ရန်ကုန်သားတာတေ
နေပြည်တော်က လ ၅ စင်းအဆင့် ဟိုတယ်ကြီးပေါ်တွင် ဦးရုက္ခစိုး ရောက်နေသည်။ ထိုဟိုတယ်ကြီး၏ ပိုင်ရှင်လည်းဖြစ်၊ ကြံ့ဖွံ့လွှတ်တော် အမတ်ကြီးလည်း ဖြစ်သော ဇေစကြဝဠာ ဦးခင်လေက ကမကထ ပြုကာ ဒင်နာတပွဲ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခြင်း ဖြစ်သည်။ ဖိတ်ကြားခံရသော အမတ်မင်းများမှာ ဟိုတယ်ဟင်းများ၊ ဝိုင်များ၊ နိုင်ငံခြားဖြစ် ဝီစကီများကို ဖောဖောသီသီ တွယ်နေကြသည်။
ဦးခင်လေ။ ။ စားကြနော်။ အားမနာကြနဲ့ ...။ ဒီဟင်းတွေက ဝင်ရိုးစွန်းက ခေါ်ထားတဲ့ စားဖိုမှူးကိုယ်တိုင် ချက်တာ။ လွှတ်တော်က ကျွေးတဲ့ ဆိတ်သားတို့၊ ဝက်သားတို့ထက် စားကောင်းတယ်၊ စားသာစား။ ဟဲဟဲ ဟဲဟဲ။
ဘာသားမှန်းမသိသည့် ဟင်းတမျိုးကို ခရင်းနှင့်ဖဲ့နေသည့် တိုင်းရင်းသားအမတ်ကြီး ဦးဆန်ဆီဆားက “ပြီးရင် … ကာရာအိုကေကော ဆိုရ မှာလားဟင်” ဟု မေးလိုက်ရာ ဦးခင်လေက “ဒါပေါ့ … ဒါပေါ့ … ကာရာအိုကေလည်း ဆိုရမယ်၊ နင်းလည်း နင်းပေးမယ်” ဟု ပြန်ဖြေလိုက်သည်။ ဦးရုက္ခစိုးက “ဦးခင်လေက တော်တော် သဘောကောင်းတာပဲနော်” ဟု ပင့်ပေးလိုက်သည်။
ဆန်ဆီဆား။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ အရမ်းအရမ်းကို သဘောကောင်းတာပဲ။ ထမင်းလည်း ကျွေးတယ်၊ နင်းလည်း နင်းပေးဦးမယ်တဲ့။
ခင်လေ။ ။ ဒီလောက်လည်း မဟုတ်ပါဘူး ဦးရုက္ခစိုးရယ် ဟဲဟဲ။ အဓိကကတော့ ကျုပ်ရဲ့ပိုင်ဆိုင်မှုတွေကို ကြွားချင် … အဲ … ယောင်လို့ … ကျုပ်က အလှူအတန်း အရမ်း ရက်ရောတယ်လေ။
ရုက္ခစိုး။ ။ ဒါနဲ့ … စကားမစပ် … အစိုးရသစ်ရဲ့ အရေးကြီးတဲ့ နေရာတွေကလည်း အကုန်လုံး ချိုကုပ်တွေ၊ ချိုပြုတ်တွေနဲ့ ကြံ့ဖွံ့ တွေချည်းပဲနော် ဦးခင်လေ။
ခင်လေ။ ။ ဒါကတော့ နေရာတွေ လုနေကြတာနဲ့ ရှုပ်နေသေးလို့ပါ။ လာမှာပါ … ကျန်တဲ့ ကြံ့ဖွံ့တွေအလှည့်လဲ ရောက်လာမှာပါ ဟဲဟဲ။ ခက်တယ် ဦးရုက္ခစိုးရေ အပေါ်ကလူတွေ နေရာလုနေကြတော့ ကျန်တဲ့အမတ်တွေ ပျင်းနေမှာ စိုးတာနဲ့ ဒီပွဲကို ကျင်းပပေးတာလည်း ပါတယ်ဗျ။ ဒါတောင် လူတိုင်းမလာဘူးလေ။ အဲဒါကြောင့်လူကုန် ပါနိုင်အောင် နောက်ထပ် စားပွဲ ထပ် ကျင်းပပေးဦးမှာ။
ထိုစဉ် DEF ကိုယ်စားလှယ်ကြီး ဦးစိတ်တိုတယောက် သွားကြားထိုးရင်း အနားရောက်လာသည်။
စိတ်တို။ ။ နောက်ထပ် စားပွဲလည်း ကျင်းပမနေနဲ့တော့ဗျာ။ ပါးစပ်တောင် လှုပ်မရတဲ့ ဒီ လွှတ်တော်ကြီးမှာ ခဏတောင် မနေချင်တော့ဘူး။ ပြန်ချင်ပြီ။
ခင်လေ။ ။ နေပါဦးဗျာ။ ခင်ဗျားကလည်း … စိတ်ချည်းပဲ။ လှုပ်မရဘူး ဆိုပေမယ့် လွှတ်တော်က ဘာကြာတာမှတ်လို့ ...။ ခင်ဗျားတို့ တရားထိုင်ရင်တောင် အနည်းဆုံး နာရီဝက်၊ ၁ နာရီတော့ ထိုင်ကြတာ မဟုတ်လား။ အခုဆို လွှတ်တော် အစည်းအဝေး တခါကျင်းပရင် ၁၅ မိနစ်ပဲ ကျင်းပတာလေ။ ၁၅ မိနစ်လေး ငြိမ်ရတာများဗျာ။ ငြိမ်ရင်း တရားမှတ်နေ … ကုသိုလ်တောင် ရသေးတယ်။
စိတ်တို။ ။ တော်စမ်းပါဗျာ။ ကျုပ်ကတော့ တမိနစ်တောင် မနေချင်တော့ဘူး။ ဒီ ၁၅ မိနစ် လွှတ်တော်ကြီးက ကျုပ်တို့ တင်ပြထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စလည်း စဉ်းစားပေးမယ့်ပုံ မမြင်ပါဘူး။
ခင်လေ။ ။ ဟေ့လူ … ခင်ဗျား စကားမှားမယ်နော်။ နိုင်ငံရေး အကျဉ်းသားဆိုတာ မြန်မာပြည်မှာ ရှိမှ မရှိဘဲ။ မရှိတာကြီး သွားတင်တော့ ပယ်မှာပေါ့။ ကျုပ်လို ဘာသာသာသနာ ကိစ္စလေးဘာလေး လုပ်ပါဗျ။
ရုက္ခစိုး။ ။ ဦးခင်လေကတော့ ပြောလိုက်ရင် အမြဲ ဘုရားတရား ကိစ္စချည်းပဲနော်။ ဒီ လွှတ်တော်ပြီးရင် တောထွက် မလို့လား။
ခင်လေ။ ။ သြော် … ဦးရုက္ခစိုးရယ်။ တောထွက်ချင်ပေမယ့် ကျုပ်မှမလုပ်ရင် ဘာသာ သာသနာကိစ္စကို လုပ်မယ့်သူက ရှိတာ မဟုတ်ဘူးဗျ။ လောလောဆယ်တော့ တောထွက်လို့မဖြစ်သေးဘူး ...။ တိုင်းပြည် စည်ပင်ဝပြောဖို့နဲ့ ဘုရားတရား အလုပ်တွေ လုပ်ရဦးမယ်။ ဟဲဟဲ ဟဲဟဲ။
ထိုစဉ် ဦးဆန်ဆီဆားက “ဦးခင်လေ … ကာရာအိုကေ ဆိုတော့မယ်လေ … ။ ဟိုဘက်ဝိုင်းကလည်း အရက်ကုန်နေပြီလို့ ပြောတယ်ဗျ” ဟု လှမ်းပြောလိုက်သည်။
ခင်လေ။ ။ အရက်ကုန်နေရင် မန်နေဂျာဆီမှာ ကြိုက်သလောက်သာ တောင်းဗျာ။ ကာရာအိုကေဆိုဖို့က စီစဉ်နေတယ်။ ကောင်မလေးတွေလည်း ခေါ်ထားတယ်ဗျ။ (ဦးရုက္ခစိုးဘက် ပြန်လှည့်၍) အဲဒါသာ ကြည့်တော့ ဦးရုက္ခစိုးရေ။ ကျုပ်ရဲ့ တာဝန်တွေ ဘယ်လောက်ကြီးလဲ ဆိုတာ။
စိတ်တို။ ။ ကျုပ်ကတော့ ကာရာအိုကေလည်း မဆိုဘူး၊ အခန်းပြန်ပို့တော့။
ခင်လေ။ ။ ဟာ ဦးစိတ်တိုရယ်။ အားလုံး အတူတူ ပြန်ကြမှာပဲဟာ။ ခဏစောင့်လိုက်ပါ …။ ကျုပ် အဲဘတ်စ်ကြီး ၃ စင်းကြီးများတောင် စီစဉ်ထားပါတယ်။ ဒါပဲနော် … ကျနော် ဒီလောက် လုပ်ပေးနေတဲ့ကြားက ကြံ့ဖွံ့ကို ကွယ်ရာမှာ အတင်းပြောမယ်တော့ မကြံနဲ့ … ဟဲဟဲ … ဟဲဟဲ။ ကျနော်တို့ ကြံ့ဖွံ့တွေ ကောင်းပါတယ်ဗျ။
စိတ်တို။ ။ ဘာလဲ … ခင်ဗျားက ထမင်းခေါ်ကျွေးတာ ကြံ့ဖွံ့ကောင်းကြောင်း တရားဟောတဲ့ သဘောလား။
ခင်လေ။ ။ အာ … ခင်ဗျားကလည်း … အဲဒီလောက်ကြီးလည်း မဟုတ်ပါဘူး။ လုံး …. ဝ … စည်းရုံးရေး မဆင်းဘူး စိတ်ချ။ ကြုံရင် ကြုံသလိုပဲ ကောင်းကြောင်းလေးတွေ ထည့်ထည့်ပြောမှာ။
ရုက္ခစိုး။ ။ ကဲပါ … ခင်ဗျားရဲ့ ဘာသာ သာသနာ ကိစ္စတွေ ဆက်စမ်းပါဦး။
ခင်လေ။ ။ အဟမ်း … ဆက်ရမှာပေါ့၊ ဆက်ရမှာပေါ့။ အခုဆို ကျနော်ဥက္ကဋ္ဌ လုပ်ပြီး ဖွဲ့စည်းထားတဲ့ သာသနာ့နုဂ္ဂဟ အသင်းကြီးဆိုရင် အသင်းဝင်တွေ အများကြီးနဲ့ တော်တော်လေး အောင်မြင်နေတာ တွေ့မှာပေါ့။
စိတ်တို။ ။ တွေ့ပါ့ဗျာ။ အသင်းဝင်တွေ များမှာပေါ့ … ဝန်ထမ်းတွေကို မဝင်မနေရ လုပ်ခိုင်းတာကိုးဗျ။ ဝင်ကြေးလည်း ကောက်သေး။
ခင်လေ။ ။ ဟာ … ဒါ နိုင်ငံတော် အဆင့် အသင်းကြီးလေ။ ဒီတော့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ဆိုင်တယ်။ ဝင်ရမယ်လေ။ ဝင်ကြေးကောက်တာကတော့ အလကားဆိုရင် ပေါသွားမှာစိုးလို့။
ရုက္ခစိုး။ ။ အဲဒီအသင်း ရုံးခန်းတွေဖွင့်ဖို့ ရပ်ကွက်ဓမ္မာရုံတွေကို သိမ်းတယ်ဆိုတာလည်း ကြားပါတယ်။
ခင်လေ။ ။ ကျနော်က သိမ်းတာ ဝါသနာပါလို့ပါ။ ဟဲဟဲ ဟဲဟဲ။ ငယ်ငယ်တုန်းကဆို အမှိုက်တွေ့ရင် မနေနိုင်ဘူး။ အတင်းကို သိမ်းတော့တာ။ နောက် စီးပွားရေးလောကထဲ ရောက်တော့လည်း ကြုံရင်ကြုံသလို သိမ်းတာပါပဲ။
ရုက္ခစိုး။ ။ ငယ်ငယ်က အမှိုက်သိမ်း၊ နောက် လယ်တွေသိမ်းယာတွေသိမ်း၊ အခုတော့ ဓမ္မာရုံတွေပါ လိုက်သိမ်းတယ် ဆိုတဲ့သဘောပေါ့ ဟုတ်လား။
ခင်လေ။ ။ ဟဲဟဲ ဟဲဟဲ ... ဟုတ်တယ်၊ ဟုတ်တယ်။ လူတွေကလည်းဗျာ တော်တော်ခက်တယ်။ သိမ်းပါတယ်ဆိုမှ လစာပေးမလား လုပ်နေသေးတယ်။ ကောင်းတာလုပ်ရင် အခက်အခဲဆိုတာ ကြုံကြရစမြဲပါပဲလေ ... အင်း … အနိစ္စ … ဒုက္ခ … အနတ္တသဘောကို နားမလည်ကြတာ။
ဆန်ဆီဆား။ ။ ဦးခင်လေ … ကောင်မလေးတွေက အမိုက်စားလေးတွေချည်းပဲဗျ။ ကျေးဇူးတင်တယ်ဗျာ။
ခင်လေ။ ။ မိုက်ဆို ရှယ်လေးတွေချည်းပဲ ရန်ကုန်က ခေါ်ထားတာလေ။ ဒါနဲ့ ဦးဆန်ဆီဆားရေ … ကျနော် အခု မအားသေးဘူး … ကျနော့်အတွက် မှာထားတဲ့ အလှဆုံးလေးကို ဘယ်သူ့ကိုမှ မပေးနဲ့လို့ ပြောပေးပါဦး။ အင်း … အနိတ်စား … အနိတ် … ဟုတ်ပါဘူး … အနိစ္စ … ဒုက္ခ … ဟိုတယောက်လည်း တော်တော် လှတာပါလား။
ဦးဆန်ဆီဆား သူတို့နားက ပြန်ထွက်သွားပြီး ကာရာအိုကေ ဆိုသည့်နားတွင် ကောင်မလေး တယောက်နှင့် တွဲကနေသည်။
ရုက္ခစိုး။ ။ ဦးခင်လေ ပြောတော့ ဘုရား တရားဆို။ အခု … ကောင်မလေး ခေါ်ထားတယ်ဆိုတော့ ...။
ခင်လေ။ ။ ဒါကတော့ ဦးရုက္ခစိုးရယ်။ တရားသဘောနဲ့ ကြည့်ရင် လူဆိုတာ သေမျိုးချည်းပဲ မဟုတ်လား။ အပုပ်ကောင် ရုပ်ဆောင်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးချင်လို့ပါ။
ရုက္ခစိုး။ ။ သြော် … ဒီလိုလား။ ခင်ဗျားရဲ့ ဘာသာသာသနာကြီး ဆက်ပါဦးဗျာ။
ခင်လေ။ ။ ဒီလိုရှိတယ်ဗျ … ကျနော် ကြံ့ဖွံ့ လွှတ်တော်အမတ် ဖြစ်နေတဲ့အချိန်မှာ ထူးထူးခြားခြားလေးတွေ လုပ်ဖို့ စဉ်းစားထားတယ်။
ရုက္ခစိုး။ ။ ဘာတွေများ လုပ်မှာပါလိမ့်။
ခင်လေ။ ။ သတ္တမ သံဃာယနာ တင်မယ်ဗျာ။
ရုက္ခစိုး။ ။ ခင်ဗျာ … အဲဒါကြီးက မလွယ်ဘူး ထင်တယ်နော်။ မြန်မာ တနိုင်ငံတည်းနဲ့လည်း မပြီးဘူး။
ခင်လေ။ ။ သိပါတယ်ဗျ ...။ အဲဒီလို မလွယ်တာကိုမှ ဖြစ်အောင် လုပ်ချင်တာ။ ဘာပဲလိုလို ရန်ကုန်လမ်းညွှန် ရှိတာပဲဟာ … ဖုန်းဆက်လိုက်မှာပေါ့။
ရုက္ခစိုး။ ။ ဗျာ … ဘယ်ကို ဖုန်းဆက်မှာလဲ။
ခင်လေ။ ။ ဆောရီး ဆောရီး ဟို ကြော်ငြာနဲ့ မှားသွားလို့ပါ။ ဒီလိုလေဗျာ ... သာသနာထဲမှာ အငြင်းပွားမှု တစုံတရာ ဖြစ်သွားအောင် တခုခုကို အင်တာနက်ပေါ်ကနေ အစထောင်ပေးလိုက်မယ်။ အဲဒီလို ထောင်ပေးပြီးလို့ အငြင်း ပွားကြရရင် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့က ဆရာတော်ကြီးတွေကို ချိုကုပ်ဒူးကြီးအမိန့်နဲ့ သံဃာယနာ တင်ဖို့ လျှောက်မယ်ဗျာ … ။ ငှက်ပျောသီး အခွံခွာစားရတာထက်တောင် လွယ်သေး။
ရုက္ခစိုး။ ။ ခင်ဗျားဟာ ခင်ဗျားတော့ ဟုတ်နေတာပဲနော်။
ခင်လေ။ ။ သြော် … ဟုတ်ရမှာပေါ့။ ကျနော်က ရေလျှံတယ်လေ၊ အေးဆေးပါ။ (ဘေးဘယ်ညာကို ကြည့်ရင်း) ဦးရုက္ခစိုးကို လူရင်းမို့ ပြောရဦးမယ်ဗျ။ ကျနော့်ကို သမ္မတကြီးဦးသိန်းဂိန်က ပြန်ကြားရေးဝန်ကြီး ခန့်ချင်နေတာနော်။ ဦးဆော်ကြမ်းနဲ့က ဆရာတပည့်လို ဖြစ်နေလို့သာ … မဟုတ်ရင် ခုလောက်ဆို ကျနော် ပြန်ဝန်ဖြစ်နေပြီ။
ရုက္ခစိုး။ ။ ဟုတ်လား။ ဘာဖြစ်လို့လဲဗျ။
ခင်လေ။ ။ ဘာဖြစ်ရမှာလဲ ...။ ကျနော်က သတင်းထုတ်ပြန်တာ အရမ်းတော်တယ်လေ။ အင်တာဗျူး လာသမျှကို ရဲရဲဝံ့ဝံ့နဲ့ ကိုယ့်အထုပ်ကိုယ် ဖြည်ပြရဲတာ ကျနော်တယောက်တည်း ရှိတယ်မဟုတ်လား။ ကျနော့်ကို သမ္မတကြီးက ကြိတ်ပြီး သဘော ကျနေတာဗျ။ နောက်ပြီး ကျနော်က ရွေးကောက်ပွဲမှာ မဲတွေ အများကြီးနဲ့ နိုင်တာ၊ အခုဆောက်မယ့် ဘိလပ်မြေ စက်ရုံကြီး ဆိုရင်လည်း မြန်မာတနိုင်ငံလုံးမှာ အကြီးဆုံးပဲ ...။ ဟဲဟဲ ဟဲဟဲ။
ဦးရုက္ခစိုးက စိတ်ထဲမှနေ၍ “ဘာမှလည်း မဆိုင်ဘူး” ဟု စဉ်းစားနေစဉ် ဟိုတယ်ခန်းမထဲသို့ စိတ်ဆိုးမာန်ဆိုး ပုံစံဖြင့် လူတယောက်ဝင်လာသည်။ သေချာကြည့်လိုက်တော့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းပျင်းဖြစ်နေ၏။
အောင်သိန်းပျင်း။ ။ ဒီမှာ ဦးခင်လေ … ခင်ဗျား ပါးစပ် ပိတ်မလား မပိတ်ဘူးလား။ ကျုပ် တင်းနေတယ်နော်။ ဘယ်သူ့ကို ပြဿနာရှာရင်ကောင်းမလဲ စဉ်းစားနေတာ ဟင်းဟင်း။
ခင်လေ။ ။ ဘာဖြစ်လို့လဲ မြို့တော်ဝန်ကြီးရဲ့။ အရက်သောက်ချင်လို့လား။ ရှိပါတယ်ဗျာ။ ကျနော်တို့က ရွှေညီအစ်ကို ကြံ့ဖွံ့ တွေပဲဟာ။ စိတ်ကိုလျှော့လိုက်၊ ဒေါသကိုထိန်းဗျ။ ဟိုဆရာတော်ကြီး ဟောထားတာ မြို့တော်ဝန်ကြီးလည်း သိမှာပါ။ ဒေါသထွက်နေရင် ရုပ်က ပိုဆိုးသွားလိမ့်မယ်။
အောင်သိန်းပျင်း။ ။ ဘာဗျ … ခင်ဗျား တရားခံ ဖြစ်သွားချင်သလား။ အထက်ကလုလို့မပြီးသေး … ကျုပ်ကို ချောင်ထိုး ထားလို့ ဒေါသထွက်နေရတဲ့ ကြားထဲ။ ခင်ဗျားက တမှောင့် ...။ ပြည်ပ မီဒီယာတွေကို အာချောင်ပြီး ပေါက်ကရတွေ လျှောက်လျှောက် ပြောနေတယ်။
ဦးခင်လေ။ ။ သြော် အထင်မလွဲပါနဲ့ဗျာ။ ကျနော်က ကြံ့ဖွံ့ကောင်းကြောင်းပဲ ပြောတာပါ။ ခင်ဗျား လာဘ် အရမ်း စားတဲ့အကြောင်း၊ ချိုကုပ်ဒူးကြီးကို ဖားတဲ့ အကြောင်း၊ ကြိုတင်မဲတွေ အများကြီးနဲ့ နိုင်တဲ့အကြောင်း၊ ချေးထုပ်နဲ့ အပေါက်ခံရတဲ့အကြောင်း၊ သတင်းထောက်တွေကို ပုဆိုးလှန်ပြတဲ့အကြောင်းတွေ လုံး …..... ဝ မပြောပါဘူး စိတ်ချ။
ဦးရုက္ခစိုးက “မပြောပေလို့ပဲ” ဟု တွေးလိုက်သည်။ မြို့တော်ဝန်ကြီး၏ မျက်လုံးနှစ်လုံးကတော့ ဒေါသကြောင့် ပြူးထွက်လာသည်။
အောင်သိန်းပျင်း။ ။ အေး … အဲဒီလို မပြောဘူးမပြောဘူးနဲ့ လျှောက်လျှောက်ပြောနေလို့ ခင်ဗျားကို ကျုပ် အခု လက်ဆောင် လာပေးတာ။
ဦးခင်လေ။ ။ ဟာ … ဒုက္ခရှာလို့ဗျာ။ အားနာစရာကြီး။
ဦးအောင်သိန်းပျင်းက ရုတ်တရက် ဦးခင်လေကို ဝင်လုံးကာ လက်ထဲတွင် အသင့်ပါလာသော တိပ်ဖြင့် လက်နှင့် ခြေထောက်ကို ရစ်ပတ်၍ ချုပ်လိုက်သည်။ ဦးခင်လေ ရှောင်ချိန်မရလိုက်။ ထို့နောက် ပါးစပ်ကိုပါ တိပ်ဖြင့် အထပ်ထပ် ပတ်ပြီး ပိတ်၍ ဆောင့်ကြီးအောင့်ကြီး ပြန်လည် ထွက်ခွာသွားလေတော့သည်။
၁၅ မိနစ် လွှတ်တော် အမတ်မင်းများကား ဝိုင်းစုခိုင်သိန်း၏ “အပြစ်မမြင်ပါဘူး … ချစ်ချင်တာပဲ သိတယ်နော်” ဆိုသည့် သီချင်းကို အသံသေး အသံကြောင်ဖြင့် ဆိုကာ ဆူညံကခုန်နေကြသည်။ ဦးခင်လေ အဖြစ်ကိုလည်း မသိလိုက်၊ ဦးရုက္ခစိုး ပြန်လည် ထွက်ခွာသွားသည်ကိုပင် မသိလိုက်ကြပေ။ ။
No comments:
Post a Comment