Wednesday, February 23, 2011

အတိုက်အခံ ၅ ဦးကို ထောင်ချ

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၁

အတိုက်အခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ် ၅ ဦးကို အလုံနှင့် ကမာရွတ်မြို့နယ် တရားရုံးများက အင်္ဂါနေ့တွင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ်မှ အများဆုံး ၁၁ နှစ်အထိ ချမှတ်လိုက်သည်ဟု နိုင်ငံရေး သတင်းရပ်ကွက်များအရ သိရသည်။

ထောင်ချခံရသူများမှာ ကိုမျိုးမင်းသူ၊ ကိုသော်ဇင်၊ ကိုဗိုလ်ဗိုလ်သိန်း၊ ကိုသောင်းထိုက်ဦးနှင့် ကိုရန်အောင်စိုး ဖြစ်သည်။

ကိုမျိုးမင်းသူ၊ ကိုသော်ဇင်တို့ကို အလုံတရားရုံးက အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ ၁၃ (၁)၊ မတရားအသင်း ဆက်သွယ်မှု ၁၇ (၁) (၂) နှင့် ထောင်ဒဏ် ၆ နှစ် အပြစ်ပေးခဲ့ပြီး၊ ကမာရွတ်တရားရုံးက နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ၅ဝ၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ အပြစ်ပေးခဲ့သဖြင့် စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ကျခံရမှာဖြစ်သည်။

ကိုဗိုလ်ဗိုလ်သိန်းကိုမူ ကမာရွတ်တရားရုံးက မူးယစ်ဆေးဝါးသုံးစွဲမှုပါ ထပ်တိုးပြီး၊ ထောင်ဒဏ် ၃ နှစ် ထပ်ဆောင်းခဲ့သဖြင့် ၁၁ နှစ် ဖြစ်သွားသည်။

ကိုသောင်းထိုက်ဦးနှင့် ကိုရန်အောင်စိုးကို နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှုဖြင့် ၂ နှစ်စီ ပြစ်ဒဏ်ချသည်။

လူငယ် ၅ ဦးလုံးကို ဖမ်းဆီးစဉ်က သင်္ကြန်တွင်း X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ခွဲမှုတွင် ပတ်သက်သည်ဆိုသော သံသယဖြင့် ရဲက ဖမ်းဆီးခဲ့သော်လည်း ပါဝင်ပတ်သက်သော အထောက်အထား မတွေ့ရသဖြင့် နောက်ပိုင်းတွင် ပြည်ပအခြေစိုက် စစ်အစိုးရအတိုက်အခံ အဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ အစိုးရဆန့်ကျင်ရေး လှုံ့ဆော်မှု ပြုခဲ့သည်ဟု စွဲချက်ပြောင်းလဲခဲ့သည်ဟု ရန်ကုန်မြို့မှ ရှေ့နေ ဦးကျော်ဟိုးက မဇ္ဈိမကို ပြောသည်။

“ထိုင်းမှာ အခြေစိုက်တဲ့ NLD (L/A) (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - လွတ်မြောက်နယ်မြေ) ရယ်၊ Generation Wave နဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ တရားစွဲတယ်။ သူတို့က အစိုးရကို ဆန့်ကျင်တဲ့ စာတွေ ဖြန့်တယ်ဆိုပြီး စွပ်စွဲတယ်” ဟု သူက ဆိုသည်။

၂ဝ၁ဝ ဧပြီလ ၂၄ ရက်နေ့တွင် လှည်းတန်းဘူတာအနီး ကွမ်းခြံမြောက်ပိုင်း ၄ ရပ်ကွက်၊ ၁ လမ်းရှိ အိမ်နံပါတ် ၂၉ မြေညီထပ် တိုက်ခန်းတခုထဲ၌ ကိုမျိုးမင်းသူ၊ ကိုသော်ဇင်နှင့် ကိုဗိုလ်ဗိုလ်သိန်းသည် အခြားလူငယ် ၄ ဦးနှင့်အတူ ရှိနေစဉ် နိုင်ငံရေး လှုပ်ရှားသည်ဟု သံသယဖြင့် ၇ ဦးလုံးကို ရဲက ဖမ်းဆီးခဲ့သည်ဟု ဦးကျော်ဟိုးက ပြောသည်။ ကိုသောင်းထိုက်ဦးနှင့် ကိုရန်အောင်စိုးကိုမူ အခြားနေရာများမှ ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။ ၇ ဦးအသုတ်ထဲမှ ကျန် ၄ ဦးမှာ အမှုစစ်နေဆဲဖြစ်သည်။

အားလုံးအတွက် ရှေ့နေ ဦးမြင့်ဦးက လိုက်ပါဆောင်ရွက်ခဲ့ပြီး ခရိုင်တရားရုံးများတွင် ဆက်လက်၍ အယူခံတက်မည်။

၂ဝ၁ဝ ဧပြီလ ၁၅ ရက်၊ သင်္ကြန်အကြတ်နေ့၌ X2O ရေကစားမဏ္ဍပ်ရှေ့ လက်ပစ်ဗုံး ၃ လုံး ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အဖမ်းခံရသူ နောက်တဦးဖြစ်သည့် တောင်ဒဂုံ ၅၂ ရပ်ကွက်နေ ၂၂ နှစ်အရွယ် ကိုကောင်းမြတ်လှိုင်ကို ယခုလ ၂ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက အီလက်ထရောနစ် ပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့သေးသည်။

ထို့ပြင် သတင်းထောက် ဦးမောင်မောင်ဇေယျနှင့် သားဖြစ်သူ ကိုစည်သူဇေယျတို့ကို ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာများကို ဓာတ်ပုံရိုက်သဖြင့် ထိုဧပြီလအတွင်း ဖမ်းဆီးခဲ့ကာ၊ သားဖြစ်သူကို မင်္ဂလာတောင်ညွန့် တရားရုံးက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထောင်ဒဏ် ၈ နှစ် ချခဲ့သည်။

ကိုစည်သူဇေယျကို လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် အက်ဥပဒေ ၁၃ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ်နှင့် မတရားအသင်းနှင့် ဆက်သွယ်မှု အက်ဥပဒေ ၁၇ (၁) ဖြင့် ၅ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ထပ်တိုး အမှုတမှုဖြင့် တရားစွဲထားသေးသည်။

ဦးမောင်မောင်ဇေယျကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက အီလက်ထရောနစ် ဥပဒေ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ မတရားအသင်းနှင့် ဆက်သွယ်မှုများဖြင့် ယခုလ ၄ ရက်နေ့တွင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ပြီး ဖြစ်သည်။

ဗုံးခွဲတရားခံအဖြစ် ထိုင်း-မြန်မာနယ်စပ် တောတွင်းအခြေစိုက် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ VBSW မှ အဖွဲ့ဝင် ၃ ဦး လက်ချက်ဟု ရဲချုပ်ခင်ရီက ၂ဝ၁ဝ မေလ ၆ ရက်နေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ဗုံးဖောက်ခွဲနိုင်ရေးအတွက် စောင့်ကြည့်ပေးခဲ့သော VBSW အဖွဲ့ဝင်တဦး ဖြစ်သည်ဆိုသော စွပ်စွဲချက်ဖြင့် လျှပ်စစ်အင်ဂျင်နီယာ ကိုဖြိုးဝေအောင်ကို ဖမ်းဆီးထားရာ ယခုအခါ အင်းစိန်ထောင်တွင်းမှာ အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

ကိုဖြိုးဝေအောင်က ပါဝင်ပတ်သက်မှု မရှိဟု ငြင်းဆန်ထားသည်။

No comments: