Thursday, February 24, 2011

ရော့စ် ဒန်ကလေကို ပုဒ်မလေးခုဖြင့် စွဲချက်တင်၊ အာမခံ မပေး

ဆက်လင်း Thursday, 24 February 2011

အင်းစိန်ထောင်တွင် ချုပ်နှောင်ခံထားရသည့် မြန်မာတိုင်းမ် ဂျာနယ် တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် မစ္စတာ ရော့စ် ဒန်ကလေကို ကမာရွတ်မြို့ နယ်တရားရုံးတွင် ပုဒ်မလေးခု စွဲချက်ဖြင့် ယနေ့ ရုံးထုတ်စစ်ဆေးသည်။

သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ ကို ဇန်န၀ါရီလ ၁၈ ရက်ညက အသက် ၂၉ အရွယ်ရှိ မခိုင်ဇာဝင်း ဆိုသူ အမျိုးသမီးတစ်ဦးကို ရိုက်နှက်ခဲ့သည်ဆိုသည့် စွဲချက်၊ လူဝင်မှု ကြီးကြပ်ရေးဥပဒေ အပါအဝင် ပုဒ်မလေးခုဖြင့် စွဲချက်တင်ခြင်း ဖြစ်သည်ဟု ရော့စ်ဒန်ကလေ၏ ရှေ့နေ ဦးမင်းစိန်က ပြောသည်။

“လ၀က ၁၃ (၁) ရယ်၊ ပုဒ်မ ၃၂၃၊ ၃၂၈၊ ၃၅၂၊ ၃၄၁ ရယ်နဲ့စွဲတယ်။ အာမခံတင်တာ မရဘူး။ အမှုကို နောက်လ ၃ ရက်နေ့ ပြန်ချိန်းလိုက်တယ် ” ဟု ဦးမင်းစိန်ကဆိုသည်။

စွဲချက်တင်သည့် ပုဒ်မများနှင့် ပတ်သက်၍ တရားရုံးချုပ် ရှေ့နေတဦးက “၃၂၃ ဆိုတာက သာမန်နာကျင်စေမှု၊ ၃၂၈ က တပါးသူအား မူယစ်ဆေးဝါး တိုက်ကျွေးမှု၊ ၃၅၂ က ကာအိနြေ္ဒပျက်ယွင်းစေမှု၊ ၃၄၁ ကတော့ လွတ်လပ်စွာ သွားလာခွင့်ကို ပိတ်ပင်တားဆီးမှုတွေပါ” ဟု ရှင်းပြသည်။

ယခုစွဲချက်တင်ထားသော အမှုများအားလုံးသည် အာမခံလျှောက်ထားနိုင်သည့် အမှုများဖြစ်သော်လည်း ကမာရွတ်မြို့နယ် တရားသူကြီးက အာမခံလျှောက်ထားမှုကို ပလပ်ခဲ့သည်။

အဆိုပါ တရားရုံးချုပ်ရှေ့နေက “ဒီအမှုတွေအားလုံးက အာမခံပေးလို့ရတဲ့ အမှုတွေပါ။ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကို လာတယ်ဆိုရင်လည်း မြန်မာနိုင်ငံက ဥပဒေတွေကို လေးစားလိုက်နာပါမယ်ဆိုပြီး ကတိခံဝန်ချက်ထိုးရတယ်။ အရေးယူရင်လည်း အဲဒီဥပဒေတွေအတိုင်း အရေးယူရသလို အာမခံပေးရင်လည်း မြန်မာနိုင်ငံသားတွေလိုပဲ ပေးလို့ရတယ်” ဟု ပြောသည်။

ယနေ့တရားရုံးတွင် မခိုင်ဇာဝင်းနှင့် လ၀က အရာရှိတဦးတို့ကို စစ်ဆေးခဲ့ပြီး မစ္စတာ ရော့စ် ဒန်ကလေကိုမူ စစ်ဆေးခြင်းမရှိသေးကြောင်း တွေ့ရသည်။

မခိုင်ဇာဝင်းက သူ့တွင် ကိုယ်ဝန်ရှိနေ၍ တရားရုံးသို့ ထပ်မံ မလာရောက်နိုင်သဖြင့် အမှုကို ရုပ်သိမ်းလိုသည်ဟု ပြောသော်လည်း အစိုးရရှေ့နေများက ပယ်ချခဲ့ခြင်းကြောင့် မတ်လ ၃ ရက်နေ့တွင် ရုံးချိန်း ထပ်မံပေးခြင်းဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းက ဖော်ပြသည်။

ယင်းသတင်းတွင် မစ္စတာ ရော့စ် ဒန်ကလေက တရားရုံးရှိ ယာယီ အချုပ်ခန်းမှနေ၍ အစောပိုင်းတွင် ပြောကြားချက်အရ သူ့အနေဖြင့် အဆင်ပြေပါကြောင်းနှင့် ပြည်နှင်ဒဏ်ပေးလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဆိုသည်။

မစ္စတာ ရော့စ် ဒန်ကလေကို ရုံးထုတ်စစ်ဆေးချိန်တွင် မြန်မာတိုင်းမ်ဂျာနယ် စီမံခန့်ခွဲမှုအဖွဲ့နှင့် အယ်ဒီတာအဖွဲ့က လာရောက်နားထောင်သော်လည်း အမှုဆောင်အရာရှိချုပ်သစ်ဖြစ်သူ ဒေါက်တာ တင်ထွန်းဦး လာရောက်သည်ကို မတွေ့ရပေ။

မစ္စတာ ဒန်ကလေကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် ၃ ရက်အကြာတွင် ပြည်မြန်မာဂျာနယ်၊ သုတစွယ်စုံမဂ္ဂဇင်း အပါအဝင် အပတ်စဉ်ထုတ် ဂျာနယ်များနှင့် လစဉ်ထုတ် မဂ္ဂဇင်းများကို ထုတ်ဝေနေသူ စွယ်စုံမီဒီယာပိုင်ရှင် ဒေါက်တာတင်ထွန်းဦးက မြန်မာတိုင်းမ်ဂျာနယ် အယ်ဒီတာချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူလိုက်သည်။

မစ္စတာ ရော့စ် ဒန်ကလေ ဖမ်းဆီးခံရစဉ်က မြန်မာတိုင်းမ်ဂျာနယ် စီမံခန့်ခွဲမှုကော်မတီဝင် ဦးဝေလင်းက လ၀က ဥပဒေပုဒ်မ ၁၃ (၁) ဖြင့်သာ ဖမ်းဆီးခံရသည်ဟုဆိုသော်လည်း တရားရုံးထုတ်ချိန်တွင် တခြားပုဒ်မများဖြင့်ပါ စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထုတ်ဝေသည့် မြန်မာတိုင်းမ် အင်္ဂလိပ်စာစောင်၊ Now မဂ္ဂဇင်း၊ Crime မှုခင်း သတင်းဂျာနယ်၊ ယနေ့ထုတ်ဝေသည့် မြန်မာတိုင်းမ် မြန်မာစာစောင်တို့တွင် ပြည်တွင်းထုတ် ဂျာနယ်အချို့နှင့် နိုင်ငံခြား သတင်းဌာနသတင်းများတွင် ဖော်ပြခဲ့သည့် မစ္စတာ ရော့စ် ဒန်ကလေနှင့် ပတ်သက်သည့် သတင်းတချို့အပေါ် ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ယင်းကန့်ကွက်ချက်တွင် “တရားရုံးရှေ့ မရောက်သေးသည့် တရားရုံးက အဆုံးအဖြတ် မပြုရသေးသော အကြောင်းအရာအပေါ် စကားဦးသန်းသည့် အသုံးအနှုန်းများ ပါဝင်နေသည့်အပြင် တိုင်တန်းသူ၏ ရဲရှေ့ထွက်ချက်များလည်း ပါဝင်နေကြောင်းတွေ့ရသည်။ တရားရုံးက အဆုံးအဖြတ် မပြုရသေးသော အမှုကိစ္စတစ်ခုနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ သတင်းဖော်ပြချက်အချို့သည် မသင့်လျော်သော ဆောင်ရွက်မှုများသာ ဖြစ်ပါသည်။ ထို့ပြင် Myanmar Consolidated Media Co.,ltd ၏၀န်ထမ်းများအတွက် ဂုဏ်သိက္ခာ ထိခိုက်စေပါသဖြင့် မြန်မာတိုင်းမ် (အင်္ဂလိပ်)၊ NOW စာစောင်နှင့် Crime ဂျာနယ်တို့ကိုထုတ်ဝေသည့် Myanmar Consolidated Media Co.,Ltd က အများသိစေရန် ကန့်ကွက်ကြောင်း ကြေညာအပ်ပါသည်” ဟု အမှုဆောင် အရာရှိချုပ် ဒေါက်တာတင်ထွန်းဦးအမည်ဖြင့် ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ရော့စ်ဒန်ကလေကို စတင်ဖမ်းဆီးစတွင် စီးပွားရေးပဋိပက္ခများကြောင့် ဒေါက်တာတင်ထွန်းဦက ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ပြီး ပြည်နှင်ဒဏ်ပေးနိုင်သည်ဟု သတင်းမီဒီယာ အသိုင်းအ၀ိုင်းက ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ရာဇ၀တ်ကြောင်းပုဒ်မများတပ်၍ တရားစွဲခဲ့ပြီး အာမခံပေးနိုင်သည့်အမှုကို အာမခံမပေးခဲ့ပေ။

No comments: