Sunday, February 20, 2011

အမှန်တရားတွေ ဖုံးကွယ်နေသေးသရွေ့ ဆက်လက်ရှင်သန်နေဦးမည်

စေးရယ်စိုး

၂၀၀၄ ခုနှစ်က ထိုင်း-မြန်မာနယ်စပ်မှာ ကန္တာရ၀တီတိုင်း(မ်) (ကေတီ) ဆိုတဲ့ သတင်းဌာနတစ်ခုကို စတင်ထူထောင်ခဲ့ချိန်က နယ်စပ်မှာရှိတဲ့ ကရင်နီ အသိုင်းအ၀ိုင်းကြားမှာ သတင်းအချက်အလက်များ ရရှိနိုင်ဖို့ A4 ဆိုဒ် စာရွက် လေးငါးရွက်ကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ရုံးချုပ်မှာ တောင်းယူပြီး ထုတ်ခဲ့ရတယ်။

ရုံး၊ ကွန်ပျူတာ၊ ပရင်တာနဲ့ အလှူရှင်များမရှိဘဲ A4 ဆိုဒ် စာရွက်အရွယ်အစားရှိတဲ့ ကေတီ သတင်းစာကို ထုတ်နိုင်ခဲ့ပါတယ်။ မယ်ဟောင်ဆောင်မြို့ပေါ်မှာ NGO လုပ်ငန်းလုပ်နေကြတဲ့ သူငယ်ချင်းရောင်းရင်းတွေ ကူညီပေးခဲ့ကြတဲ့ ဘတ်ငွေ ၁၀၀၊ ၂၀၀ ဟာ ကျနော်တို့အတွက် အင်မတန်မှ တန်ဖိုးရှိတဲ့အပြင် ထိရောက်မှုတွေ ရှိစေခဲ့တာတော့ အမှန်ပါပဲ။

တစ်နှစ် ကျော်လွန်လာခဲ့တဲ့အချိန်မှာ ပရိုပိုစာတွေ စရေးပြီး အလှူရှင်တွေ စတင်ရှာဖွေလာခဲ့ရတယ်။ အလှူရှင်တွေရဲ့ ထောက်ပံ့မှုကြောင့် ရုံး၊ ကွန်ပျူတာ ဖုန်း၊ ကင်မရာ စတဲ့အသုံးအဆောင်တွေနဲ့ ၀န်ထမ်းတွေကို တစ်ဒါဇင်အထိ ခန့်အပ်နိုင်ခဲ့သလို သတင်းစာကိုလည်း A5 ဆိုက် အရွယ်အစားနဲ့ ထုတ်လာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နေ့စဉ်သတင်းတွေကို လွှင့်တင်နိုင်ဖို့အတွက် ကေတီ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကိုလည်း မြန်မာဘာသာ၊ ကရင်နီဘာသာနဲ့ အင်္ဂလိပ်ဘာသာ သုံးမျိုးနဲ့ သတင်းဆောင်းပါးတွေ ထုတ်လွှင့်လာနိုင်ခဲ့တဲ့အတွက် ကေတီရဲ့ စာဖတ်ပရိသတ်ဟာ ပြည်တွင်းအထိသာမက တခြားသော တိုင်းရင်းသားနယ်မြေနဲ့ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ ကရင်နီတိုင်းရင်းသားတွေဆီကိုပါ တိုးချဲ့လာခဲ့ပါတယ်။

ဒါပေမယ့် ယခု ၂၀၁၁ ခုနှစ် ရောက်လာတဲ့အချိန်မှာတော့ အလှူရှင်တွေကနေပြီး ငွေကြေးထောက်ပံ့မှုတွေ ဖြတ်တောက်လာတဲ့အတွက် အခက်အခဲကြားကနေ တဖန် ပြန်လှည်ရုန်းကန် နေကြရပြန်ပါတယ်။ အလှူရှင်တွေရဲ့ ငွေကြေးအထောက်အပံ့ ဖြတ်တောက်မှုကြောင့် ဘဏ္ဍာရေးအခက်အခဲဟာ ကေတီအဖွဲ့ တစ်ဖွဲ့ထဲကိုသာမက တခြားပြည်ပအခြေစိုက် မီဒီယာသတင်းဌာန အတော်များများအပြင် တချို့ လူမှုအခြေပြုအဖွဲ့တွေနဲ့ ဒုက္ခသည်တွေကို အကူအညီ ပေးနေကြတဲ့အဖွဲ့တွေကိုပါ သက်ရောက်မှုတွေ ရှိလာတာကို တွေ့ခဲ့ရပါတယ်။

မြန်မာပြည်မှာ စစ်အစိုးရ ခေါ်ယူကျင်းပတဲ့ ရွေးကောက်ပွဲ စတင်ချိန်ကတည်းက အလှူရှင်တချို့ ကေတီကို အထောက်အပံ့တွေ ရပ်ဆိုင်းဖို့ စဉ်းစားလာခဲ့တာပါ။ ကေတီလို ပြည်ပက မီဒီယာတွေကို ထောက်ပံ့နေမယ့်အစား မြန်မာပြည်တွင်းမှာဝင်ပြီး ဒီငွေတွေကိုသုံးတာ ပိုမိုအကျိုးရှိနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖြတ်တောက်ရတာပါ စသဖြင့် ထုတ်ဖော် ပြောဆိုလာပါတယ်။

ဒီထက် စဉ်းစားစရာဖြစ်နေတာက ပြည်ပက အတိုက်ခံအင်အားစုတွေ အားလျော့လာရေးအတွက် စစ်အစိုးရက ဖိအားပေးမှုတွေ ပြုလုပ်နေချိန်မှာ စစ်အစိုးရလက်ထက်မှာ ပြည်တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေကြတဲ့ အဖွဲ့အစည်းအချို့က ပြည်ပစာနယ်ဇင်းနဲ့ မီဒီယာအဖွဲ့အစည်းတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေအပေါ် အနှုတ်လက္ခဏာဆောင်တဲ့ သဘောထားတွေနဲ့ နိုင်ငံတကာအလှူရှင်တို့ကို ချဉ်းကပ်မှုတွေ ပြုလာတာတွေလည်း ရှိခဲ့ပါတယ်။

မြန်မာပြည်မှာ ရွေးကောက်ပွဲပြီးသွားလို့ စစ်အစိုးရရဲ့ မတရားလုပ်ရပ်တွေကို ရေးသားတင်ပြနေကြတဲ့ ပြည်ပက မြန်မာမီဒီယာ သတင်းအဖွဲ့အစည်းတွေ ဇာတ်သိမ်းဖို့အချိန်တန်ပြီလို့ လိုလိုလားလားရှိနေကြတဲ့ သူတွေရဲ့ ယူဆချက်ဟာ လွဲမှားနေပြီလို့ ဆိုချင်ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက စစ်အစိုးရရဲ့ ပြည်သူလူထုအပေါ် လွဲမှားတဲ့ ပြုမှုဆောင်ရွက်ချက်တွေကို ပြည်ပမှာရှိနေတဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေကသာ ရေးသားတင်ပြနိုင်ခဲ့ကြတာပါ။ ပြည်တွင်းက စာနယ်ဇင်းတွေအနေနဲ့က စစ်အစိုးရရဲ့ လုပ်ရပ်အပေါ် ထုတ်ဖော်ရေးသားပိုင်ခွင့် လုံးဝပိတ်ပင်ထားခြင်းခံနေရပြီး စာပေစိစစ်ရေးရဲ့ လက်အောက်မှာ ပြုသမျှခံနေကြရတာပါ။

အခုလည်း ရွေးကောက်ပွဲ ပြီးသွားပေမယ့်လို့ မြန်မာပြည်မှာ စစ်အစိုးရနဲ့ နှီးနွယ်ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို သတင်းစာနယ်ဇင်းတွေအနေနဲ့ လွတ်လွတ်လပ်လပ် တင်ပြ ရေးသားထုတ်ဖော်နိုင်ဖို့ အခွင့်အလမ်းတွေ လုံးဝမမြင်ရပါဘူး။

မြန်မာနိုင်ငံအရေးကို လေ့လာစောင့်ကြည့်နေကြတဲ့ သူတွေကတော့ ပြီးသွားခဲ့တဲ့ ရွေးကောက်ပွဲကို “တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ” လို့ပဲ အသိအမှတ်ပြု မှတ်ယူနေခဲ့ကြတယ်။ တချို့ကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲဟာ နိုင်ငံရေး ပဋိပက္ခနဲ့ အကျပ်အတည်းတွေကြားကနေ လွတ်မြောက်နိုင်မယ့် လမ်းစတခုလို့ မျှော်လင့်ကြတယ်။

ဒါပေမယ့် ကေတီအနေနဲ့ကျတော့ အဲဒီလိုမမြင်ဘူး။ စစ်အုပ်စုမှ အာဏာ ဆက်လက်တည်မြဲရေးနဲ့ မတရားရယူထားတဲ့ အာဏာကို ဆက်လက် ဆုပ်ကိုင်သွားနိုင်ရေးတို့အတွက် နိုင်ငံတကာအလယ်မှာ ရွေးကောက်ပွဲကို “သရုပ်ပြ ဇာတ်လမ်းတစ်ပုဒ်” အနေဖြင့် ကျင်းပပေးခဲ့တာပါ။ အဲဒီလိုမျိုး ထင်ကြေးပေးထားတဲ့အပေါ်မှာ အလှူရှင်အချို့က ကျနော်တို့ကို မေးခွန်းတွေထုတ်လာပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲပြီးသွားလို့ ကေတီရဲ့ မီဒီယာလုပ်ငန်းကို တက်လာမယ့် အစိုးရသစ်လက်ထက်မှာ တရားဝင်လုပ်ငန်းများ ပြန်လည် လည်ပတ်ဖို့ဆိုတဲ့ အနေအထားဟာ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ ကြည့်ရင် အများကြီး အလှမ်းဝေးနေပါသေးတယ်လို့ ဆိုချင်ပါတယ်။

တက်လာမယ့် အစိုးရသစ်လက်ထက်မှာ မီဒီယာကို စစ်တပ်ကနေပြီး တိုက်ရိုက်ထိန်းချုပ်တဲ့ကိစ္စတွေ ပျော့ပြောင်းလာမယ့် အရိပ်အယောင်မျိုး ပြသလာတာတောင်မှ စစ်အုပ်စုတို့ရဲ့ မျိုးဆက်သစ်တွေ သို့မဟုတ် နောက်လိုက်ကောင်း နိုင်ငံရေးသမားများ၊ သြဇာညောင်း စီးပွားရေးသမားတို့ရဲ့ လက်အောက်မှာ မီဒီယာသမားတွေကို နည်းမျိုးစုံနဲ့ ထိမ်းချုပ်ကွပ်ကဲတဲ့ ပုံစံသစ်တွေ ပေါ်ထွက်လာနိုင်ပါတယ်။

ခြိမ်းခြောက်မှုတွေကို ရှောင်ရှားရင်း သြဇာရှိတဲ့ နိုင်ငံရေးသမား၊ စီးပွားရေးသမားများ၊ ပါတီ၊ အစုအဖွဲ့တို့ကြားမှာ အမှန်တရားကို ရေးသားဖေါ်ထုတ်နေတဲ့ မီဒီယာသမားတွေ ဘက်လိုက်လာတဲ့ အခြေအနေမျိုးကို ဆိုက်ရောက် လာနိုင်ပါတယ်။ အဲဒီအခြေအနေဟာ တိုင်းပြည်က ဖြစ်ရပ်မှန်တွေကို သိချင်ကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူပြည်သားတွေအတွက် ဆုံးရှုံးမှုတွေဖြစ်နိုင်သလို သြဇာအညောင်းခံတဲ့ မီဒီယာသမားတွေ ခေတ်ကြီးမှာ ပြည်သူပြည်သားတွေအချင်းချင်း အကွဲအပြဲတွေ ဖြစ်လာနိုင်ပါတယ်။

မြန်မာပြည်မှာ အဘက်ဘက်မှ လိုလားတင်းတိမ်နိုင်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲလာတာတောင်မှ လူမှုအသိုင်းအ၀ိုင်းမှာ အမှန်တရားတွေကို ဖော်ထုတ်ရေးသားတင်ပြနိုင်ဖို့ မီဒီယာသမားတွေက တိုက်ယူနေရဦးမှာပါ။

ယခုလို စစ်အုပ်စုမှ မတရားရယူထားတဲ့ အာဏာကို ဆက်လက် ထိန်းချုပ်ထားနိုင်သေးတဲ့ အခြေအနေမျိုးမှာ အဖြစ်မှန်နဲ့ အမှန်တရားတွေကို လွတ်လပ်စွာ ရေးသားဖော်ထုတ်နိုင်ဖို့ဆိုတာ အများကြီး အလှမ်းဝေးနေပါတယ်။

ပြည်ပမှာအခြေစိုက်နေကြတဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ ရှင်းရှင်းလေးပါ။ တိုင်းပြည်နဲ့ပတ်သက်တဲ့ အမှန်တရားတွေနဲ့ ဖြစ်ရပ်မှန်တွေကို တဘက်ကမ္ဘာက သိရှိအောင် အချက်အလက်တွေကို စုဆောင်းပြီး သယ်ယူပို့ဆောင်ပေးနေတဲ့ လုပ်ငန်းကို ဆောင်ရွက်ပေးနေကြပါတယ်။ စစ်အုပ်စုက ဖုံးဖိထားလိုတဲ့ ဖြစ်ရပ်မှန်တွေ၊ မှားယွင်းတဲ့ လုပ်ရပ်တွေကိုပါ လွတ်လပ်စွာ ရေးသားတင်ပြနေတဲ့အတွက် ကေတီလို ပြည်ပက မီဒီယာတွေ ချုပ်ငြိမ်းသွားဖို့ စစ်အုပ်စုက လိုလိုလားလား ရှိနေကြတာပါ။

အဖြစ်မှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း ဘက်မလိုက်ဘဲ ရေးသားဖော်ထုတ်တဲ့နေရာမှာ တခါတရံ စစ်အစိုးရအုပ်စုတို့အပြင် လူမှုအသိုင်းအ၀ိုင်းမှာရှိနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုအသင်းအဖွဲ့များနဲ့ အရေးပါတဲ့ လူပုဂ္ဂိုလ်တို့ရဲ့ မှားယွင်းမှုလုပ်ရပ်တွေကိုလည်း ထုတ်ဖော်တင်ပြနေတဲ့အတွက် လွတ်လတ်တဲ့ သတင်းမီဒီယာတွေကို လိုလားမှုမရှိဘဲ ပြစ်တင်ရှုတ်ချတဲ့ အခြေအနေနဲ့လည်း အမြဲတမ်း ရင်ဆိုင်နေရတတ်ပါတယ်။ ကေတီ စတင်ချိန်က KNPP ရုံးချုပ်က စာရွက်စာတမ်း အကူအညီတွေရယူခဲ့ရပေမယ့် KNPP ခြေလှမ်းမှားရင် ဖုံးဖိထားပြီး မတင်ပြဘဲ မနေခဲ့ပါဘူး။

ဘယ်လိုဘဲဖြစ်ဖြစ် ၂၀၀၄ ခုနှစ်ကတည်းက သုညကနေ စတင်ရုန်းကန်လာခဲ့တဲ့ ကေတီဟာ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာနဲ့ ကရင်နီဘာသာတို့ဖြင့်ရေးသားထားတဲ့ နေ့စဉ်သတင်းတွေကိုတင်ပြနိုင်ဖို့ ယခုဆိုရင် အဖွဲ့ရဲ့ကိုယ်ပိုင် ၀က်ဘ်ဆိုက်ရှိနိုင်ခဲ့ပါပြီ။ လစဉ် ပုံနှိပ်သတင်းစာကိုလည်း ထုတ်လုပ်ဖြန့်ချီနိုင်ခဲ့သလို ဝါရှင်တန် အခြေစိုက် လွတ်လပ်တဲ့အာရှအသံမှာလည်း ကရင်နီတိုင်းရင်းသားဘာသာနဲ့ အပတ်စဉ်ထုတ်လွှင့်နိုင်ဖို့ စီစဉ်ထုတ်လုပ်မှုတွေကို လည်းဆောင်ရွက်နိုင်ခဲ့ပါတယ်။

အဆိုပါလှုပ်ရှားမှုတွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ကေတီကို စဉ်ဆက်မပြတ် ကူညီထောက်ပံ့ပေးခဲ့ကြတဲ့ နိုင်ငံတကာအလှူရှင်တွေကို ကေတီအနေဖြင့် အလေးအနက် ကျေးဇူးတင် အသိအမှတ်ပြုပါတယ်။ ယခုအခါမှာ ဘဏ္ဍာရေး အကြပ်အတည်းအရ ၀န်ထမ်းအပြောင်းအလဲနဲ့ ပုံမှန်အစီအစဉ်အချို့ နှောငိ့နှေး ကြန့်ကြာသွားရပေမယ့်လို့ အဖွဲ့အစည်းတစ်ခုလုံး ပျောက်ကွယ် ပြိုကျသွားတဲ့အဆင့်အထိ မရောက်အောင်တော့ ကေတီအနေနဲ့ အတတ်နိုင်ဆုံး ကြိုးပမ်းရုန်းကန်ရမှာပါပဲ။

ခြုံပြောရရင်တော့ ကေတီလိုပြင်ပက မီဒီယာအဖွဲ့အစည်းတွေ ပျောက်ကွယ်သွားစေဖို့ မလိုလားတဲ့အုပ်စုတွေက ကစားကွက်တွေ အမျိုးမျိုးခင်းကျင်းပြီး ဖန်တီးကြပါလိမ့်မယ်။ ဒါပေမယ့် အမှန်တရားတွေကို အမှန်အတိုင်း သတ္တိရှိရှိ ပြောဆိုဖော်ထုတ်နေတဲ့ ကေတီရဲ့ ပရိသတ်တွေရှိနေသရွေ့ ကေတီလို ပြင်ပကမီဒီယာတွေ ဆက်လက်ရှင် သန်နေဦးမှာပါ။

No comments: