Sunday, February 20, 2011

(၆၄) နှစ်မြောက် မွန်အမျိုးသားနေ့ ကျင်းပ

ဖြိုးကြီး

ယနေ့ ကျရောက်သည့် (၆၄) နှစ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို မဲဆောက်ဒေသတွင်းရှိ အခြေချနေထိုင်သည့် မွန်တိုင်းရင်းသား အလုပ်သမားများ၊ ပညာသင်ကြားနေသူ လူငယ်များ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ “ဒီနေ့ဟာ ကျနော်တို့ မွန်အမျိုးသားတွေ အထွဋ်အမြတ်ထားတဲ့ နေ့ပါ၊ မွန်အမျိုးသားတွေ ညီညီညွှတ်ညွှတ်နဲ့ စာပေ ယဉ်ကျေးမှုတွေကို ဖော်ထုတ်ဖို့နဲ့ အားလုံးစုစုစည်းစည်း ဆုံတွေ့ခွင့်ရစေရန် ရည်ရွယ်ပြီးလုပ်တာပါ” ဟု အခမ်းနား ပြောရေးဆိုခွင့်ရှိသူ နိုင်ဥဿာက ပြောသည်။

မွန်အမျိုးသားများအနေဖြင့် မိမိတို့၏ အစဉ်အလာကို ထိန်းသိမ်းပြီး မိမိတို့ယဉ်ကျေးမှု၊ စာပေနှင့် အမျိုးသားများ ရသင့်ရထိုက်သည်များအတွက် ဆောင်ရွက်သွားရန်လိုကြောင်း ၎င်းက ဆက်ပြောသည်။

မွန်အမျိုးသားများ စည်းလုံးရေးနှင့်ပတ်သက်၍ “ကျနော့်တို့အားလုံး စည်းလုံးနေရင် ညီညွှတ်နေရင် ဘယ်လို အခြေအနေမှာဘဲဖြစ်ဖြစ် အင်အားရှိနေမယ်ဆိုရင် ကြောက်စရာ မရှိနိုင်ဘူး” ဟု နိုင်ဥဿာက ပြောသည်။

(၆၄) နှစ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့ ညနေပိုင်းကတည်းက စာပေပြိုင်ပွဲများ၊ ကျဘန်းစကားပြောပြိုင်ပွဲများ ကျင်းပခဲ့ပြီး ဆုရရှိသူများကို ယနေ့ နံနက်ပိုင်းတွင် ဆုပေးအပ်ခဲ့သည်။

အခမ်းအနားတွင် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း၊ မွန်ရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး မဲဆောက်ဒေသတွင်းရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသူများနှင့် လူထုအခြေပြု အဖွဲ့အစည်းများမှ ဧည့်ပရိတ်သတ် (၁၀၀၀) ခန့် တက်ရောက်ခဲ့ကြသည်။

No comments: