်းဆရာ/မတွေ တစ်ယောက်ပြီးတစ်ယောက် အဲဒီဝန်ထမ်းတန်းလျား အဆောင်ကနေ ထွက်လာကြပါတယ်။

သူတို့တွေက လွိုင်ကော်မြို့နယ် ပညာရေးမှူးရုံးကို စက်ဘီးနဲ့တစ်ချို့ ဆိုင်ကယ်နဲ့ တစ်ချို့ခြေလျင်နဲ့တချို့ သွားနေကြပါတယ်။

ပညာရေးမှူးရုံးကို ဆရာ၊မတွေအားလုံး လကုန်ရက် သူတို့ရဲ့လစာထုတ်ဖို့ အစည်းအဝေး တက်ရောက်ကြခြင်းပဲ ဖြစ်ပါတယ်။ ပညာရေးမှူးရုံးရဲ့ ခန်းမဆောင်ထဲမှာ လွိုင်ကော်မြို့နယ်မှာရှိတဲ့ အထက်တန်းကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ်၊ မူလတန်းကျောင်းအုပ်တွေနဲ့ အစည်းအဝေး တက်ရောက်ရတဲ့ ပညာရေးဝန်ထမ်း ဆရာ/မတွေအားလုံးက နေရာတွေ ယူထားကြပါတယ်။

မြို့နယ်ပညာရေးမှူး ရောက်လာပြီး သြ၀ါဒမိန့်ခွန်းနှုတ်ဆက်စကားတွေ ပြောပါတယ်။ ဆရာမ/မတွေရဲ့လစာက သူတို့လက်ထက်မရောက်ခင် အထက်ကလူကြီးတွေက အကြောင်းအမျိုးမျိုးပြောပြီး ကြိုတင်ဖြတ်တောက်ခံထားရပါတယ်။ အထက်အရာရှိ မိန့်ခွန်းစကားတွေ၊ မှာကြားချက်တွေကိုလည်း နားထောင်နေကြရတဲ့ ဆရာ/မတွေရဲ့ မျက်နှာတွေမှာလည်း ညိုးငယ်ပြီး ပင်ပန်းနွမ်းနယ်နေကြရပါတယ်။

အစည်းအဝေးပြီးတော့ လစာထုတ်တဲ့ အချိန်မှာရုံးခန်းအတွင်း အသံတွေက ဆူညံလာပါတယ်။ ပညာရေးဝန်ထမ်းတွေ သူတို့ရဲ့ လစာမှာ မလောက်တဲ့အပြင် အခုလိုလစာတွေကို ထပ်ဖြတ်တောက်ခံရတာတွေကြောင့် မကျေနပ်ချက်တွေ၊ ငြီးညူသံတွေကို အချင်းချင်း တစ်ယောက်တစ်မျိုးစီ ပြောနေကြပါတယ်။

“ရတဲ့လစာက မလောက်ပါဘူးဆိုနေ ဟိုတစ်မျိုးဒီတစ်မျိုး ခေါင်းစဉ်တွေတပ်ပြီးတော့ တစ်လပြီးတစ်လကောက်ခံလို့လည်း မပြီးနိုင်ဘူး၊ လစာထဲကလည်း အမြဲဖြတ်နေတာပဲ” လို့ ဆရာတစ်ဦးက ပြောပါတယ်။

ဝန်ထမ်းမိသားစုတွေမှာ လက်ရှိရထားတဲ့ လစာနဲ့မိသားစုအတွက်ပင် မလောက်တဲ့ အပြင် ယခုလို အထက်အရာရှိများမှ ထိုသို့ဖြတ်ပြီး ကောက်ခံနေရခြင်းကြောင့် အစိုးရပညာရေးဝန်ထမ်းတွေရဲ့ စားဝတ်နေရေးမှာ အကြပ်အတည်း ပေါင်းများစွာနဲ့ ကြုံတွေ့နေကြရပါတယ်။

ယခုလို အကြပ်အတည်း ပေါင်းများစွာနဲ့ ကြုံတွေ့နေကြရတဲ့ ၀န်ထမ်းတွေ စားဝတ်နေရေးဖူလုံအောင် ရည်ရွယ်ပြီး အစိုးရသစ်က ၀န်ထမ်းတွေရဲ့လစာကို လေးဆတိုးပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးနဲ့ အရာရှိတွေက ပြောဆိုနေကြတယ်လို့ ကရင်နီပြည်နယ် လွိုင်ကော်မြို့က ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကျောင်းဆရာ ဦးရယ်က “လာမယ့် ဧပြီလကြရင် ၀န်ထမ်းတွေကို လစာလေးဆတိုးပေးမယ်လို့ အထက်အရာရှိတွေက ပြောနေကြပါတယ်။ လစာတိုးရင်တော့ အဆင်ပြေတာပေါ့။ ဒါပေမဲ့လို့ ကုန်ဈေးနှုန်းတက်မှာကိုတော့ ကြောက်တယ်” လို့ ပြောပါတယ်။

၂၀၀၆ ခုနှစ် မတ်လ ၂၄ ရက်က ၀န်ထမ်းတွေကို လစာတိုးမြှင့်ခဲ့စဉ်ချိန်ကတော့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လစာကို ငါးဆမျှတိုးမြှင့်ခဲ့ပါတယ်။ စစ်တပ်အစိုးရ၀န်ထမ်းနဲ့ သာမန်အစိုးရ၀န်ထမ်းတွေ အချင်းချင်း လစာတိုးတာချင်း မတူညီခဲ့ပါဘူး။

ရရှိထားတဲ့ လစာတွေကို အကြောင်းပြချက်ပေါင်းများစွာနဲ့ အထက်အရာရှိတွေက ဖြတ်ထားခံရတာတွေကတကြောင်း၊ ကုန်ဈေးနှုန်းတက်တာတွေက တကြောင်းမိုလို့ သာမန်ဝန်ထမ်းတွေမှာ မပြေလည်နိုင်ခဲ့သလို တောင်သူလယ်သမားတွေလည်း အခက်အခဲတွေ ရင်ဆိုင်ကြရပါတယ်။

“အစိုးရ၀န်ထမ်းတွေ လစာတိုးမယ်ဆိုရင် ကုန်ဈေးနှုန်း မတည်မငြိမ်ဖြစ်နိုင်တယ်၊ ပြည်သူလူထုတွေမှာလည်း အလုပ်အကိုင်တွေ ခက်ခဲလာနိုင်တယ်”လို့ လူမှုအဖွဲ့အစည်းမှ ၀န်ထမ်းတဦးက ပြောပါတယ်။

တစ်ရက်လုပ်အားခများကို တစ်ရက်ချွေတာစုပြီး လွိုင်ကော်မြို့တွင် နေထိုင်ကြသော မိဘများကို အလုပ်အကျွေးပြုနေသူ ခူးဆော်ရယ်က “လစာတိုးရင်တော့ ၀န်ထမ်းတွေအတွက် အဆင်ပြေတာပေါ့။ ကျနော်တို့လို နေ့စားအလုပ်သမားတွေ အနေနဲ့ကျတော့ ဒီရတဲ့ဝင်ငွေနဲ့ အိမ်ကိုပို့လို့ ဘယ်ကိုက်တော့မလဲ” လို့ ပြောပါတယ်။

ခူးဆော်ရယ်က မိုးခေါင်တဲ့ ယခုနှစ်လိုအချိန်မှာ သီးနှံစပါးအထွက်မကောင်းလို့ အခက်အခဲများနှင့် ကြုံတွေနေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း တာချီလိတ်ဘက်တွင် ရာဘာစိုက်ခင်းခြံစောင့်အလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင် နေရသူဖြစ်ပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်း အစိုးရအဆက်ဆက်က ၀န်ထမ်းလစာတွေ တိုးမြှင့်ခဲ့တဲ့ ၁၉၄၈ ခုနှစ်မှာ တကြိမ်၊ ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ တကြိမ်၊ ၁၉၈၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာတကြိမ်၊ ၁၉၉၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာတကြိမ်၊ ၂၀၀၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှာတကြိမ်၊ ၂၀၀၆ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာတကြိမ်၊ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလမှာတကြိမ် တိုးမြှင့်ပေးခဲ့ပြီး စုစုပေါင်း ၇ ကြိမ် ရှိပြီဖြစ်ပါတယ်။

ကရင်နီပြည်နယ်တွင်း လူဦးရေအရ အစိုးရ၀န်ထမ်းထက် တောင်သူအလုပ်သမားလူဦးရေက ပိုပြီးများပါတယ်။ ယခုရွေးကောက်ပွဲအပြီး အစိုးရသစ်ကနေပြီး ၂၀၁၁ခုနှစ် ဧပြီလမှာ အစိုးရ၀န်ထမ်းတွေကို လစာတိုးရင် ၀န်ထမ်းတွေအတွက် အဆင်ပြေလာနိုင်ပေမဲ့လို့ ၀န်ထမ်းမဟုတ်တဲ့ ဒေသခံတောင်သူလယ်သမားတွေ၊ ရွေ့ပြောင်းအလုပ်သမားတွေ၊ ပြည်သူလူထုတွေအတွက် ကုန်ဈေးနှုန်းတွေမြင့်တက်လာပါက ရရှိတဲ့လုပ်အားခ၀င်ငွေနဲ့ စားဝတ်နေရေးအတွက် ပိုပြီးခက်ခက်ခဲခဲ ရင်ဆိုင်ကျော်လွှား နေကြရအုံးမည်ဖြစ်ပါတယ်။

ပြည်သူလူထုကနေ ဆင်းသက်လာတဲ့ အစိုးရမှန်ကန်ရင် ပြည်သူလူထုတွေရဲ့ ကြုံတွေ့နေကြတဲ့ အခက်အခဲပြဿနာတွေနဲ့ အကျိုးစီးပွားရေးကို ဦးစားပေးဖြေရှင်းရပါလိမ့်မယ်။

No comments: