Tuesday, February 22, 2011

ဒုတိယ ပင်လုံညီလာခံကို ကြိုဆိုကြောင်း ပိုစတာဖြန့်ဝေတဲ့ လူငယ် ၅ ဦး ခေတ္တထိန်းသိမ်းခံရ

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၆၃ နှစ်မြောက်ချင်းအမျိုးနေ့ပွဲတော်အခမ်းအနားတွင် ဒုတိယ ပင်လုံညီလာခံကို ထောက်ခံကြိုဆို ဆိုသည့် နံရံကပ်ပိုစတာ၊ စတိက်စ်ကာများကို ဖြန့်ဝေ ချိပ်ဆွဲခဲ့ကြသည့် အတွက် ကြောင့် ချင်းလူငယ် ၅ ဦးကို တီးတိန်ရဲက ဖမ်းဆီးခဲ့သည်ဟုသိရသည်။

တီးတိန်မြို့ ကမ်းဟောင်းအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ၆၃ နှစ်မြောက်ချင်းအမျိုးသားနေ့ပွဲတော်တွင် အင်္ဂလိပ်လိုရေးသားထားသည့် (Welcome the Second Panglong) ပိုစတာများကို နံရံများတွင် ကပ်ထားကြသည့်အတွက် ကြောင့် တီးတိန်မြို့လူငယ်ခေါင်းဆောင် မောင် နိုရှင်းထန် အပါအ၀င် တာဝန်ရှိသူလူငယ် ၅ ဦးကို တီးတိန်မြို့ အာဏာပိုင်များက ညနေ ၃ နာရီခန့်တွင် စစ်ဆေးရန် ဆိုပြီး ရဲစခန်း သို့ခေါ်ဆောင်သွားခဲ့သည်ဟုသိရသည်။

တီးတိန်ရဲစခန်းတွင် ထိုလူငယ် ၅ ဦးထိန်းသိမ်းခံရမှုသတင်းသည် ချင်းလူငယ်များအကြား ချက်ချင်းသတင်းပြန့်သွားကာ လူငယ် ၃၀၀ ဦးခန့် ရဲစခန်းသို့ ချီတက်ဆန္ဒပြခဲ့ကြပြီး ပြန်လွှတ်ပေးရန်တောင်းဆိုခဲ့ကြသည်ဟုတီးတိန်မြိုကအမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်ဝင် တဦးကပြောသည်။

“လူငယ် ၅ ဦးရဲစခန်းမှာအဖမ်းခံရတဲ့ သတင်းကို ချင်းအမျိုးသားနေ့မှာ လာရောက်ကြတဲ့ လူငယ်တွေကြားကြားခြင်းဘဲ ဆိုင်ကယ်တွေနဲက ရဲစခန်းကို ချီတက်ကြပြီး လူငယ် ၅ ဦးကို ချက်ခြင်းပြန်လွှတ်ပေး မလွှတ်ပေးရင် မပြန်ဘူးဆိုပြီး တောင်း ဆိုကြတယ် ဒါနဲ့ ရဲစခန်းတာဝန်ရှိသူတွေက ပြန်လွှတ်ပေးလိုက်ရတယ်”ဟု ၄င်းကပြောသည်။

၎င်း နံရံကပ် ပိုစတာ၊ စတိက်စ်ကာများကို တီးတိန်၊ တွံဇန်၊ ကျီခါး၊ ကလေး၊ ဖလမ်းနှင့် ဟာခါးမြို့အသီးသီးတွင်လည်း ချိပ်ဆွဲထားကြသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့က ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ ၂၂ နှစ်မြောက်အခမ်းအနားတွင် ပြည်ထောင်စု တည်ဆောက်ရေးနှင့် တိုင်းရင်းသား အရေးကိစ္စများ အဖြေရှာရန်အတွက် ဒုတိယ ပင်လုံ ညီလာခံ ခေါ်ယူရေး “ကလေးမြို့ ကြေညာစာတမ်း”ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အပါအ၀င် တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များကသဘောတူ လက်မှတ်ရေးထိုးပြီးထုတ်ပြန်ခဲ့ကျေညာခဲ့သည်။

No comments: