Tuesday, February 22, 2011

ဗုံးပေါက်ကွဲမှု စွပ်စွဲခံ လူငယ် ၁၁ ဦးကို တရားစွဲ

သန်းထိုက်ဦး Tuesday, 22 February 2011

ပဲခူးတိုင်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးထားသော ကရင်လူငယ် ၁၁ ဦးကို ရန်ကုန် အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ယမန်နေ့က တရားစွဲဆို လိုက်ကြောင်း ယင်းအမှုကို လိုက်လံ ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးကျော်ဟိုးက ဧရာဝတီသို့ ပြောသည်။

တရားစွဲခံထားရသော အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို မတရားသင်း အက်ဥပဒေ ၁၇ (၁)၊ လူဝင်မှုကြီးကြပ်ရေး ပုဒ်မ ၁၃ (၁)၊ ဖောက်ခွဲမှု ပုဒ်မ ၃ (၄) တို့ဖြင့် ဒု ခရိုင် တရားသူကြီး ဦးအုန်းကြွယ်က တရားစွဲဆိုထားခြင်း ဖြစ်သည်။

ယင်း လူငယ် ၁၁ ဦးသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အဖမ်းခံခဲ့ရပြီး စစ်ကြောရေး စခန်းမှတဆင့် အင်းစိန်ထောင်သို့ ရောက်ရှိလာကြောင်း၊ အသက် ၂၀ ကျော် အရွယ်များ ဖြစ်ကြောင်း သိရသည်။ ၎င်းအမှုများကို လာမည့် မတ်လ ၇ ရက်နေ့တွင် ကြားနာရန် ထပ်မံ ချိန်းဆိုလိုက်သည်။

တရားစွဲခံထားရသော လူငယ် ၁၁ ဦးနှင့် ပတ်သက်ပြီး ဖြစ်စဉ် အသေးစိတ်ကို မသိရှိရသေးသကဲ့သို့ ယင်း လူငယ်များနှင့် လည်း မတွေ့ဆုံရသေးကြောင်း ရှေ့နေ ဦးကျော်ဟိုးက ရှင်းပြသည်။

“ကျနော်တို့ အမှုတွဲလည်း မကူးရသေးဘူး။ အမှုသည်နဲ့လည်း သေချာ မတွေ့ရသေးဘူး။ ဒါပေမယ့် ကျနော်သိသလောက်က စောနိုင်ဝင်းရယ်၊ သူ့အစ်မ မအေးနွယ်တို့ ၂ ယောက်ရယ်ကတော့ ဘာနိုင်ငံရေးမှ မလုပ်ဘူးလို့ ပြောတယ်။ ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့လည်း ဘာမှ မသိဘူး။ ပဲခူးမှာ ဗုံး ဘယ်တုန်းက ပေါက်မှန်းတောင် သူတို့ မသိကြဘူး” ဟု သူက ဆိုသည်။

လူငယ် ၁၁ ဦး၏ အမှုများကို လိုက်လံဆောက်ရွက်ပေးရန် အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ရှေ့နေ တချို့ကို အကူ အညီတောင်း၍ ပူးပေါင်းဆောက်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

၂၀၁၀ ဖေဖော်ဝါရီလမှ စတင်၍ ရှမ်းပြည်နယ် လောက်ကိုင်မြို့၊ ရန်ကုန်၊ မြစ်ကြီးနား၊ လွိုင်ကော်၊ သံဖြူဇရပ်၊ ကော့ကရိတ်၊ တောင်ငူ၊ ပဲခူး၊ မူဆယ် စသည့်နေရာ များစွာတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက် နေသည်ဟု စွဲချက်တင် ဖမ်းဆီးထားသော အင်ဂျင်နီယာ ကိုဖြိုးဝေအောင်ကိုလည်း အင်းစိန်ထောင်တွင်း တရားရုံးတွင် စစ်ဆေးမှုများ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း ရှေနေ ဦးကျော်ဟိုးက ဆိုသည်။

ကိုဖြိုးဝေအောင်ကို ထောင်စည်းကမ်း ဖောက်ဖျက်မှု၊ ထောင်အာဏာပိုင်များကို မဟုတ်မမှန် ပြောဆိုမှုများဖြင့် အကြောင်းပြကာ မိသားစုဝင်များနှင့် ဧည့်တွေ့ခွင့်ကို ယခုလ ၄ ရက်နေ့မှ စတင် ၍ ၁ လအကြာ ပိတ်ပင် ထားပြီး စစ်ခွေးတိုက်တွင် ထားရှိကြောင်း သိရသည်။

“ကိုဖြိုးဝေအောင် အမှုကို ဒု ရဲမှူး ဦးဝင်းမောင် ဆက်စစ်တယ်။ သူ့ကို စစ်ခွေးတိုက်မှာ ပိတ်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကျနော် မေးကြည့်တော့ ညွှန်ကြားရေးမှူးချုပ်က လာတွေ့ပြီး စာအုပ်တွေကို ဖတ်ခွင့်ပေးတယ်၊ တံခါးကိုလည်း ဖွင့်ပေးထားတယ်”ဟု ဦးကျော်ဟိုးက ပြောသည်။

သို့သော် မိသားစုနှင့် တွေ့ဆုံခွင့်ကိုမူ ဆက်လက် ပိတ်ပင်ထားဆဲဖြစ်သည်။

သင်္ကြန်ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့်နှစ်က စစ်အစိုးရက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တခုတွင် ကိုဖြိုးဝေ အောင်သည် ထိုင်း-မြန်မာ နယ်စပ်ရှိ စွမ်းအားမြင့် စစ်သည်တော်များအဖွဲ့နှင့် ပတ်သက်ကာ ဗုံးဖောက်ခွဲသူများ အတွက် ပတ်ဝန်းကျင် အခြေအနေကို စောင့်ကြည့်ပေးရသူဖြစ်ကြောင်း ရဲချုပ်ခင်ရီက ပြောဆိုခဲ့သည်။

၎င်း၏ မိသားစုဝင်များကမူ အာဏာပိုင်များက လူမှားဖမ်းခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ကိုဖြိုးဝေအောင်မှာ တာဝန်ယူထားရသော ကန်ထရိုက်လုပ်ငန်းခွင်တွင် ရှိနေကြောင်း ပြောဆိုထားသည်။

No comments: